HIV ဝေဒနာသည်များ ဆေးရုံမှစ၍ ပတ်ဝန်းကျင်ထိ ခွဲခြားဆက်ဆံခံနေရ

HIV ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကူညီစောင့်ရှောက်ပေးနေသည့် Rainbow အဖွဲ့ခေါင်းဆောင် မသန္တာက ပဲ့တင်သံဂျာနယ်ကို အဆိုပါအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အခက်အခဲများနှင့် လိုအပ်ချက်များ၊ HIV positive တစ် ယောက်၏ ရင်ဆိုင်ကြုံတွေ့ရသည်များကို ပဲ့တင်သံဂျာနယ်သို့ ဖွင့်ဟပြောကြားခဲ့ပါသည်။
Rainbow အဖွဲ့ခေါင်းဆောင် ဖြစ်သူ မသန္တာကအဆိုပါအဖွဲ့ စတင်ဖွဲ့စည်းဖြစ်ပုံကို ပြောပြရာ မှာ”ကျွန်မက ကလေးကို PMCT (Prevention Mother to Child transmission) နဲ့ မွေးခဲ့တာ။ HIV ကို ကိုယ်ဝန်ရှိမှသိခဲ့ရတာ။ ကလေးလည်း ကျန်းမာတယ်။ လူကြီးလည်း ကျန်းကျန်းမာမာနဲ့ နေနိုင်တယ်ဆိုတဲ့ဟာကို ကျွန်မလိုပဲ HIV ဝေဒနာခံစားနေရသည့် အမျိုးသမီးတွေကို ပြချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ Rainbow ဆိုတာကို စပြီးဖွဲ့ခဲ့တယ်။ အမျိုးသမီးလေးယောက်နဲ့ စပြီးဖွဲ့ခဲ့တယ်။ အခု ၁၅ ယောက်ရှိတယ်။ ကျွန်မတို့ထဲမှာ ရှစ်ယောက်က HIV positive ပါ” ဟု ပြောကြားသည်။
အဆိုပါအဖွဲ့သည် HIV အမျိုးသမီးများ အလုပ်အကိုင်ရရှိရန် ရည်ရွယ်၍ စက်ချုပ်လုပ်ငန်းထူထောင်လာပြီး၊ လုပ်နိုင်စွမ်း မြှင့်တင်ရန် WON(Women’s Organizations Network) နှင့် ချိတ်ဆက်ကာ သင်တန်းနှင့် နည်းပညာပို့ချကြောင်း၊ Rainbow အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများမှာ UNDP ၊ UNAIDS ၊ WON ၊ KWAG ၊ ဖန်တီးအိမ်၊ ရတနာ့မေတ္တာ၊ ဖီးနစ်တို့ ဖြစ်ပါသည်။ Rainbow အဖွဲ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိခင်နှင့်ကလေးဥက္ကဋ္ဌတို့က နာယက အနေနှင့်ပါဝင်ပြီး လှူဒါန်းသူမရှိဘဲ UNDP ကိုသာ အကူအညီတောင်းခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့ကို ၂ဝ၁ဝ ဇွန်လမှစတင်ဖွဲ့စည်းခဲ့ပြီး၊ ကလေးအဝတ်အစားများနှင့် မွေးကင်းစအနှီးများကို ဆေးရုံသို့ ရောင်းချကာ ၄င်းမှ အမြတ်ငွေများဖြင့် HIV ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကူညီစောင့်ရှောက်ရကြောင်း၊ ဆေးရုံတက်ချိန်တွင် သွားရောက်ကြည့် ရှုခြင်း၊ အနှီးနှင့်ကလေးအင်္ကျီများထောက်ပံ့ခြင်း၊ မွေးဖွားပြီး တစ်ပတ်အတွင်း အာဟာရမုန့်၊ အစားအစာ ထောက်ပံ့ခြင်း၊ ဆေးရုံဆင်းပြီးနောက် ၅ လအကြာတွင် အိမ်သို့လိုက်လံကြည့်ရှုခြင်း၊ မုဆိုးမဖြစ်ကျန်ရစ်သူများကိုလည်း အိမ်တွင်းမှု ပညာသင်ပေးခြင်းများကို ဆောင်ရွက်ကြောင်း၊ Rainbow တွင် လုပ်ကိုင်၍ရကြောင်း၊ ချိန်ပေး၍ မလုပ်ကိုင်နိုင်သော်လည်း ၄င်းပညာများ တတ်မြောက်ချင်လျှင်လည်း သင်ပေးကြောင်း၊အဆိုပါ အမျိုးသမီးများအား နီးစပ်ရာနေရာများတွင် အလုပ်ရရန် ကြိုးစားပေး ခြင်း၊ ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း၊ အပြင်ထွက်ရန် မရဲသေးသည့် အမျိုးသမီး များကိုနည်းမျိုးစုံဖြင့် အသိပညာပေး၍ အမြဲတမ်းသူတစ်ပါးအား မမှီခိုရန်၊ အားမကိုးရန် အားပေးနှစ်သိမ့် မှုပြုလုပ်ကြောင်း၊ ရင်ထဲက အသံများ ထုတ်ဖော်ပြောကြားစေရန်နှင့် တစ်ခါတစ်ရံ မျိုသိပ်ထားရသည်များ ပွင့်ထွက်လာစေရန် (sharing cycle) စကားဝိုင်း ဝိုင်းဖွဲ့၍ ရင်ဖွင့်ပြောကြားကြကြောင်း၊ အပြန်အလှန် ဝေမျှကြကြောင်း ပြောကြားသည်။ ဘဝတူ HIV positive ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မသန္တာက ”ကိုယ်မွေးထားတဲ့ သားသမီးအတွက် အသက်ရှင်ပေးရမယ်။ ကောင်းကောင်းမွန်နေပေးမှ ကိုယ့်ကလေးတွေရဲ့ အနာဂတ်ကောင်း မှာ”ဟု တိုက်တွန်းပြောကြားလေ့ ရှိပါသည်။
သွေးလိုအပ်ချိန်တွင်တွေ့ကြုံရသည့်အခက်အခဲများကို ”ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အများဆုံးကြုံတွေ့ရတာက သွေးလိုအပ် တယ်။ ဆေးရုံတွေမှာ သွေးရရှိဖို့ တော်တော်ခက်ခဲတယ်။ ကျွန်မတို့ သွေးလှူရှင်ကို ရှာပေးရတယ်။ သွေးလှူဘဏ်နဲ့ ဆေးရုံမှာ ၂၄ နာရီ သွေးလှူနေတဲ့ လူတွေအများကြီးရှိ တယ်။ ကျွန်မတို့ ကိုယ်တိုင်လည်း မြင်တယ်။ တစ်ခါတလေ လူနာကို ည ၉ နာရီ၊ ၁ဝ နာရီထိ သွားပို့ပေးတဲ့အချိန်မှာ ဘုန်းကြီးတွေကအစ သွေးလှူဘဏ်မှာ သွေးလှူနေတာ ကို တွေ့တယ်။ ဒါပေမဲ့ တကယ့် တကယ် လူနာတွေ သွေးလိုအပ်ချိန်မှာ သွေးမရဘူး။ ရပ်ကွက်ထဲမှာရှိတဲ့လူငယ် သွေးလှူရှင်အဖွဲ့နဲ့ ချိတ်ဆက်ပြီး ကိုယ့်လူနာတွေနဲ့ တိုက ရိုက်ချိတ်ဆက်ပြီး သွေးရဖို့ အလှူခံပေးရတယ်။ အရေးပေါ်ကြုံလာ တဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူး အကူအညီ တောင်းရတယ်”ဟု ဖွင့် ဟခဲ့ပါသည်။
မသန္တာက မိမိကဲ့သို့သောသူများကို သာမန်လူများနှင့် မခွဲခြားဖို့ ကြိုးစားခဲ့ကြောင်း၊ ၂ဝဝ၇ ခုနှစ်တွင် တွေ့ကြုံရသည့် အတွေ့အကြုံအရ ဆရာဝန်များ၊ ပါမောက္ခများက ကျင့်ဝတ်စောင့်ထိန်းသော်လည်း အောက်ခြေဝန်ထမ်းများက နှုတ် စည်းကမ်း မစောင့်ကြကြောင်း၊ ၂ဝ၁၂-၁၃ တွင် အဆိုပါကိစ္စရပ်များ အတော်လေးလျှော့ပါးလာပြီ ဖြစ်ကြောင်း၊ HIV positive ရှိသူများသည် မွေးသည့်နေရာမှစ၍ ခွဲ ခြားဆက်ဆံခံရ၍ သေသည့်နေရာအထိ ကြုံတွေ့ရကြောင်း၊ HIV positive တစ်ဦးသည် အလွန်ဆင်းရဲ ပြီး ရုတ်တရက်ဆုံးသွားကာ ရေဝေးသို့ပို့ချိန်တွင် ဆေးရုံကားငှားရန် ပိုက်ဆံမရှိကြောင်း၊ ဆေးရုံတွင် ဆေးကုသစရိတ်ကြောင့်ရှိသမျှပိုက်ဆံများ ကုန်ခဲ့ပြီး ကူညီပံ့ပိုးသူများ၏ ပိုက်ဆံဖြင့် တက္ကစီငှား၍ အလောင်းကို သယ်ခဲ့သော်လည်း မီးသင်္ဂြိုဟ်စက်ထဲထည့်ရန် မည်သည့်ဝန်ထမ်းကမျှ အလောင်းကို လာမသယ်ကြကြောင်း၊ တွန်းလှည်းကို ကိုယ်တိုင်သွားတွန်း၍ သယ်ခဲ့ရကြောင်း၊ ဘေးကလူလည်း စိတ်မကောင်းဖြစ် ရ၍ မိသားစုဝင်လည်း ကြေကွဲခဲ့ရကြောင်း၊ထိုအချိန်က ကိုယ်ထူကိုယ်ထ အဖွဲ့စဖွဲ့ကာစဖြစ်သည့်အတွက် အဖွဲ့အစည်းများကို အကူအညီ တောင်းရမည်မှန်းမသိကြောင်း၊ အဓိကက အကူအညီတောင်းလျှင်ပိုက်ဆံပေးရမလားဟု စိုးရိမ်ကြောင်း၊ HIVနှင့် သေဆုံးသွားသူကို သာမန်လူများကဲ့သို့ သုံးရက်ထား၍ ရကြောင်း၊ လက်တွေ့တွင် ချက်ချင်းသင်္ဂြိုဟ်ကြကြောင်း၊ ပိုက် ဆံရှိသည့်အသိုင်းအဝိုင်းမှ HIV ရှိသူလည်း လူသိမည်စိုးသည့်အတွက် မြန်မြန်သင်္ဂြိုဟ်ကြကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် လူသိမခံ ဘဲ သင်္ဂြိုဟ်သည်နှင့် HIV positive ဟု တော်တော်များများက ထင်နေကြကြောင်း၊ထို့ပြင် HIV လူနာများသည် ပတ်ဝန်းကျင်တွင် ခွဲခြားခံရကြောင်း ပြောကြားခဲ့ပါသည်။
မသန္တာက HIV ကူးစက်ခံရ ပြီးနောက်ပိုင်း အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းပုံကိုဆက်လက်၍ ”ကျွန်မက အမျိုးသားကတစ်ဆင့် ကူးစက်ခံရတယ်။ အမျိုးသားက ဆေးသုံးစွဲသူ(IDU)ပါ။ ကျွန်မ စဉ်းစားတယ်။ ကိုယ် ဒီလိုမျိုး ဖြစ်ခဲ့ပြီးပြီ။ ဖြစ်ခဲ့တဲ့ဟာကို ဘာမှလုပ်လို့ မရတော့ဘူး။ အကောင်းဆုံးဖြစ်အောင် အသက်ရှိနေတဲ့အချိန်မှာ၊ နောက်ကျန်ရှိနေတဲ့အချိန်လေးမှာ အကောင်းဆုံးဖြစ်အောင် ငါဘာလုပ်နိုင်လဲ။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ အဲလိုမျိုးစဉ်းစားပြီး အားလုံးကို ရင်ဆိုင်တယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ဒဏ်ကို ကျွန်မ ခံခဲ့ရတယ်။ အဲဒီချိန်မှာ ကျွန်မက World AIDS Day လေး လုပ်လိုက်တယ်။ ရပ်ကွက်ထဲက လူတွေကိုလည်း သိစေချင်တယ်။အပြင်က ဘဝတူအမျိုး သမီးတွေနဲ့ WON အဖွဲ့က ဆရာမတွေကို ဖိတ်ပြီး ဒီနားလေးက ဘုရားလေးထဲမှာ အကျဉ်းရုံးလေးလုပ်တယ်။ ပထမတော့ လုပ်ခွင့် မပေးဘူး။ မြို့နယ်ကို စာတင်ပါလို့ အဆင့်ဆင့်တွေနဲ့ လာခြိမ်းခြောက်တယ်။ ဒီရပ်ကွက်ထဲမှာ ဒါမျိုးတွေရှိတယ်လို့ လက်မခံချင်ကြဘူး။ ကျွန်မတို့ကလည်း အသိပညာ ဖွင့်ပေးချင်လို့ ဖြစ်တယ်။ ကိုယ်တိုင်လည်း positive ဖြစ်တဲ့အတွက် positive တွေဟာ အခြားလူတွေနဲ့ ဘယ်လိုနေထိုင်လို့ရလဲ။ ဘယ်လိုပြုပြင်ပြီးနေသွားရင် လူတန်းစေ့နေနိုင်တယ်ဆိုတာ သူတို့ကို သိစေ ချင်တယ်။ ဒါကြောင့်ကျွန်မတို့ အမြင်ဖွင့်ပေးခြင်းဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစုမှာ ဒီလိုမဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ ဒါမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားဘူး။ အခြားသူဆီမှာ ဖြစ်တုန်းက ကိုယ်နဲ့မဆိုင်သလိုနေခဲ့တာ။ ကိုယ်တိုင်ဖြစ်တော့မှ ကိုယ်လည်း ကိုယ်ချင်းစာတတ်တာ။ ကိုယ်နဲ့ ကိုယ့်မိသားစုမှာ ရော ဂါမကူးစက်အောင်၊ လူငယ်များလည်း ကာကွယ်၍ရအောင်၊ ကျွန်မတို့ ပညာပေးအနေနဲ့ အဲဒီပွဲလေးကို လုပ်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြော ကြားခဲ့ပါသည်။
အဆိုပါပွဲမှ အောင်မြင်မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဥက္ကဋ္ဌတွေက နားလည်မှုပေးလာ ကာ စိတ်ဝင်စားလာကြကြောင်း၊ သာမန်လူတစ်ယောက် မလုပ်နိုင်သည့် အလုပ်များကို positive တစ်ယောက်က လုပ်နေပါလားဟု ကောင်းသည့်ဘက်မှ မြင်ပေးကြကြောင်း၊ သူတို့ မသန္တာအား အားပေးလာပြီး အကူအညီနှင့်အကြံ ဥာဏ်များပါပေး၍ ပါဝင်လာကြ ကြောင်း ပြောကြားခဲ့ပါသည်။
Rainbow အဖွဲ့အနေဖြင့် ရုံးခန်းတစ်ခန်းသာရလျှင် ပိုအဆင်ပြေနိုင်ကြောင်း၊ မိမိ၏အိမ်တွင်လုပ်နေရသည့်အတွက် အဝေးတွင် နေထိုင်သူများသည် မလာနိုင်ကြောင်း၊ အလုပ်တောင်းသူအချို့သည် နယ်မှာနေထိုင်သည့်အတွက် ရန်ကုန်မှာ နေ စရာနေရာ မရှိကြောင်း၊ထို့ကြောင့် Shelter များလိုအပ်ကြောင်း၊ Shelter ရှိသည့်အဖွဲ့များနှင့် ချိတ်ဆက်၍ရ လျှင် နေရာတစ်နေရာ လိုချင် ကြောင်း၊ ထိုနေရာများတွင် HIV ခံစားနေရသူများအားထားပေးပါက မိမိကတော့ အလုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်ချုပ် လုံးဝမတတ်သေးသည့် အမျိုသမီးများကိုလည်း သင်ပေးမည်ဖြစ်ကြောင်း၊ ရှေ့ဆက် လုပ်ငန်းစဉ်များအနေဖြင့် အမျိုးသမီး တော်တော်များများကို ကိုယ်တိုင်ဆိုင်ဖွင့်နိုင်အောင် စက်ချုပ်သင်တန်း ပေးမည်ဖြစ်ကြောင်း၊ ဦးဆောင်ဖြေရှင်းနိုင်သူတစ်ယောက်ဖြစ်လာ အောင်လည်းလုပ်ပေးချင်ကြောင်း၊ ထို့ပြင် မိခင်များက Rainbow တွင် စက်ချုပ်လာလုပ်ကြလျှင် ရင်ခွင်ပိုက်မူကြိုကျောင်းသဘောမျိုး သူတို့ကလေးများကို ထိန်းပေးရန် ကျောင်းဖွင့်လိုကြောင်း ပဲ့တင်သံသို့ ပြောကြားခဲ့ပါသည်။
ယ-ဝဝ၃

Leave a Reply

Your email address will not be published.