တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရန် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကသာ ဖန်တီးပေးနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၇
၁၉၈၉ ခုနှစ်တွင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အမည်ဖြင့် ၁၉၉ဝ ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ပြီး ခေတ်အဆက်ဆက် နိုင်ငံရေး အခြေအနေများကြောင့် ပါတီ၏လှုပ်ရှားဆောင်ရွက်မှုများ အရှိန်ရပ်တန့်ခဲ့ပြီးနောက် ပြောင်းလဲလာသောနိုင်ငံရေးရေချိန်အရ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် အဆိုပါလားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဟူသောအမည်ကို ဆက်လက်ခံယူ၍ နိုင်ငံရေးစင်မြင့်သို့ ပြန်လည် တက်လှမ်းလာခဲ့ကြောင်းကို ပါတီ၏ဥက္ကဋ္ဌဖြစ်သူ ဦးယောသပ်က ပဲ့တင်သံ၏ ပါတီအသံကဏ္ဍသို့ ပြောဆိုခဲ့သည်။
အဓိကအားဖြင့် လားဟူတစ်မျိုးသားလုံးအား အခြေခံ၍လားဟူ တိုင်းရင်းသားတို့၏ အရေးကိစ္စမှန်သမျှကို ဖော်ဆောင်ရန်နှင့် ပြုစုပျိုး ထောင်ရန်စစ်မှန်သော ဒီမိုကရေစီစနစ်နှင့်အညီ နိုင်ငံသူနိုင်ငံသားတိုင်းအား နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မိမိတို့ပါတီမှ ရည်ရွယ်ချက်ထားရှိကြောင်း ဦယောသပ်က စတင် မိတ်ဆက်ပြောဆို သည်။ လားဟူ တိုင်းရင်းသားများအတွက် ဖက်ဒရယ် ပြည်ထောင်စုဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ”ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့အရာတိုင်းကို တိုင်းရင်းသားတစ်ယောက်အနေနဲ့ လက်ခံတယ်။ ကြိုဆိုတယ်။ အားလုံးသောတိုင်းရင်းသား ပေါင်းစုံအနေနဲ့ ကိုယ့်ပြည်နယ်ရဲ့ အခွင့်အလမ်းကို ကိုယ်တိုင်ဖော်ဆောင် ခွင့်လိုလားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ လိုအပ်ချက်တွေကို ကိုယ်ပိုင်ဖော်ထုတ်ခွင့်ရမှသာ နိုင်ငံတော်ကြီးက ဖွံ့ဖြိုးတိုးတက် လာမယ်လို့ မျှော်လင့်ပါတယ်။ မြို့ကြီးပြကြီးတွေ ဖွံ့ဖြိုးတိုးတက်လာရုံနဲ့ နိုင်ငံတော်ကြီးတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နယ်ခံတွေရဲ့ သဘောထားများကသာ အများကြီးအရေးပါတယ်လို့ မြင် တယ်။ ဒါကို ပေးနိုင်တာ ဖက်ဒရယ်စနစ်ပဲရှိတယ်”ဟု ၄င်းက ဖက်ဒရယ်စနစ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုပြသည်။
မြန်မာနိုင်ငံနှင့်အသားမကျသည့် ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သော အချိုးကျကိုယ်စားပြုစနစ် (PR)နှင့် စပ်လျဉ်း၍ ”အမှန်ကဒီစနစ်ဟာ ကျွန်တော်တို့လို ပါတီငယ်တွေအတွက် ဖြစ်သင့်တဲ့အနေအထားတစ်ခုလို့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ အခုနိုင်ငံတော်ကြီးစပြီး ပြောင်းလဲတဲ့အနေအထားအပေါ်မှာဆိုရင် PR စနစ်ကို နည်းနည်းရှုပ် ထွေးနေသလို မြင်ပါတယ်။ ပြီးခဲ့တဲ့ များသူနိုင်တဲ့စနစ်ကို ကျင့်သုံးတာ တောင်မှ ကြားထဲမှ လှုပ်ရှားသွားတာ အမျိုးမျိုးရှိတယ်ဆိုတော့ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပိုပြီးတော့မှ ရှုပ်ထွေးသွားမလားလို့ မြင်မိပါ တယ်။ မကောင်းတာတော့ မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံတော်မှာရှိနေတဲ့ ပြည်သူလူထုတွေရော သဘောမပေါက်သေးတာလည်း ပါတယ်။ နောက်ပြီး တချို့ပါတီတွေ အနေနဲ့လည်း ဒီစနစ်ကို သဘောမပေါက်သေးတာပါတယ်ပေါ့။ ဒီတော့ PR စနစ်က ကောင်းပေမဲ့ မြန်မာနိုင်ငံနဲ့မသင့်တော် သေးဘူးလို့ မြင်တာပေါ့”ဟု ဦးယောသပ်က သုံးသပ်သည်။
လားဟူတိုင်းရင်းသားတို့နေထိုင်ရာ ဒေသအခြေအနေကို မေးမြန်းရာ ”ကျွန်တော်တို့ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အင်မတန်နည်းနေသေး တယ်။ ဒါတွေကို ဖွံ့ဖြိုးအောင် ကြိုးစားလုပ်ဆောင်မယ်လို့ ရည်ရွယ်ရင်းနဲ့ပဲ ပါတီထောင်ဖြစ်ခဲ့ ကြတာပါ။ ဒီလိုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက အဓိကနံပါတ်တစ်အနေနဲ့အပစ်အခတ်ရပ်စဲဖို့ လိုတာပေါ့။ ငြိမ်းချမ်းမှုရှိမှပဲ တရားဥပဒေစိုးမိုးမှုရှိမှာပါ။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်း တရားဥပဒေစိုးမိုးမှုမရှိရင် ဘယ်လိုမှလုပ်လို့မရဘူးပေါ့နော်”ဟု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်ချက်များကို ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published.