တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် လိုင်ဇာဆွေးနွေးပွဲ

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လက်နက်ကိုင်တပ်များ အားလုံးပါဝင်လက်မှတ်ရေးထိုးပွဲကို အစိုးရဘက်က ဇူလိုင်လအတွင်းမှာ ကျင်းပရန်ရည်ရွယ်ခဲ့သည်။ သို့သော် လက်နက်ကိုင်အင်အားစုများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီအကြား နှစ် ဖက်ညှိနှိုင်းရင်းဖြင့် ယခုအခါ အောက်တိုဘာလကုန်(သို့မဟုတ်) နိုဝင်ဘာ လဆန်းမှာ ကျင်းပဖို့အထိ ရွှေ့ဆိုင်းလာခဲ့ရသည်။ ယင်းအချိုးအကွေ့ကို နောက်ဆုံး အဆုံးအဖြတ်ပေးမည်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ၏ လိုင်ဇာဆွေးနွေးပွဲဖြစ်နေသည်။ ယင်းဆွေးနွေးပွဲကျင်းပရေးကို ကချင်လွတ်လပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီတို့ အောက်တိုဘာလ ၁ဝရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဆွေးနွေးပွဲမှ သဘောတူညီချက်အရ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
လိုင်ဇာဆွေးနွေးပွဲ
လိုင်ဇာဆွေးနွေးပွဲကို အောက်တိုဘာလ ၃ဝရက်နေ့မှ နိုဝင်ဘာလ ၁ရက်နေ့တိုင်ကျင်းပရန် ကြေညာထားပြီး ပါဝင်တက်ရောက်မည့် လက် နက်ကိုင်အဖွဲ့အစည်း ၁၈ဖွဲ့မှ ခေါင်းဆောင်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရာ လိုင်ဇာမြို့သို့ အသုတ်လိုက်၊ အသုတ်လိုက် ရောက်ရှိလာနေသည်။
ယင်းဆွေးနွေးပွဲတွင် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးအပေါ်ကို လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ အဓိကအဆုံးအဖြတ်ပေးမည့် အင်အားစုသည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ဖွဲ့နှင့် ဖွဲ့စည်းထားသော UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီ ဖြစ်နေသည်။ UNFC အဖွဲ့၏ လက်ရှိဥက္ကဋ္ဌတာဝန်ကို KIO အဖွဲ့မှ ရယူ ထားပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးသိန်းစိန်အစိုးရနှင့် ၂နှစ်ကျော်ကြာ တိုက်ပွဲဆင်နွှဲနေသော အဖွဲ့လည်းဖြစ်သည်။ UNFC အဖွဲ့ဝင်ဖြစ်သည့် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှာလည်း အပစ်အခတ်ရပ် စဲရေးအတွက် ပြေလည်မှုမရသေးပေ။
KNU-RCSS ပူးတွဲကြေညာချက်
လိုင်ဇာဆွေးနွေးပွဲအကြိုကာလမှာ UNFC အဖွဲ့ဝင်ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU နှင့် UNFC အဖွဲ့ဝင်မဟုတ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ယင်းကြေညာချက်တွင် KNU- RCSS က ယခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီထံတင်ပြခဲ့ သော နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များကို ထည့်သွင်းဖော်ပြထားသည်။
ယင်းမူဘောင်များမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာ့တပ်မတော်နှင့်အစိုးရကိုယ်စားလှယ်များပါဝင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲကို ပူးတွဲစီမံခန့်ခွဲရန်၊ ၂ဝ၁၅နောက်ပိုင်း နိုင်ငံရေးဆွေးနွေးရေးကို အာမခံရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် အခြေခံဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ဝင်ငွေခွဲဝေမှု၊ သယံဇာတခွဲဝေမှုစသည့်အရေးကြီးသော အချက်များလည်းပါဝင်သည်။
တစ်ပြည်လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးခဲ့သော အပစ်အခတ်ရပ်စဲရေးကို ပြန်လည်အတည်ပြုရန်၊ ပူးတွဲစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပူးတွဲအပစ်အခတ်ရပ်စဲရေး၊ ဖြစ်ပေါ်လာသည့် ပြဿနာများဖြေရှင်းရန် ပူးတွဲငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရေးတို့ထည့် သွင်းထားသကဲ့သို့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီး ၂လအကြာမှာ နိုင်ငံ ရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန်နှင့် ၄လအတွင်း နိုင်ငံရေးဆွေး နွေးပွဲကျင်းပရန်လည်း ဖော်ပြထားသည်။ တစ်ဆက်တည်းတွင် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးတွင် ပါဝင်လက်မှတ်ရေးထိုးရန်အဆင်သင့် မဖြစ် သေးသည့်အဖွဲ့များကို အဆင်သင့်ဖြစ်ချိန်တွင်မှ ပါဝင်လက်မှတ်ရေးထိုးရန် လည်း ဖော်ပြထားသည်။
KNU နှင့် RCSS က လိုင်ဇာဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး ယင်းသည် KIO အပါအဝင် အခြားတိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့မှခေါင်းဆောင်များကို မူဘောင်များရှင်းလင်းတင်ပြရန် နားလည်မှုနှင့် ချစ်ကြည်မှုတည်ဆောက်ရန် ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
KNU နှင့် RCSS ကတင်ပြထားသော မူကြမ်းသည်၂ဝ၁၂ခုနှစ် စက်တင်ဘာလကကျင်းပသည့် တိုင်းရင်းသားညီလာခံက ချမှတ်ပြီး ယင်း ညီလာခံတွင် ဖွဲ့စည်းသည့်တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ WGEC ကရေးဆွဲခဲ့ခြင်းဖြစ်သည်။ (များမကြာမီ UNFC သည် WGEC မှ နုတ်ထွက်ခဲ့သည်။)ယင်းမူကြမ်းကို KNU နှင့် RCSS က အစိုးရထံ တင်ပြခဲ့ပြီး မြန်မာငြိမ်းချမ်းရေးစင်တာနှင့်ပူးပေါင်းကာထပ်မံပြင်ဆင် ဖြည့်စွက်ရေးဆွဲထားသောမူကြမ်းကို လိုင်ဇာဆွေးနွေးပွဲသို့ တင်ပြမည်ဖြစ် သည်။
KNU နှင့် RCSS ပူးတွဲကြေညာချက်နှင့် UNFC
WGEC မှ နုတ်ထွက်ထားသည့် UNFC အဖွဲ့သည် ၂ဝ၁၃ခုနှစ် ဇူလိုင် လ ၂၉ရက်မှ ၃၁ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်တွင်းနိုင်ငံရေးပါတီများနှင့် ပြည်ပအခြေစိုက် လူမှုအဖွဲ့အစည်းများပူးပေါင်းကာ တိုင်းရင်းသားညီလာခံတစ်ခုကိုကျင်းပခဲ့သည်။ (ယင်းညီလာခံသို့ RCSS က ပါဝင်တက်ရောက်ခြင်းမရှိခဲ့သလို KNU ခေါင်းဆောင်အချို့ကလည်း လက်မခံခဲ့ပေ။)
ယင်းညီလာခံက ဖက်ဒရယ်ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနှင့် ၂ဝဝ၈ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲရေးတို့ကို ဆုံးဖြတ်ခဲ့သည်။ သို့သော် ၂ဝ၁၂ခုနှစ် စက်တင်ဘာလ ပထမအကြိမ်ကျင်းပသော တိုင်းရင်းသားညီလာခံက ချမှတ်ထားသော နိုင်ငံရေးလုပ်ငန်းစဉ်များကိုမူ ပြန်လည်လက်ခံထား သည်။
လောလောဆယ်ကျင်းပမည့် လိုင်ဇာဆွေးနွေးပွဲတွင် KNU နှင့် RCSS က တင်ပြထားသော ၂ဝ၁၂မူကြမ်းနှင့် UNFC မှ ရေးဆွဲထားသော ၂ဝ၁၃ မူကြမ်းတို့ကို ညှိနှိုင်းဆွေးနွေးရန် ရှိနေသည်ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး၂ ဗိုလ်မှူးကြီးခွန် ဥက္ကာက လိုင်ဇာကိုရောက်ရှိလာပြီး နောက်ပြောဆိုထားသည်။
လိုင်ဇာဆွေးနွေးပွဲအလားအလာ
UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ယခုနှစ်စက်တင်ဘာလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွေ့ဆုံပွဲတွင် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးရန်ကို နှစ်ဖက်ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။
UNFC က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် လက်မှတ်ရေးထိုးထားသော်လည်း တိုက်ပွဲများအကြိမ်ရာနှင့်ချီ၍ ဆက်လက် ဖြစ်ပွားနေခြင်းအပေါ် ဝေဖန်ထောက်ပြပြီး တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် လိုအပ်၊ မလိုအပ်ဆိုသည့်အချက်ကို တင်ပြခဲ့သည်။
ထို့ပြင် အောက်တိုဘာလပထမပတ်အတွင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ရှင်းလင်းပြခဲ့သည့် တပ်မတော်၏ မူ၆ ရပ်မှာလည်းမူလပြည်နယ်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးစဉ် မပါဝင်သောအချက်များဖြစ်သည်ဟု ပြောဆိုဆွေးနွေးမှုများရှိနေသည်။
ယင်းတပ်မတော်၏မူ၆ချက်တွင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းများက လူသတ်မှုကျူးလွန်လျှင်၊ အဓမ္မဆက်ကြေးကောက်လျှင်၊ အဓမ္မလူသစ်စုဆောင်းလျှင်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို နှောင့်ယှက်စော်ကားလျှင်၊ ပြည်သူ့စစ်အဖွဲ့များကို နှောင့်ယှက်တိုက်ခိုက်လျှင်၊ ကန့်သတ် နယ်မြေကို ကျော်လွန်ပြီး စစ်ရေးလှုပ်ရှားလျှင် တပ်မတော် အနေဖြင့် အထက်အမိန့်အရ ရှင်းလင်းရမှာဖြစ်ကြောင်းပါရှိသည်။ ယင်းတပ်မတော်၏ မူ၆ ချက်နှင့် ပတ်သက်၍ UNFC က လက်မခံကြောင်း နှစ်ဖက်ဆွေးနွေးပွဲတွင် တင်ပြထားသည်။
ထို့ကြောင့် လိုင်ဇာဆွေးနွေးပွဲတွင် UNFC ကချမှတ်ထားသည့် ၂ဝ၁၃ တိုင်းရင်းသားညီလာခံမှ ထွက်ပေါ်လာခဲ့သည့် အချက်များအပေါ်အခြေ ခံသော တောင်းဆိုချက်အသစ်များလည်း ထပ်မံထွက်ပေါ်လာနိုင်သည်။ (ယင်းမှာ KNU နှင့် RCSS တင်ပြချက်မူကြမ်းနှင့် ညှိနှိုင်းထွက်ပေါ်လာမှုလည်းဖြစ်နိုင်ပါသည်)
သို့မဟုတ် KIO မှ ဆွဲကိုင်ထားသော နိုင်ငံရေးဆွေးနွေးပွဲကို ပထမ အကောင်အထည်ဖော်၍ နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်လျှင် အပစ်အခတ်ရပ်စဲရေးသည် အလိုလိုပေါ်ပေါက်လာမည်ဟူသော တင်ပြချက်သည်လည်း ရှေ့တန်းရောက်ကောင်းရောက်လာနိုင်ပေသည်။ ထိုသို့ဆုံးဖြတ်ပါက တစ်ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသည် ထပ်မံအချိန်ယူဆောင်ရွက်ရမည့် အခြေအနေဖြစ်လာနိုင်ပါသည်။ မည်သို့ဆိုစေ လိုင်ဇာဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များသည် ယင်းဆွေးနွေးပွဲအပြီး အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့်မြစ်ကြီးနားဆွေးနွေးပွဲတွင် ထပ်မံညှိနှိုင်းကြရမည့်အခြေ အနေရှိနေသည်။
KNU နှင့် RCSS သည် အစိုးရက ဖိတ်ခေါ်ထားသည့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲကို (အားလုံးမပါဝင်သည့်တိုင်) ပါဝင်လက်မှတ်ရေးထိုးရန်ရှိနေကြောင်းထုတ်ပြန်ချက်များအရ UNFC အဖွဲ့ဝင်ဖြစ်သည့် KNU ခေါင်းဆောင်ပိုင်းတွင်လည်း သဘောထားကွဲပြားမှုများရှိနေပြီး လိုင်ဇာဆုံးဖြတ်ချက်များကို ပစ်ပယ်၍တစ်ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးချိန်တွင် KNU အဖွဲ့အတွင်းအကွဲ အပြဲများဖြစ်ပေါ်လာနိုင်သည့် အခြေအနေများလည်း ရှိနေသည်။
UNFC အဖွဲ့ဝင်မဟုတ်သော ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့(ခေါ်) အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ် ရေးတပ်မ တော် NDAA ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်)အဖွဲ့များအနေ ဖြင့် လိုင်ဇာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သည့်တိုင် သီးခြားရပ်တည် ချက်များရှိနေသောကြောင့် လိုင်ဇာဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များမှ ကင်းလွတ်၍ အစိုးရနှင့်သီးသန့်ဆွေးနွေးဖွယ်ရှိနေသည်။
လက်ရှိဆွေးနွေးနေသည့် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးတွင် ပါဝင်မည့်အဖွဲ့အစည်းများတွင် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်ထားသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K, National Socialist Council- Nagaland)၊ ကူကီးအမျိုးသားအဖွဲ့ (KNO-Kuki National Organization)၊ ဇိုမီးအမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအဖွဲ့ (ZRO-Zomi Re-Unification Council) များ ကင်းလွတ်နေသည်။ ယင်းအဖွဲ့အစည်းများသည် အိန္ဒိယနိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအဖြစ်ခံယူထားသည့် တိုင်း ရင်းသားများပူးပေါင်းထားသည့် အဖွဲ့ဖြစ်ကာ မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် ခပ်ခွာခွာရပ်တည်နေသော်လည်း တစ်ချိန်တွင်ထည့်သွင်းစဉ်းစားရမည့် အဖွဲ့များဖြစ်နေသည်။
မိုးဇော်

Leave a Reply

Your email address will not be published.