မန္တလေးမြို့အနောက်ဘက် ဧရာဝတီမြစ်ရိုးက မေတ္တာရှင်များ

မန္တလေးမှာက အလှူအတန်း နှင့်ပတ်သက်လာရင် ကိုယ်တိုင်ကအငတ်ခံပြီး သူတစ်ပါးကိုသာ လှူကြတန်းကြသည်မှာ ယဉ်ကျေးမှုမြို့ တော်ဆိုသည့်အတိုင်း အင်မတန် ဂုဏ်ယူစရာကောင်းသည့် မြို့ခံများ၏စိတ်ဓာတ်တစ်ခုပါ။ ဝါတွင်းသာ မက ဝါပကာလများ၌ပင် မြို့တွင်း မြို့ပြင် လေးပြင်လေးရပ်မှာ နေ့စဉ်တိုင်း၊နံနက်တိုင်းသံဃာတော်များကို ဆွမ်းလောင်းကြ။ လှူစရာတန်းစရာ ရှိ လှူကြတန်းကြ၊ မပြတ်လုပ်လာခဲ့ ကြသည်မှာလည်းသည်နေ့ခေတ် ကာလထိတိုင်အောင်ပါ။
သည့်နေ့ခေတ်မှာ လူမှုရေး အသင်း၊ ပရဟိတအသင်းစသည်ဖြင့် အင်တိုက်အားတိုက်ပေါ်ထွန်း လာပြန်တော့လည်း သံဃာတော်များ အတွက် ဆွမ်းကွမ်းဝေယျာဝစ္စဆို သည်က လိုလေသေးမရှိဖြစ်ရပြန် သည်။
သံဃာ့ဝမ်းစာပြည့်စုံလာသည့် အခါကျတော့ သည်သံဃာတော်များကပဲ ရရှိထားသည့်ဝမ်းစာများထဲကမှ မရှိနွမ်းပါးကူရာမဲ့ဒုက္ခသည်များကို ပြန်လည်ကျွေးမွေးပြုစုစောင့်ရှောက်ကြပြန်သည်။
ဆရာဒကာညီညွတ်မှုအရင်းတည်ပြီး လူမှုအကျိုးပြုလုပ်ငန်းကို လက်တွဲလုပ်ကိုင်လိုကြပြန်တော့ လည်း လူမှုကူညီရေးအသင်း၊ ပရဟိတအသင်းဆိုပြီး ထူထောင်ကြ။ ပြီးတော့ကူညီကြ။ ထောက်ပံ့ကြနှင့် အလှူသံသရာလည်နေပြန်ပေါ့။
မန္တလေးမြို့အနောက်ဘက် အစွန်အဖျားမှာ ဧရာဝတီမြစ်ရိုးနေ ပြည်သူအများစုက မပြေလည်ကြသည်ကများသည်။ ကူညီထောက်ပံ့ပေး ကမ်းမည့်သူဆိုသည်ကလည်း တကယ်တမ်းကျ အလှမ်းကျယ်အလယ်လပ် ဟု ပြောရမည်လား။ နီးလျက်နှင့်ဝေးနေသည်ဟု ပြောရမည်လား။
ဆိုခဲ့ပြီးသည့်အတိုင်းနီးလျက် နှင့်ဝေးနေရရှာသည့် မြစ်ရိုးတစ်လျှောက် နေပြည်သူများအတွက်ဆိုပြီး ချမ်းမြသာစည်မြို့နယ် အတွင်းက ဧရာထွန်းတိုက်တန်းမှာ ဧရာမေတ္တာ ဆိုသည့်လူမှုကူညီရေးအသင်းက နေ့စဉ်နေ့တိုင်း ထမင်းဟင်း ဝေငှပေး ကမ်းနေသည့်မြင်ကွင်းကို ရောက်ဖူး သူတိုင်းမြင်ကြရ။တွေ့ကြရ။ ဝမ်း မြောက်ဝမ်းသာ သာဓုခေါ်ကြရသည့် အတွက်လည်း ပဲ့တင်သံဂျာနယ်က သွားရောက်တွေ့ဆုံမေးမြန်းဖြစ်သည်။ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးက အစိုးရမင်းများနှင့် ပြည်သူများသိအောင် ဖော်ပြချင်တာပါ။
နေ့စဉ်မွန်းတည့် ၁၂ နာရီအချိန်ရောက်တိုင်း မြစ်ရိုးတစ်လျှောက်က ဆင်းရဲနွမ်းပါးသူများကို ထမင်းဖြူနှင့် ဟင်းစုံရြွောပမ်းထားသည့်ဟင်းလျာ ဝေငှသည်ကိုတွေ့ရသည်။ သောက်ရေသုံးရေဝေငှသည်ကို တွေ့ရသည်။ ထမင်းဖြူနှင့်ဟင်းလျာရရှိပုံက အသင်းဦးစီးတည်ထောင်တော်မူသော နာယကချုပ်ဆရာတော် ဓမ္မဓရဝါဆိုကျောင်းတိုက် ဆရာတော်ဓမ္မဓရ ဒေါက်တာအရှင်ကုမာ၏ မိန့်ကြားလမ်းညွှန်မှုအရ ကျောင်းတိုက်သံဃာတော်များ ဆွမ်း ခံရရှိလာသည့်ဆွမ်းဟင်းလျာများဖြင့် ပေးကမ်းလှူဒါန်းခြင်းဖြစ်ပြီး မြစ်ရိုးနေသူများဟုဆိုသော်လည်း သောက် သုံးရေမရရှိကြသည့်ယင်းတို့အတွက် အလှူရှင်တစ်ဦးလှူဒါန်းထားသည့် အဝီစိတွင်းနှင့် ရေစက်အကူအညီ ဖြင့် ရေအလှူဒါနပြုနိုင်ခြင်းဖြစ်သည်ဟု သိရသည်။
လုပ်ဆောင်မှုထူးမြတ်သည့် အဆိုပါ ဧရာမေတ္တာအသင်း၏သမိုင်းကြောင်းနှင့်ပတ်သက်ပြီး ပဲ့တင်သံဂျာနယ်မှ အထူးစိတ်ဝင်စားသဖြင့် ထမင်းဟင်းဝေငှပြီးချိန်၌ အသင်းဥက္ကဋ္ဌအပါအဝင် ကော်မတီတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း ကြည့်ရာ သိရှိရသမျှကို ပြန်လည် တင်ပြရလျှင် အသင်းစတင်ထူထောင်ဖြစ်ပုံက အဆန်းတကြယ် မဟုတ် သော်လည်းဘဲ၊ ရပ်ကွက်အတွင်းက ရပ်မိရပ်ဖဂုဏ်သရေရှိလူကြီးမင်းများစုပေါင်းပြီး ရပ်ကျိုးရွာကျိုးလုပ်ရာ ကနေ နောက်တော့ ကိုးကွယ်ရာ ကြည်ညိုရာ ဆရာတော်တစ်ပါးထံ ချဉ်းကပ်။ နောက်တော့ ဆရာတော့်ဆုံးမသြဝါဒအတိုင်း ဧရာမေတ္တာအမည်ရ လူမှုကူညီရေးအသင်းတစ်ခု ထူထောင်ဖြစ်ခဲ့သည်ကို အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်ဌေးကပြောပြသည်။
မူလရည်ရွယ်ရင်းရှိသည့်အတိုင်း လုပ်ငန်းကဏ္ဍကြီးငါးရပ်လုပ်ရန်အတွက်ဆိုပြီး ကော်မတီငါးရပ်ဖွဲ့ စည်းကာ၊ ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ အသင်းစတင်ထူထောင် စဉ်ကတည်းကပရဟိတလုပ်ငန်းပေါင်းစုံ လုပ်ဆောင်လာခဲ့ရာမှာ စေတနာရှင်လုပ်အားပေးအသင်းသူ အသင်းသားများ ကော်မတီအနေနှင့် ရပ်ဝေးရပ်နီးကနာရေးကိစ္စအဝဝမှာ သေလွန်သည်မှ သင်္ဂြိုဟ်သည်အထိ အပြီးအစီး ငွေကြေးစိုက်ထုတ်ကူညီ ပေးခဲ့ကြသလို သွေးလှူရှင်ကော် မတီအနေနှင့်လည်း ယနေ့အချိန်ထိ သွေးအိတ်ပေါင်း ၄၅ဝ ကျော်အပါ အဝင် အရေးပေါ်လိုအပ်သမျှ မြို့ တွင်းမြို့ပြင်ဆေးရုံ၊ ဆေးပေးခန်းများက အလိုရှိသလောက် သွားရောက် ကူညီလှူဒါန်းပေးခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် အိမ်တိုင်ရာရောက် ကူညီရေးအစီအစဉ်တစ်ရပ်အနေနှင့် မှီခိုရာမဲ့ဘိုးဘွားစောင့်ရှောက်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားရှိရာမှာ စိုက်ထူထားသည့် ငွေပဒေသာပင် အနည်းငယ်မျှနှင့်အတူ အလျဉ်းသင့်သလို ရရှိလာသည့်အလှူငွေ များဖြင့် ကျန်းမာရေးကအစ ပြုစု စောင့်ရှောက်ပေးလျက် ရှိသည်ဟုလည်း သိရပြန်သည်။
ပညာရေးကဏ္ဍအတွက်ဆိုလျှင်လည်း ပညာရေးထောက်ပံ့မှုနှင့် သင်ကြားမှုကော်မတီက တကယ်တမ်းမှာ ပညာသင်ကျောင်းသူ ကျောင်းသားများအတွက်နေ့စဉ် ပညာသင်ကြားမှုအစီအစဉ်များ လုပ်ဆောင်ပေးချင်ပါသော်လည်း တတ် နိုင်သည့်ဝန်ရှိသည့်အင်အားဖြင့်သာ နွေကျောင်းပိတ်ရက်ရှည်များအတွင်း အခြေခံပညာရေးနှင့်ယဉ်ကျေးမှုစာပေများကို သင်ကြားပေးနိုင်သည်။ သည့်အတွက်လည်း စိတ်မကောင်းဖြစ်ရသည်ဟု ဥက္ကဋ္ဌဖြစ်သူက ပြောပြသည်။
အထူးသဖြင့် အသင်း၏ဦးဆောင်မှုအောက်မှာ ကုသိုလ်ဖြစ်အခမဲ့ ဆေးကုခန်းတစ်ခုပီပီပြင်ပြင်ဖွင့် လှစ်လိုသည့်ဆန္ဒရှိရာ လတ်တလော အနေနှင့် မြေနေရာနှင့်ဆရာဝန်အင်အားရှိသော်လည်းပဲ အဆောက်အအုံ မရှိသည့်အတွက် အဆောက်အအုံ ဆောက်လုပ်လှူဒါန်းမည့် အလှူရှင်ကို မျှော်နေရသည်ဟု ဥက္ကဋ္ဌက ပြောပါသေးသည်။
လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ကျန်းမာရေးကူညီစောင့် ရှောက်မှုများနှင့်ပညာရေးအဆင့်မြှင့် တိုးတက်မြင့်မားရေး အတွက် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြသည့် ဧရာမေတ္တာလူမှုကူညီရေးအသင်းအနေနှင့် ဝန်နှင့်အားမမျှသော်လည်းပဲ လက်ရှိအချိန်အထိ နစ်နှစ်တာကာလ အတွင်း နာရေးကူညီမှုအကြိမ် ရေ ၁၅ဝ ခန့်အပါအဝင် အရေးပေါ် လူနာပို့ဆောင်ပေးရသည့် အကြိမ်ပေါင်း ၃၅ဝ ခန့်ရှိပြီဖြစ်ရာ ၄င်း ကိစ္စများအတွက်ကိုလည်း အသင်းဝင်တစ်ထောင်ကျော်ခန့်၏ လစဉ်ထည့်ဝင်လှူဒါန်းငွေများအပါအဝင် အလှူရှင်များ လှူဒါန်းထားသော ရန်ပုံငွေများဖြင့် ဖြေရှင်းခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် အသင်း၏ ထူးထူး ခြားခြား နောက်ထပ်လုပ်ဆောင်ခဲ့ပုံများနှင့် စပ်လျဉ်း၍လည်း လက်ပံတောင်းတောင် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် သံဃာတော်များအပါအဝင်စဉ့်ကူး၊ ကျောက်မြောင်းစသည့် ငလျင်ဘေး သင့်ဒေသများ၊ ရေဘေးသင့်ဒေသများနှင့် မိတ္ထီလာပဋိပက္ခဖြစ်စဉ်များတွင်လည်း လူမျိုးဘာသာ မခွဲခြား ဘဲ ကူညီထောက်ပံ့မှုများလုပ်ပေးခဲ့ သေးသည်ဟု သိရရာ၊ရှိသည့် ဝမ်းစာနှင့် ပေးရသည့်ပမာဏ မမျှတသော်လည်း အဆင်ပြေချောမွေ့သွားသည်သာဖြစ်သည့်အတွက် အံ့မခန်းဖြစ်ရပြန်သည်။
သို့ပါသောကြောင့် အသင်းရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်တွင်းပြည်ပအလှူရှင်များ လိုအပ်လျက်ရှိရာမှာ ယာဉ်နှင့်ယာဉ်အသုံး ပြုရန်အတွက် စက်သုံးဆီကအစအသင်း၏ လုပ်ငန်းကဏ္ဍကြီးငါးရပ်အနက် လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် ကုသိုလ်ဖြစ်အခမဲ့ဆေးကုခန်း ဖြစ်မြောက်ရေးနှင့်အခြေခံပညာ အချိန်ပြည့်သင်ကြားနိုင်ရေးအတွက် ကိုလည်း တက်အားသရွေ့ ပါဝင် လှူဒါန်းပေးကြပါရန်နှင့် ကူညီလှူဒါန်းလိုသူများအနေနှင့်လည်း ဧရာ မေတ္တာလူမှုကူညီရေး အသင်း ကန်တော်ကြီးအနောက် ဧရာထွန်းသံလျှက်မှော်တောင်ရပ်ကွက် ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့ (ဖုန်း ဝ၉၄၄၄ဝ၁၆၆၈ဝ)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပဲ့တင်သံဂျာနယ်မှတစ်ဆင့် တိုက်တွန်းဖော်ပြအပ်ပါသည်။
ဝဝ၉

Leave a Reply

Your email address will not be published.