သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း

အစိုးရသစ်၏ သက်တမ်းတစ်ဝက်ကျော်ကာလအတွင်း အခြေခံလူတန်းစားအရေးအတွက် ထိရောက်သောဆောင်ရွက်မှုမျိုး လုပ်ဆောင်မပေး နိုင်သေးခင်ကာလ အရပ်ဘက်လူ့အဖွဲ့အစည်းများက လူမှုအကျိုးပြုလုပ်ငန်းများကို တတ်အားသရွေ့ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
ရှင်ရေးထက်သေရေးက ပိုအရေးကြီးသည်ဟူသောစကားရှိသော်လည်း ယနေ့မျက်မှောက်ခေတ်အနေနှင့်မူ သေသူထက် ကျန်ရစ်သူအရေးခက်သည်ဟူသောစကားဖြင့် ပြောစမှတ်ပြုလာကြ၏။ လူတစ်ယောက်၏ နောက်ဆုံးအချိန်၊ နောက်ဆုံးခရီးတွင် သေသူအတွက် ပူဆွေးသောကရောက်နေသည့် ကျန်ရစ်သူမိသားစုအတွက် တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးရသည်မှာလည်း သေသူအတွက် အကျိုးများသလို ကျန်ရစ်သူအတွက်ပါ အကျိုးများလှသည်။
သို့ရာတွင် အောက်ခြေနင်းပြားနှင့် အခြေခံလူတန်းစားတို့အတွက်မူ သေရေးခက်သလိုနေရေး၌လည်း အခက်ကြုံနေရပြန်ရာ ဆိုခဲ့ပြီးသည့် အတိုင်းအစိုးရသစ်၏ လစ်ဟင်းသော ဆောင်ရွက်ချက်များကို လူမှု ကူညီရေးအသင်းများက နိုင်သည့်ဝန်ဖြင့် ဖြည့်ဆည်းကူညီပေးနေသည်ကို တွေ့ရသည်။
ထူးထူးခြားခြား ကူညီ ထောက်ပံ့ပေးလျက်ရှိသော လူမှုကူညီရေးအသင်းများ၏ ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များအား ပဲ့တင်သံဂျာနယ်မှ အပတ်စဉ်မှတ်တမ်းတင် ဖော်ပြပေးလျက်ရှိရာ ယခုတစ်ပတ်အတွက် ပဲ့တင်သံဂျာနယ်၏ ”အုတ်တစ်ချပ် သဲတစ်ပွင့်ကဏ္ဍ”တွင် စစ်ကိုင်းမြို့၏လူမှုအကျိုးပြု အသင်းကြီးတစ်ခုဖြစ်သော သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေး အသင်းကြီးအကြောင်း ဖော်ပြလိုက်သည်။
သုခကာရီ လူမှုအကျိုးပြုအသင်းကြီးကို ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်က စစ်ကိုင်းမြို့ လေးကျွန်းမြေအုဋ္ဌ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဓမ္မပ္ပီယာလင်္ကာရ ဆရာတော်ဦးဆောင်သော အလုပ်အမှုဆောင်ဆရာတော်များနှင့် မြို့လူထုက သြဝါဒါစရိယဆရာတော်ကြီးများ၏သြဝါဒဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လုပ်အားဒါနပြုကြသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသောအဖွဲ့ ၂ဝ က နေ့စဉ် ၂၄ နာရီ လုံးလုံး သာရေးနာရေးလူမှုရေးမှအစ အရေးပေါ်သွေး လှူဒါန်းရေးကိစ္စများအထိ ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
လူမှုကူညီရေးအသင်းများမှ လူမှုကူညီရေးလုပ်ငန်းများပြုလုပ်ဆောင် ရွက်ကြသည်မှာ အဆန်းမဟုတ်သော်လည်းပဲ စစ်ကိုင်းသုခကာရီအသင်း ကြီး၏ ထူးထူးခြားခြားဆောင်ရွက်ခဲ့သည်များနှင့် ဆောင်ရွက်လျက်ရှိသည်များ၊ ဆောင်ရွက်ရန်ရှိသည်များက ထူးခြားလို့နေပြန်သည်။
စစ်ကိုင်းမြို့ဆိုသည်က စစ်ကိုင်းတိုင်းဒေသကြီး၏ ဒုတိယမြို့တော်ဟုဆိုသော်လည်း မြန်မာနိုင်ငံနယ်မြို့များနည်းတူ သေဆုံးသူတို့၏ နောက်ဆုံး ခရီးပို့ဆောင်ရာသုဿန်အတွင်း မီးသင်္ဂြိုဟ်စက်မရှိဘဲ ယနေ့မျက်မှောက် ခေတ်တိုင်သည်အထိ မြေမြှုပ်သင်္ဂြိုဟ်ခြင်းနှင့်ထင်းပုံမီးရှို့သင်္ဂြိုဟ်ခြင်းများသာရှိသည်။
ရန်ကုန်နှင့်မန္တလေးမြို့တို့တွင်နာရေးကိစ္စအတွက် မီးသင်္ဂြိုဟ်ခပေးရ ငွေမှာ ၈ဝဝဝ ကျပ်မှ ၁၆ဝဝဝကျပ်သာရှိသော်လည်း စစ်ကိုင်းမြို့၏နာမှုကိစ္စအတွက် မီးသင်္ဂြိုဟ်ခမှာ ထင်းအသုံးပြု မီးသင်္ဂြိုဟ်ခအတွက် ၇ဝဝဝဝ ကျော်ကုန်ကျပြီး မဖြစ်မနေမြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် ကုန်ကျငွေမှာလည်း ၃ဝဝဝဝ ကျော်အထိရှိရာ ကုန်ကျစရိတ်အဆမတန် များပြားလွန်း သည်ကို တွေ့ရသည်။
နာမှုကိစ္စအတွက် အခက်အခဲရှိကြသည့်အောက်ခြေနင်းပြားနှင့်အခြေခံ လူတန်းစားများအရေးအထောက်အကူပြုစေရန် ရည်ရွယ်သည့်အသင်းကြီး အနေနှင့် မြို့ပေါ်ရပ်ကွက် ၁၈ ခုမှ မြို့လူထု၏ လှူဒါန်းငွေများဖြင့် စတင်တည်ထောင်ခဲ့ပြီးသည်မှ ဆက်လက်၍လည်းလူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကြရာ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုကူညီရေးကဏ္ဍများလည်း ပါဝင်လာသလို ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ယနေ့အထိ လုပ်ဆောင်လာခဲ့ကြသည်။
မြို့တွင်းမြို့ပြင်ရပ်ကွက်ကျေးရွာအိမ်ထောင်စုတိုင်း၏ နာမှုကိစ္စဖြေရှင်းပေးရာတွင် နာမှုကိစ္စစတင်ပေါ်ပေါက်သည်မှ နောက်ဆုံးခရီးအထိ တိုင်အောင်အထိ ငွေကုန်ကြေးကျအကုန်အကျခံဆောင်ရွက်ပေးပြီး တချို့သောနာရေးရှင်များ မျက်နှာမငယ်ရအောင်လည်း အသုဘခရီးစဉ်အတွင်း အလှူဒါနတချို့တို့ကိုပါ ဆောင်ရွက်ပေးသည်ဟုသိရရာ ထူးခြားသည့် လုပ်ဆောင်မှုတစ်ခုအဖြစ် မြို့လူထုက အသိအမှတ်ပြုကြသည်။
”နာရေးကိစ္စတွေမှာ မြို့ပေါ်ရပ်ကွက်တွေအတွက်သာမကဘဲ အာဂန္တုနာရေးတွေကိုလည်း ဖြေရှင်းပေးရပါတယ်။ ဒီလိုဖြေရှင်းပေးတဲ့အခါမှာလည်း မြို့လုံးဆိုင်ရာအသင်းကြီးတစ်ခုဖြစ်တဲ့အတွက် လှူဒါန်းရရှိငွေနဲ့ မမျှအောင် လုပ်ပေးနေရတဲ့အတွက် တချို့နာရေးရှင်တွေက ကုသိုလ်ရဖို့ ဆိုပြီး ပြန်လည်လှူဒါန်းရင်လည်းလက်ခံရတာမျိုးရှိပါတယ်။ ဆေးရုံမှတ် တမ်း၊ သယ်ပို့စရိတ်အစအဆုံး ကုန်ကျငွေတွေကို အသင်းကနေပဲ စိုက်ထုတ်တာများပါတယ်” ဟုအစချီကာ အသင်း၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍လည်း အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ဆက်လက် ပြောရာတွင် လေးနှစ်တာကာလအတွင်း မော်တော်ယာဉ်မျိုးစုံ ၁၄ စင်းဖြင့် နာရေးကိစ္စများအပါအဝင် လူမှုကယ်ဆယ်ရေး လုပ်ငန်းများ အနေဖြင့် အနယ်နယ်အရပ်ရပ်မှ ရေးဘေးသင့်ပြည်သူများ၊ မီးဘေးသင့်ပြည်သူများ၊ မုန်တိုင်းဒဏ်သင့်ပြည်သူများနှင့် ပဋိပက္ခဘေးသင့်ပြည်သူများထံ ကိုယ်တိုင် ကိုယ်ကျသော်လည်းကောင်း၊ တစ်ဆင့်ခံဖြင့်သော်လည်းကောင်း ကူညီ ထောက်ပံ့ကူညီပေးခဲ့ကြောင်းနှင့် လက်ရှိကာလအထိအရေးပေါ်သွေးလိုအပ်သူများနှင့် ဆေးရုံဆေးပေးခန်းများသို့ လိုအပ်သလောက် သွေးလှူဒါန်းခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း မှတ်တမ်းများနှင့်တကွ ရှင်းပြသည်။
ထို့အပြင် ငွေကြေးချို့တဲ့သောနာမကျန်းလူနာများနှင့်အရေးပေါ်လူနာများအတွက် ဆေးရုံတက်စရိတ်မှအစ ခွဲစိတ်မှုအတွက်ပါထောက်ပံ့ပေးလျက်ရှိပြီး မြို့နယ်ဆေးရုံတချို့၏ လိုအပ်ချက်များကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီ ပံ့ပိုးမှုများနှင့် ဆေးရုံပြောင်းရွှေ့လူနာများအတွက် စစ်ကိုင်းဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ရာတွင် ကူညီဆောင်ရွက်ပေးမှုတို့ရှိကြောင်း သိရသည်။
”သွေးလှူတာနဲ့ပတ်သက်ပြီးပြောရရင် ကျွန်တော်တို့ဆီမှာ ၂၄ နာရီ အဆင့်သင့်ပဲ ဆေးရုံကလိုအပ်သမျှလုပ်ပေးနိုင်တယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက်ကိုလည်း စီမံချက်နဲ့ ခြင်ဆေးဖျန်းတာတွေအပြင် အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေအတွက်ကိုလည်း အိမ်တိုင်ရာရောက်ပို့ ဆောင်ပေးတယ်။ နောက်ပြီးတော့ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ မြွေဆိပ် ဖြေဆေးတွေလည်း လှူဒါန်းခဲ့တာများပြီ။ ခွေးရူးပြန်ကာကွယ်ဆေးက အလုံးသုံးရာကျော်၊ မြွေဆိပ်ဖြေဆေးက ရှစ်ဆယ်ကျော်နဲ့ စစ်ကိုင်းဆေးရုံကိုလည်း အီးစီဂျီစက် တစ်လုံးလှူဒါန်းနိုင်ခဲ့ပြီးပြီ” ဟု အသင်းဥက္ကဋ္ဌက ပြောပါသေးသည်။
လေးနှစ်တာကာလအတွင်း နာရေးအတွက်ယာဉ်ငါးစင်း၊ လူနာတင်ယာဉ်ငါးစင်း၊ အထွေထွေသုံးယာဉ်လေးစင်း၊ အအေးခန်းအခေါင်းသုံးလုံးနှင့် အောက်ဆီဂျင်ဘူး ၁၅ လုံး ပိုင်ဆိုင်ထားသည့်အသင်းအနေဖြင့် တစ်မြို့လုံး အတွက်နှင့် နှိုင်းယှဉ်ပါက ဝန်နှင့်အားမမျှရသည့်အထဲ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များလည်းရှိရာ မတည်ကူညီပေးမည့် အလှူရှင်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
”ပညာရေးကဏ္ဍအတွက် ကျောင်းဆောက်ဖို့မြေနေရာ အဆင်သင့်ရှိပြီးပြီ၊ အဆောက်အအုံလှူဒါန်းပေးမယ့်အလှူရှင်ပဲ လိုနေတာ။ နောက်တစ်ခုက အခမဲ့ဆေးပေးခန်းတစ်ခုလည်း လုပ်ချင်တယ်။ လိုအပ်ချက်ထဲမှာ ဒါက အရေးကြီးဆုံးပဲ၊ ဆေးခန်းလေးတောင်မသွားနိုင်တဲ့လူတွေအတွက် အခမဲ့ ဆေးပေးခန်းတစ်ခုတော့ ရှိသင့်တယ်။ အဆောက်အအုံလိုတယ်။ ဆေး ပဒေသာပင် စိုက်ထူပေးမယ့်အလှူရှင်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ မြို့မှာက ကျွန်တော်တို့အသင်းကြီးအပြင် ရပ်ကွက်အလိုက် လုပ်ဆောင်နေ ကြတဲ့ နာမှုကူညီရေးအသင်းသုံးလေးခုလောက်ပဲရှိတာ တစ်မြို့လုံးအတိုင်းအတာနဲ့ ဆိုရင်မမျှဘူး” ဟု အသင်းဥက္ကဋ္ဌက ရှင်းပြသည်။
အသင်းအနေနှင့် စစ်ကိုင်းမြို့နေလူထု၏လူမှုရေးနှင့် နာရေးကိစ္စများတွင်သာမကဘဲ အနီးအနားမြို့များနှင့် နယ်ဝေးဒေသခရီးသွားများ၏ အခက်အခဲများကိုလည်း နိစ္စဓူဝ ကူညီဖြေရှင်းပေးလျက်ရှိရာ ဖြတ်သန်းခရီးသွားရင်း ကျန်းမာရေးနှင့် နာမှုကိစ္စပေါ်ပေါက်ခဲ့သော ရပ်ဝေးခရီးသွား ဧည့်သည်များကိုလည်း အသင်းပိုင်မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်မှုမျိုး လုပ်ပေးသည်ဟုသိရသည်။
မကြာမီကျရောက်တော့မည့် အသင်းတည်ထောင်ခြင်း လေးနှစ်မြောက်အခမ်းအနားကိုလည်း နှစ်စဉ်ကျင်းပနေသည့်အတိုင်း မြို့ပေါ် ၁၈ ရပ်ကွက် က သက်ကြီးရွယ်အိုသံဃာတော်များ၊ သီလရှင်ဆရာကြီးများနှင့် အဘိုးအဘွားများအတွက် သက်ကြီးပူဇော်ပွဲလုပ်ကြဦးမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ၏ပြောပြချက်အရသိရရာ အသင်းနှစ်ပတ်လည် အတွက်သာမကဘဲ စစ်ကိုင်း တစ်မြို့လုံးအတွက် ဘက်စုံကူညီပေးနေသည့် သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းအတွက် နိုင်ငံတစ်ဝန်းမှ အလှူရှင်များက ကူညီလှူဒါန်းပေးကြရန် ပဲ့တင်သံဂျာနယ်မှ တိုက်တွန်းအပ်ပါသည်။
လှူဒါန်းလိုသူများအနေနှင့် အသင်းတည်ရှိရာ စစ်ကိုင်းမြို့ လေးကျွန်း မြေအုဋ္ဌ်ကျောင်း သုခကာရီကျန်းမာရေး နှင့်လူမှုကူညီရေးအသင်းသို့လည်းကောင်း၊ လေးကျွန်းမြေအုဋ္ဌ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဓမ္မပ္ပီယာ လင်္ကာရ(ဖုန်း -ဝ၉၂၁၃၁ဝ၃၄)နှင့် အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်(ဖုန်း- ဝ၉၆၈၁၉ဝ၃၄)သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဝဝ၉

Leave a Reply

Your email address will not be published.