နာမည်ကြီးနေပြီဆိုသည်ကို မခံစားလိုက်ရသည့် လားရှိုးသိန်းအောင် အမေစု ပြန်လာပြီ သီချင်းကို သမိုင်းဝင်သီချင်းအဖြစ် ထားရစ်ခဲ့ချင်

မကြာခင်ကာလအတွင်း အမေရိကန်ပြည်ထောင်စုကို ပြန်လည်ထွက်ခွာတော့မည့် လာရှိုးသိန်းအောင်က မြန်မာပြည် ပရိသတ်များအား နှုတ်ဆက်မည့် နှုတ်မဆက်နဲ့ငိုချင်တယ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၃ ဇူလိုင်(၂၀) ရက်တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်သည်။
လားရှိုးသိန်းအောင်သည် ယုံကြည်ချက်တစ်ခုဖြင့် ၁၉၇၂ ခုနှစ်ကတည်းက ပြည်ပနိုင်ငံကို ထွက်သွားခဲ့ခြင်းဖြစ်သောကြောင့် မြန်မာပြည်နှင့် နှစ်ပေါင်းလေးဆယ်ကျော် ဝေးကွာနေခဲ့သူဖြစ်သည်။ ဇော်ဝင်းထွဋ်နှင့်စိုးနိုင်ထွန်း (အီကြာကွေး) တို့က လားရှိုးသိန်းအောင်အား မြန်မာပြည်သို့ရောက်ရှိအောင် စီစဉ်ခဲ့ပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ပွဲ စီစဉ်ပေးခဲ့ကြသည်။ ပြည်ပရောက် အနုပညာရှင်အချို့အား မြန်မာပြည်သို့ ပြန်လည်ခေါ်ယူပြီး ဖျော်ဖြေပွဲများ စီစဉ်ဖြစ်ပုံနဲ့ပတ်သက်၍ ကျွန်တော်လွန်ခဲ့တဲ့လေးငါးနှစ်အထိ နိုင်ငံခြားတွေမှာ သွားဆိုခဲ့တယ်။ တစ်ကမ္ဘာလုံးနီးပါးပတ်ပြီးဆိုခဲ့တာ။ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ ဟိုလူတွေက ကျွန်တော်တို့ကို မတွေ့ရတာကြာပြီလေ၊ ကျွန်တော်တို့ကိုတွေ့တော့ အရမ်းပျော်ကြတယ်။ ကိုယ်တိုင်ကကွဲနေတဲ့ ဆွေမျိုးတွေ ပြန်တွေ့ရသလိုဝမ်းသာတယ်။ အဲဒီလိုဆိုတော့ ဟိုမှာအကြာကြီး ရောက်နေတဲ့ အဆိုတော်တွေ ဒီကို ပြန်ရောက်လာရင် ကျွန်တော့်လို ပီတိမျိုးရစေချင်တယ်။ ဒီရောက်လာရင် ဒီကလူတွေက ဘယ်လို ကြိုဆိုလဲ၊ ဘယ်လိုပျော်လဲဆိုတာ ပြချင်တာပါ။ ကိုသိန်းတန်(မြန်မာပြည်သိန်းတန်)က စတာပေါ့။ ဟိုမှာသူတို့ဆိုခဲ့တဲ့ ပွဲတွေ ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဖြစ်သလိုပဲ၊ ရတဲ့အခန်းလေးနဲ့အဆင်ပြေသလိုပဲ စီစဉ်ရတာကိုး။ ဒီမှာလို အုတ်အော် သောင်းနင်းဖြစ်အောင် လုပ်ဖို့မလွယ်ပါဘူး။ လားရှိုးသိန်းအောင်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ သိပ်မသိဘူး။ သူနာမည် ကြီးတဲ့အချိန်မှာ သူ ဒီမှာမရှိတော့ဘူး။ အဆက်အသွယ်လည်း လုံးဝမရှိဘူး။ မြန်မာပြည်သိန်းတန်ပွဲပြီးတော့မှ ကြားထဲက တစ်ယောက်က လားရှိုးသိန်းအောင်လာရင် ဘာလုပ်ပေးနိုင်လဲဆိုတော့၊ လာရင်ဘယ်သူလာလာကူညီမယ်။ ပွဲလုပ်ချင်တာ၊ တီးဝိုင်းပစ္စည်းတွေလိုချင် စီစဉ်ပေးမယ်၊ ကူညီပေးမယ်လို့ပြောလိုက်တယ်။ နောက်မှ လားရှိုးသိန်းအောင်နဲ့တိုက်ရိုက် ဖုန်းပြောတော့ ဘယ်လိုလာရမလဲမေးတယ်။ မှတ်ပုံတင်မရှိဘူး၊ ပတ်စ်ပို့မရှိဘူး။ ဘာမှမရှိတဲ့ လူတစ်ယောက်ကိုအာမခံနဲ့ ကျွန်တော် ခေါ်လိုက်တာ၊ လာခဲ့ ကျွန်တော် တာဝန်ယူတယ်ဆိုပြီးလေ ဆိပ်မှာသွားကြိုတယ်။ မှတ်ပုံတင်ရအောင်၊ ပတ်စ်ပို့ရအောင်လုပ်ပြီး ပြန်ပို့ပေးရမယ့်တာဝန်ကျန်သေးတယ် ဟု ဇော်ဝင်းထွဋ်က ဆိုသည်။
လားရှိုးသိန်းအောင်သည် ၁၉၇၂ ခုနှစ်ကတည်းက ယုံကြည်ချက်ဖြင့် ပြည်ပသို့ ထွက်ခွာသွားသူဖြစ်သည်။ နိုင်ငံရေး ယုံကြည်ချက်ဖြင့် ပြည်ပသို့ထွက်ခွာသွားသူ လားရှိုးသိန်းအောင်အား မြန်မာပြည်တွင်း ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်သည့်အခါ ကြုံတွေ့ရသည့် စိန်ခေါ်မှုနှင့်ပတ်သက်ပြီး အဲဒီအချိန်တုန်းက ပြည်ပြေးပုံစံနဲ့ထွက်သွားခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်တို့တိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကအများကြီးပဲလေ၊ သူက ‘ဝ’တို့၊ ကိုးကန့်တို့ဘက် အဖွဲ့အစည်းကပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင်မပြေတော့ ဒီဘက်ကိုအလင်း ဝင်တဲ့သူကဝင်မယ်။ မဝင်တဲ့သူက တောခိုနဲ့နှစ်ခြမ်းကွဲသွားတာ။ သူကတော့ ထွက်သွားတဲ့အထဲမှာပါတာကိုး။ ထွက်သွားတော့ ဒီကို ပြန်လာ လို့မှမရတာ။ အဆင်ပြေတဲ့နေရာ ရေကြည်ရာမြက်နုရာ သွားရတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပေါ်လစီကပြောင်းသွားပြီ၊ အမျိုးသားရင်ကြားစေ့တဲ့ကိစ္စ၊ ပြန်လည်ပေါင်းစည်းစေတယ်ဆိုတာမျိုးရှိတော့ ကျွန်တော်တစ်တပ်တစ်အားပါတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံ သား၊ ကိုယ့်တိုင်းပြည်ကို အချိန်မရွေး ပြန်လာလို့ရမယ်၊ ပြန်ကိုလာရမယ်။ ရအောင် ကျွန်တော် ကူညီမယ်။ သူလာရင် ဘာဖြစ်ဖြစ် ကျွန်တော် ရင်ဆိုင်လို့ရတယ်။ ပြောစရာရှိ ကျွန်တော်ဝင်ပြောမယ်ဆိုပြီး မှန်တာတစ်ခုကို ကျွန်တော်လုပ်တာလေ၊ မှန်တာလုပ်တဲ့အတွက်ဘာမှ မှားတာတွေ ဖြစ်လာစရာအကြောင်း မရှိဘူးလို့ယုံကြည်တယ် ဟု ဇော်ဝင်းထွဋ်ကဆိုသည်။
လားရှိုးသိန်းအောင်သည် ဇူလိုင် ၂၀ ရက်တွင် ပြုလုပ်မည့်ဖျော်ဖြေပွဲ၌ သီချင်းပုဒ်ရေ ၃၀ နီးပါး ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားသည်။ လားရှိုးသိန်းအောင် ပြည်ပရောက်ရှိချိန်တွင် ရေးသားထားသည့် သီချင်းသစ် အချို့ထည့်သွင်းဖျော်ဖြေမည် ဖြစ်သည်။ အမိမြေကထွက်သွားပြီးတဲ့နောက်ပိုင်း ရေးထားတဲ့သီချင်းတွေအများကြီးရှိတယ်။ တစ်မျိုးတစ်ဖုံပေါ့ဗျာ၊ ကျွန်တော်ဒီကထွက်သွားတော့ ယုံကြည်ချက်တစ်ခုနဲ့ထွက်သွားတာ၊ အဲဒီတော့ တစ်ဘက်က ဖြစ်ပျက်တဲ့အဖြစ်အပျက်၊ အတွေ့အကြုံလေးတွေ၊ တချို့က တကယ်သနားဖို့ကောင်းတဲ့ အကြောင်းအရာတွေရေးပါတယ်။ တချို့ကတော့ နိုင်ငံရေး သီချင်းတွေဖြစ်တဲ့အတွက် မဆိုပါရစေနဲ့လို့ပြောထားတယ်၊ အချစ်သီချင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်ဘဝ၊ ကျွန်တော့် ခံစားချက်လေးတွေ၊ တွေ့ကြုံလာတာတွေကို ကောက်ကောက်ရေးသွားတယ်။ တချို့ကတော့ ဥပမာ-အမေဒေါ်စုပြန်လာပြီ သီချင်းက ကျွန်တော် ၁၅ မိနစ်အတွင်းနဲ့ပဲရေးပြီး၊ အသံသွင်းပြီး အင်တာနက်ပေါ်တင်လိုက်တယ်။ ဘယ်လိုဖြစ်မလဲဆိုတာ မသိခင်က တင်လိုက်တယ်။ အခုတော့ သမိုင်းဝင်သွားပြီဆိုတော့ အဲဒီသီချင်းကို သမိုင်းထဲမှာပဲ ထားခဲ့ပါရစေ ဟု လားရှိုးသိန်းအောင်က သီချင်းသစ် အချို့နှင့်ပတ်သက်ပြီးပြောသည်။
လားရှိုးသိန်းအောင်သည် ယခု အသက်အရွယ်အချိန်အထိ သီချင်းပုဒ်ရေများစွာအား အချိန်ကြာကြာ သီဆိုနိုင်သေးသည်။ သီချင်းများစွာအား သီဆိုနိုင်သည်နှင့်ပတ်သက်ပြီး ကျွန်တော်ထင်တာက ပြည်သူလူထုရဲ့ပို့သတဲ့မေတ္တာကြောင့် ဒီနေ့ဒီရက် အထိရှင်သန်နေတယ်။ ဆိုနိုင်တယ်ဆိုတာက ဝါသနာပါတာတစ်ခု၊ ကျွန်တော့်ကိုအားကိုးနေတဲ့လူငယ်တွေ၊ ကြည့်ရှုနေတဲ့ လူငယ်တွေကို စံနမူနာပြတဲ့အနေနဲ့ကတစ်ကြောင်း၊ ကျွန်တော်တို့ခေတ်ကအဆိုကျော်တွေက အနုပညာလောကကြီးကို ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတာ ပြချင်တယ်။ မူးယစ်ဆေးဝါး ကျွန်တော်လုံးဝမလုပ်ခဲ့ဘူး။ ဒီနေ့ဒီရက်အထိ ညနေတိုင်း နွားနို့တစ်ခွက်သောက်တယ် ဟု လားရှိုးသိန်းအောင်က ပြောသည်။ အနုပညာရှင်တချို့က မူးယစ်ဆေးဝါးအား အနုပညာ ဖန်တီးမှုတွင် အထောက်အကူတစ်ခုပြုနိုင်ရန်သုံးစွဲကြသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး သူတို့ကို ဘာလုပ်ပါ၊ ဘာလုပ်သင့်တယ်ဆိုတာမျိုးကို အတင်းအဓမ္မပြောလို့မရဘူး။ မေတ္တာရပ်ခံလို့တော့ရတာပေါ့၊ မဖြစ်သင့်တာတွေ ကြိုပြီး မြင်တယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာထိခိုက်မယ့် အလုပ်မျိုးဆိုလုံးဝမလုပ်တာ အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်။ ဆရာရယ်၊ မိဘရယ်၊ လူငယ်တွေရယ် တြိဂံပုံစံပေါင်းပြီး၊ ဝိုင်းဝန်းပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်ရှုစောင်မသွားမယ် ဆိုရင် ကျွန်တော်တို့တိုင်းပြည်က တိုးတက်ဖို့အများကြီးရှိပါတယ် ဟု လားရှိုးသိန်းအောင်က ဆိုသည်။
လားရှိုးသိန်းအောင်သည် မြန်မာပြည်မှထွက်ခွာသွားစဉ်၌ ပရိသတ်အားပေးမှုရရှိလိမ့်မည်ဟု မထင်ထားပေ။ ကျွန်တော် မြန်မာပြည်ကနေထွက်ခွာချိန် အနုပညာလောကမှာ ဒီလို နာမည်ကြီးမယ်လို့ မထင်ခဲ့ဘူး။ ၁၉၇၂ ခုနှစ်က ထွက်သွားတုန်းက လုံးဝနာမည်မကြီးသေးဘူးလို့ထင်တယ်။ တစ်ဖက်နိုင်ငံရောက်သွားတော့ ယိုးဒယားကိုရောက်မှနာမည်ကြီးနေပါလားလို့ သိတယ်။ နာမည်ကြီးတဲ့ခံစားချက်ကို မခံစားလိုက်ရတဲ့အတွက် ဒီနေ့ဒီအချိန်အထိ ဘဝင်မမြင့်ဘူးလို့ထင်တယ်။ အခု နောက်ပိုင်း လူငယ်တွေအားလုံးကိုပြောချင်တာက ကိုယ့်တိုင်းပြည်ရဲ့သိက္ခာ၊ ကိုယ့်မိဘညီအစ်ကိုမောင်နှမတွေရဲ့မျက်နှာ ထောက်ပြီး ဘာပဲလုပ်လုပ် သတိတရားနဲ့ ငါးပါးသီလစောင့်ထိန်းပြီး လုပ်သွားကြမယ်ဆိုရင် ကျွန်တော်တို့အမိနိုင်ငံက အရမ်း ပျော်စရာကောင်းမယ်လို့ထင်တယ် ဟု လားရှိုးသိန်းအောင်က ဆိုသည်။
ဝ၁၅

Leave a Reply

Your email address will not be published.