HIV ရှိခြင်း/မရှိခြင်းထက် အရည်အချင်းပြည့်ဝသူ တစ်ယောက်ဖြစ်ရန်သာ အမှန်တကယ်လိုအပ်

ဖီးနစ်အဖွဲ့၏ လူမှုရေးဆောင်ရွက်ချက်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းအတွေ့အကြုံများ၊ HIVရောဂါကူးစက်ခံရသော်လည်း ဘဝကိုအရှုံး မပေးဘဲ ကိုယ်ထူကိုယ်ထစိတ်ဓာတ်ဖြင့် ဆက်လက်ရင်ဆိုင်သင့်ကြောင်းနှင့် HIV ရှိခြင်း/မရှိခြင်းထက် အရည်အချင်းပြည့်ဝသူ တစ်ယောက်ဖြစ်ရန်သာ အမှန်တကယ်လိုအပ်ကြောင်း ဖီးနစ်လူမှုစီးပွားရေးအသင်းမှ အဖွဲ့ခေါင်း ဆောင်သီဟကြိုင်၊ အမျိုးသမီးကိုယ်စားလှယ်ဒေါ်ဆွေဆွေကိုနှင့် အုပ်ချုပ်ရေးဆိုင်ရာအရာရှိ ဦးစည်သူဟန်တို့က ပဲ့တင်သံဂျာနယ်သို့ ပြောကြားခဲ့ပါသည်။
ဖီးနစ်ကဖွင့်လှစ်သော shelter တွင် ဆေးကုသမှုခံယူနေသူမသန္တာအောင် (နာမည်လွှဲ)က သူ့အတွေ့အကြုံကို ”ပထမတုန်းက အမျိုးသားက HIV ရှိတယ်ဆိုတာသိရတယ်။ သူတို့က HIV နဲ့ပတ်သတ်ပြီး ဗဟုသုတသိပ်မရှိ ဘူး။ အမျိုးသားကနေမကောင်းဖြစ်ပြီးချောင်းဆိုးတယ်။ ဒီလောက်ပဲလက္ခဏာပြပြီး နောက်ပိုင်းသေသွားတာပဲ။ ကျွန်မကတော့ ဝမ်းခဏဏသွားတယ်။ အဲဒါနဲ့ ရပ်ကွက်ထဲလာတဲ့ ပညာပေးဆရာမတွေကိုမေးတယ်။ သွေးစစ်တော့ ရောဂါပေါ်တယ်။ ကျွန်မအရမ်းစိတ်ဓာတ်ကျသွားတယ်။ သူတို့ကကျွန်မကို ပညာပေးစကား၊ အားပေးစကားပြောပါတယ်။ ဒါပေမဲ့ ရောဂါစပြီးဖြစ်တယ်ဆိုတာသိတာနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ညှဉ်းပန်းခြင်းကိုလည်းခံရတယ်။ ဘေးပတ်ဝန်းကျင်ရဲ့ နှိမ်တာကိုလည်းခံရပါတယ်။ ဘယ်သူတွေ ဘာပြောပြော ငါ့ကိုယ်ငါကျန်းမာအောင်နေမယ်။ ငါဖြစ်ချင်တာကို ငါရ အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တော့ထားပါတယ်။ သာမန်လူလိုနေ ကောင်းအောင်နေပြီး၊ တတ်နိုင်ရာလူမှုရေးကဏ္ဍတွေမှာ လုပ်မယ်လို့တော့ စိတ်ကူးထားပါတယ်။ အခုတော့ ဖီးနစ်ကဖွင့်လှစ်တဲ့ သင်တန်းတွေမှာ ဗဟုသုတရှိအောင် လိုက်ပြီးတက်တယ်။ ကျွန်မရှေ့ဆက် အသက်အများကြီး ရှင်ချင်သေးပါတယ်။ အဲဒီအတွက်ဆေးကိုလည်း မှန်မှန်သောက်ပါတယ်။ ကျန်းမာရေးကောင်းအောင်နေတယ်”ဟု ဖွင့်ဟပြောကြားခဲ့ပါသည်။
အဖွဲ့ခေါင်းဆောင် ဦးသီဟကြိုင်က ” HIV ရောဂါသည်တွေဟာ ဟိုးတုန်းကနဲ့ ဒီနေ့အခြေအနေဟာ မတူတော့ဘူး။ အရင်တုန်းက ကုရာနတ္ထိ ဆေးမရှိဆိုတာ မှန်တယ်။ ဒီနေ့ဒီအချိန်မှာ HIV သည် ထိန်းလို့ရတဲ့ဆေးတွေပေါ်နေပြီ။ မှန်မှန်ကန်ကန် သောက်မယ်ဆိုရင် သက်တမ်းစေ့ နေလို့ရနေပြီ။ HIV ကို အကြောင်းပြချက်တစ်ခုအနေနဲ့ ကိုယ့်ကိုယ်ကို အသနားခံနေမယ်ဆိုရင်တော့ ကိုယ့်ဘဝကိုဆွဲနှစ်နေတာနဲ့အတူတူပဲ။ ကိုယ့်မှာ တကယ်အရည်အချင်းရှိဖို့ပဲလိုတယ်။ HIV က ကိုယ့်အရည်အချင်းတွေ ပျောက်သွားအောင် လုပ်လို့မရဘူး။ ကျန်းမာရေးကိုဂရုမစိုက်မှသာ ကိုယ့်ကျန်းမာရေးကို ထိခိုက် အောင်လုပ်လို့ရတာ။ HIV ရှိခြင်း/မရှိခြင်းထက် အရည်အသွေး ရှိခြင်း/ မရှိခြင်းကသာ အရေးကြီးတယ်။ အရည်အသွေးမရှိရင် HIV မရှိလည်း ဘာမှအသုံးကျမှာမဟုတ်ဘူး။ HIV ရှိတဲ့သူတွေသည် အရည်အသွေးရှိ အောင်လုပ်ပါ။ အခွင့်အလမ်းတွေရအောင်ယူပါ။ ကျောင်းသားတွေဆိုလည်း ကျောင်းပြီးအောင်သင်၊ အွန်လိုင်းကနေပညာရပ်တွေ ဆက်သင်မယ်ဆို လည်းသင်ပါ။ အခွင့်အလမ်းရှိတာ အကုန်လုပ်လို့ရတယ်။ စီးပွားရေး လုပ်နေတဲ့သူလည်း စီးပွားရေးတိုးတက်အောင် ပိုပြီးလုပ်လို့ရတယ်။ အရင် တုန်းကလို HIV ရောဂါကို သနားစရာကောင်းသောရောဂါလို့ မသတ်မှတ် ကြတော့ပါဘူး။ အဲဒီအပေါ်မှာ မသာယာနေကြပါနဲ့။ HIV ရှိနေတာချည်းကို သာတွေးပြီး ကိုယ့်ကိုယ်ကိုယ် ဘဝဆုံးပြီလို့ ခံယူနေမယ်ဆိုရင် အဲဒီအတွေးက ခေတ်နောက်မှာကျန်ခဲ့ပြီ”ဟု တိုက်တွန်းအကြံပေးခဲ့ပါသည်။
PLHIV များအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရန်၊ မိမိဘဝ ကိုယ်တိုင်ဖန်တီးနိုင်စေရန်နှင့် အပြုသဘောဆောင်၊ အကောင်းမြင် နေထိုင်တတ်စေရန်ရည်ရွယ်၍ ဖီးနစ်အဖွဲ့ကို ဖွဲ့စည်းထားပါသည်။ ကျား/မ ခွဲခြားခံရသည့်အကြောင်းများ၊ လိင်အကြမ်းဖက်မှုများ ၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ စီဒေါအကြောင်းနှင့် နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာ ရေးသိသင့်သိထိုက်သည့် ဗဟုသုတများကို ဖီးနစ်ကသင်ကြားပို့ချပေးပါသည်။ လူနေမှုအဆင့်အတန်းမြင့်တက်လာရန်မျှော်မှန်း၍ ရောဂါသည်များ၏ ဘဝကိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရှေ့နေများနှင့်ချိတ်ဆက်၍ ဥပဒေရေးရာနှင့် ပတ်သက်၍ဝေမျှခြင်း၊ ဖိနှိပ်ခံရလျှင်ရှေ့နေများနှင့် ချိတ် ဆက်ပေးခြင်းများ ကိုလည်း ဆောင်ရွက်ပါသည်။
Administration Officer ဦးစည်သူဟန်က ” HIV ဖြစ်ရင် အခုခေတ်က ဆေးကုလို့ရပြီ။ ဆေးကုလို့ရတဲ့ နေရာရှိနေတာကိုလည်း တော်တော်များများလေး သိနေကြပြီ ဆိုတော့၊ အဓိကက စောစောသိအောင် လုပ်ပြီး၊ စောစောကုသမှုယူဖို့ နံပါတ် ၁ အရေးကြီးတယ်။ ကုပေးတဲ့နေရာ ရှိတယ်။ ကိုယ်ကိုယ်တိုင်က ဒီရောဂါရှိတာ/မရှိတာ အရင်သိအောင်လုပ်ပြီး ကုဖို့ အရေးကြီးတယ်။ ပြီးတော့ လူမှုရေးလုပ်ငန်းကို အဖွဲ့အစည်းနဲ့ လုပ်မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ လုပ်ဆောင်တဲ့လုပ်ငန်းက ထိရောက်ဖို့ လိုတယ်။ ဒါတွေက အဖွဲ့အစည်းတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်တွေ ပဲ။ အဖွဲ့တွေဖွဲ့ပြီး ပျက်သွားတယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထိန်းကျောင်းမှု အားနည်းလို့ပါ” ဟု ဝေဖန်သုံးသပ်ခဲ့ပါသည်။
ဖီးနစ်အဖွဲ့သည် ဝေဘာဂီဆေးရုံတွင် လုပ်အားပေးလူနာစောင့် လုပ်ငန်းစတင်ခဲ့ပြီး အဖွဲ့ထွက်ကုန်များအားရောင်းချခြင်း၊ အလှူငွေ ကောက်ခံခြင်း များပြုလုပ်၍ ဘဝတူမိသားစုများ၏ ကလေးများအားကျောင်းစရိတ် ထောက်ပံ့ပေးပါသည်။ ဘဝတူကွန်ရက်များနှင့် ချိတ်ဆက်၍ မြန်မာပေါ့ စတစ်ကွန်ရက်ကို ဖွဲ့စည်းထားပါသည်။ အဖွဲ့ဝင်များအား အရည်အသွေး မြှင့်သင်တန်းများပို့ချခြင်း၊ ဘဝတူများ၊ လူငယ်များအတွက် နွေရာသီ သင်တန်းများဖွင့်လှစ်ခြင်း၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ အဖွဲ့ထွက်ကုန်များအား ရောင်းချခြင်းနှင့် အိမ်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ NGO များ၊ အလှူရှင်များ၊ သံရုံးများမှ လုပ်ငန်းများကို ကူညီပါသည်။ ဗြိတိသျှ သံရုံးက ၂ နှစ်ကို ပေါင် ၂ သိန်းနှင့် ” Save the Children ”က ၂နှစ်ကို ဒေါ်လာတစ်သိန်းလှူဒါန်းပါသည်။ နာဂစ်မုန်တိုင်းဒဏ်ခံရသော မိသားစု များအား ကူညီပေးခဲ့ပါသည်။ ဂီရိမုန်တိုင်းခံရသော ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကျေးရွာ ၁၃ ရွာသို့ အခြားအဖွဲ့များနှင့်အတူသွားရောက်၍ ကူညီမှုများ လုပ်ဆောင်ခဲ့ပါသည်။
စက်ချုပ်လုပ်ငန်းများအပြင် ဆပ်ပြာလုပ်ငန်းများလည်း လုပ်ကိုင်ပါ သည်။ ဆပ်ပြာပြုလုပ်ရာတွင် ဓာတုပစ္စည်းနည်းနိုင်သမျှ နည်းစေရန် ပြုလုပ်ထားပြီး ဓာတုပစ္စည်းဟူ၍ အနံ့သာပါဝင်ပါသည်။ အဆိုပါဆပ်ပြာသည် သဘာဝအသီးအနှံနဲ့ ဆပ်ပြာ လုပ်ထားသောကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီပြီး လူများအတွက်အန္တရာယ်ကင်းပါသည်။ ဆပ်ပြာလုပ်သည့် နည်းပညာများကို ဖီးနစ်ကသင်ကြားပေးပါသည်။ တစ်နိုင်တစ်ပိုင် အရင်းအနှီးဖြင့် ချက်ချင်းငွေရှာနိုင်ပြီး လူကြိုက်များ လှပါသည်။ အဆိုပါလုပ်ငန်း သည် ရင်းထားသည်များကို အလွယ်တကူပြန်ရ၍ အမြတ်လည်း ချက်ချင်းထွက်ပါသည်။ အဆိုပါ လုပ်ငန်းများဖြင့် စီးပွားရေး ထူထူထောင်ထောင် ဖြစ်သွားသူများလည်းရှိသည်။ ဆင်းရဲနွမ်းပါးနှင့် HIV ကူးစက်ခံရသူများ အတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရှာ၍ ကိုယ့်ဝင်ငွေကိုယ်ရှာရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် မိမိ၏ မိသားစုကို ဘဝအခြေနေမြင့်စေရန် နှင့် ပုံမှန်လူတန်းစေ့ဘဝရောက်စေ ရန်ရည်ရွယ်၍ ဖီးနစ်ကအကူအညီ ပေးခြင်းဖြစ်ပါသည်။ ထို့ပြင် လုပ် ငန်းအသေးစားများကို ကူညီဆောင် ရွက်ပေးနေသော UMFCCI နှင့် ချိတ်ဆက်ပေးပါသည်။
၂ဝဝ၂ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၌ နယ်စည်းမထား ဆရာဝန်များအဖွဲ့ ဟော်လန်၏ သဇင်ဆေးခန်းများသည် HIV ရောဂါသည်များအတွက် (ART program) ဆေးကုသမှုစတင်ခဲ့ပြီး၊ ၂ဝဝ၅ ခုနှစ်တွင် ပြန်လည်ထူထောင် ရေးစီမံချက်နှင့် လစဉ်တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ရာ အဆိုပါနှစ် အောက်တို ဘာ ၅ ရက်တွင် အချင်းချင်းကူညီ စောင့်ရှောက်မှုပေးနိုင်ရန် ဖီးနစ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ၂ဝဝ၇-ဝ၈တွင် အခြားမြို့နယ်များရှိ ဘဝတူအဖွဲ့ အစည်းများနှင့် ပေါင်းစုစည်းခဲ့ပါ သည်။ ၂ဝဝ၉-၂ဝ၁ဝ မိတ်ဖက်အဖွဲ့ များနှင့် ပူးပေါင်းလုပ်ဆောင်၍ အဖွဲ့ အစည်းမှတ်ပုံတင်ခဲ့ပါသည်။
ယ-ဝဝ၃

Leave a Reply

Your email address will not be published.