ခေါင်းပေါင်း(ဇ)နှင့် လူများ

ခေါင်း(ဂေါင်း) န-၁၊ သတ္တဝါတို့တွင် မျက်စိ၊ နား၊ နှာခေါင်း၊ ဦးနှောက် စသည်တို့တည်ရှိရာ ကိုယ်အစိတ်အပိုင်း။ ၂။ တစ်စုံ တစ်ရာ၏ထိပ်ပိုင်း၊ ရှေ့ပိုင်း။
ပေါင်း၊ ကြိ-၁၊ ရောနှောသည်။ ၂။ အဖော်အဖက်ပြုသည်။ ၃။ ဦးခေါင်းကို ပဝါစသည်ဖြင့်ရစ်ပတ်သည်။
ဗီဇ(ဇ)၊ န-၁၊ မျိုးစေ့။ ၂။ မျိုးရိုး။ ၃။ ပင်ကိုစရိုက်။ ၄။ မိန်းမအင်္ဂါ။
အထက်ပါအဓိပ္ပာယ်သတ်မှတ်ချက်များကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ ဦးစီးဌာန၊ ခရီးဆောင် မြန်မာအဘိဓာန်စာအုပ်မှ ရယူထားခြင်းဖြစ်သည်။ ဆက်လက်၍ လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။
ခေါင်းပေါင်း/ ဂေါင်းဗောင်း/ န-၁၊ ဦးခေါင်းကို ရစ်ပတ်ထားသော ပဝါ။ ၂။ ပိုးပဝါဖြင့် အသင့်ပေါင်းထားသော အမျိုးသားခေါင်းဆောင်း အဆင်တန်ဆာ။
ခေါင်းပေါင်းစ/ ဂေါင်းဗောင်းဇာ/ န-ခေါင်းပေါင်း၏ အစွန်းအမြိတ်။
ယခုတလော ဖတ်ရှုရသော သတင်းဂျာနယ်များတွင် ခေါင်းကိုင်ဖခင်ကြီး၏ ကျန်းမာရေးအခြေအနေ အဆိုးအကောင်း၊ အကြီးအမှူးတစ်ဦးဖြစ်သူ၏ မျက်ကလူးဆန်ပျာ အပြေးအလွှား သတင်းမေးမြန်းခစားဝင်ရောက်ခြင်း၊ အဖွဲ့အစည်းကြီးတစ်ခုအတွင်း၌ ကွဲပြားနေသော ခေါင်းမာဂိုဏ်းနှင့် ခေါင်းပျော့ဂိုဏ်း ရပ်တည်မှု၊ အချိန်ရသရွေ့ လက်ညှိုးထောင် ခေါင်းညိတ်၊ ပုံဆွဲ၊ ဂိမ်းကစား၊ ငိုက်မြည်းရုံသာ တတ်နိုင်ကြရှာသော ခေါင်းပေါင်းစ တလူလူနှင့် ပုဂ္ဂိုလ်ကြီး၊ လတ်၊ ငယ်များအကြောင်း၊ ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင် အောင်းလိုသော အော်ပရာဇာတ်လမ်းဇာတ်ကွက်များ၊ အချိုးကျ ဝေမျှစားသောက်ကြရေးစနစ်နှင့် သူတစ်လူ ငါတစ်မင်း ဖြစ်ချင်တိုင်းဖြစ်၍နေသော သတင်းအစအနများမှာ ယခုလို မိုးရာသီကာလ အိမ်အပြင်ထွက်ရန် ခက်ခဲသောအခါသမယများနှင့် လူအများ၏စိတ်ကို အငြီးတော်ဖြေ၍ အပျင်းတော်ပြေစေနိုင်သော အကြောင်းအရာများဖြစ်သည်။
ငယ်သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးသည်။ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း အသီးသီးအောင်မြင်ပြီးကြ၍ သက်ဆိုင်ရာ တက္ကသိုလ်များသို့ တက်ရောက်ရစဉ်ကပင် ထိုသူငယ်ချင်း၏ ခေါင်းပေါင်းစအိပ်မက် အကြောင်း ကြားသိနေခဲ့ရသည်။ ယခုအခါတွင်တော့ ထိုချစ်စွာသော ငယ်သူငယ်ချင်းသည် သူရည်မှန်းထားသည့်အတိုင်း ခရိုင်အဆင့် ခေါင်းပေါင်းစတစ်ဦးအဖြစ် ယင်းအဖွဲ့အစည်းတစ်ခု၌ ဟန်ကျပန်ကျနေရာရ၍နေပြီဖြစ်သည်။
နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်ခန့်ဝေးကွာနေကြသော သူငယ်ချင်းများ ပြန်လည်ဆုံစည်းကြသည့် ညစာစားပွဲတစ်ခု၌ ထိုသူငယ်ချင်းသည် သူငယ်ချင်းအားလုံးအား သူပါဝင်ပတ်သက်နေသော အဖွဲ့အစည်းအကြောင်းကို လုံးဝ ဝေဖန်လေကန်ကဲ့ရဲ့ခြင်း မပြုကြရန်နှင့် လူဆိုသည်မှာ သူ့အိပ်မက်နှင့်သူ၊ သူ့မျှော်လင့်ချက်နှင့်သူ၊ သူ့ရပိုင်ခွင့်နှင့်သူဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ ကျိုးနွံသေဝပ်စွာ ပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည့်အတွက် ယခုလိုသူ နေရာရခြင်းဖြစ်ကြောင်းတို့ကို ရေပက်မဝင်ပြောဆိုကာ သူငယ်ချင်းများအားလုံး မစုံလင်မီမှာပင် (အထူးသဖြင့် ခပ်စွာစွာ စာရေးဆရာ ငယ်သူငယ်ချင်းမရောက်လာမီ)အစောဆုံးပြန်၍ သွားလေသည်။ များမကြာမီ ကျင်းပမည့်ငယ်ဆရာ၊ ဆရာမများ ကန်တော့ပွဲအခမ်းအနား၌လည်း တိုင်းရေးပြည်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပရဟိတ ဘက်ပေါင်းစုံ၌ စွမ်းသမျှ ဆောင်ရွက်လျက်ရှိသော ငယ်သူငယ်ချင်းတစ်ဦး သေချာပေါက် အခမ်းအနား တက်ရောက် မည်ဖြစ်ကြောင်းကြားသိရသောအခါ ထိုခေါင်းပေါင်းစနှင့် ငယ်သူငယ်ချင်းသည် ဆင်ဖြူ့မျက်နှာ ဆင်မည်း မကြည့်ဝံ့သကဲ့သို့ အားငယ်စိုးရွံ့မှုများဖြင့် ကန်တော့ပွဲအခမ်းအနားသို့ မတက်ရောက်ဘဲ ရှိလေသည်။
တကယ်တော့ ခေါင်းပေါင်းစနှင့် လူအများအားလုံးသည် ကျွန်တော့်ငယ်သူငယ်ချင်းကဲ့သို့ ပေါင်းရသင်းရ ခက်လှသလို ကိုယ့်ဘက်က အဖြောင့်၊ သူတို့ဘက်က အကောက်မို့ မည်သို့မျှ ချိတ်ဆက်ဖို့ရာ မလွယ်ကူခြင်းလည်း ဖြစ်နိုင်ပါသည်။ ခေါင်းပေါင်းစများ ပါဝင်ပတ်သက်သည့် အချို့သောကိစ္စရပ်များသည် ရယ်စရာကောင်းလှပါသည်။
၄၊ ဇူလိုင်၊ ၂၀၁၃၊ ကြာသပတေးနေ့၊ အတွဲ ၃၊ အမှတ် ၁၅၂၊ ပြည်သူ့ခေတ်ဂျာနယ်၌ ဆရာမောင်ဝံသ၏ ပြောချင်လွန်းလို့ အပတ်စဉ်ကဏ္ဍတွင် ပင့်သက်ကြီးချမိ ဟူသည့် ခေါင်းစီးငယ်ဖြင့် ရေးသားထားချက်မှာ-
ပြည်ထောင်စုအစိုးရဝန်ကြီးဌာနတစ်ခုရဲ့ တင်ဒါရွေးချယ်မှုကို နက်ဖြန်လို ထုတ်ပြန်ကြေညာတော့မယ်အလုပ်မှာ ပြည်သူ့လွှတ်တော်က ရွှေ့ဆိုင်းပေးဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်လာတော့ ကျွန်တော့်မှာ ဆင်ဝန်ကတော် ကြောင့်ကြ ဖြစ်ပြီး အင်တာနက်ကို ၂၄ နာရီဖွင့်ထားကာ နောက်ဆက်တွဲသတင်းတွေကို နားစွင့်နေရပါတယ်။ ပြေလည်သွားပြီဆိုတော့မှ ပင့်သက်ကြီး ချမိကြောင်းပါဗျာ ဟူ၍ ဖြစ်ပါသည်။
ထို့အပြင် ယင်းဂျာနယ်စာမျက်နှာ ၁၃ ဆက်သွယ်ရေးအော်ပရေတာရွေးချယ်မှု ဆက်သွယ်ရေးဝန်ကြီး ရှင်းလင်းဟူသည့် သတင်း၌လည်း-
ဇွန် ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးဆွေက ဆက်သွယ်ရေးဥပဒေကို သီးခြားဥပဒေတစ်ခု ပြဌာန်းပြီးမှ နိုင်ငံခြား၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေကို ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကန်ထရိုက်တင်ဒါခေါ်ဖို့၊ လုပ်ငန်းအပ်နှံဖို့ အရေးကြီးအဆိုတင်ခဲ့ရာမှာ အဆိုအောင်မြင်ခဲ့ပါတယ် ဟူ၍ ဖတ်ရှုရပြီး-
အမျိုးသားစီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးနဲ့ တင်ဒါရွေးချယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ဇွန် ၂၇ ရက်နေ့ ညနေ ၅ နာရီမှာ ထုတ်ပြန်ကြေညာတဲ့အခါ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်အောင်မြင်သူတွေအဖြစ် နော်ဝေအခြေစိုက် တယ်လီနော် မိုဘိုင်းလ်ဆက်သွယ်ရေးကုမ္ပဏီ (Telenor Mobile Communication) နဲ့ ကာတာအခြေစိုက် အော်ရီဒူး (Ooredoo) ကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း ဟူ၍ တစ်ဆက်တည်း ဖော်ပြထားချက်ကိုလည်း ဖတ်ရှုရပါသည်။
တစ်ဖန် ယင်းဂျာနယ်စာမျက်နှာ ၁၉ ဆောင်းပါးရှင် ကိုရွှေအောင် ၏ အရေးကြီးအဆို ဆက်သွယ်ရေးတင်ဒါနဲ့ ပွင့်လင်းမြင်သာမှု ဆောင်းပါး သတင်းတွေက စကားပြောနေတယ် ခေါင်းစီးငယ်အောက်တွင် ရေးသားဖော်ပြချက်မှာ-
အရေးတကြီး အဆိုကို တင်ဒါမဖွင့်ခင် တစ်ရက်အလိုမှာ ကပ်ပြီး လွှတ်တော်မှာ တင်လိုက်တာက တင်ဒါမအောင်တဲ့ ခရိုနီတွေက လွှတ်တော်ကော်မတီကို အသုံးချပြီး ကဖျက်ယဖျက်လုပ်လိုက်တာလားလို့ တွေးမိတဲ့အကြောင်း ပြောလိုက်တာပါ။ ဇွန်လ ၂၇ ရက်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှာ သတင်းဖော်ပြထားပုံကြည့်ပါ။ ဆက်သွယ်ရေးဥပဒေပြဌာန်းပြီးမှ ကုမ္ပဏီရွေးချယ်တာဝန်ပေးရန် အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူ လို့ သတင်းခေါင်းစဉ်တပ် ရေးသားဖော်ပြပါတယ်။ သတင်းထဲမှာ အရေးအကြီးဆုံးအဆိုကို အစအဆုံးဖော်ပြထားပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့အပြောနဲ့ အခုလို သတင်းအဆုံးသတ်ထားပါတယ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်တွင်းကုမ္ပဏီတွေကို သပ်သပ်၊ ပြည်ပကုမ္ပဏီတွေကို သပ်သပ် တာဝန်ပေးမယ်ဆိုခြင်းသည် ဝါးမျိုသွားမယ်ဆိုတဲ့ သဘောပါပါတယ်။ တကယ်တမ်းတော့ ဝါးမျိုသွားမှာ မဟုတ်ပါဘူး။ ပြည်တွင်းကုမ္ပဏီတွေ ပြုတ်သွားပြီး ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းကို ပြည်ပကုမ္ပဏီများကပဲ လုပ်သွားနိုင်မယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ် လို့ သုံးသပ်ပြောကြားပြီး အဆိုအား ကန့်ကွက်မယ့်သူ ရှိပါသလားဟု မေးမြန်းရာ ကန့်ကွက်သူမရှိ ယင်းအဆိုအောင်မြင်ခဲ့သည်
ဒီသတင်းဘေးမှာပဲ နောက်တစ်ပုဒ်ဖော်ပြထားပါတယ်။ ဇွန်လ ၂၇ ရက်တွင် ချထားပေးမည့်ပုဂ္ဂလိကဆက်သွယ်ရေး အော်ပရေတာလုပ်ကိုင်ခွင့်ဆိုင်းငံ့ လို့ ခေါင်းစဉ်တပ်ရေးထားပြီး သတင်းထဲမှာ တောင်ဥက္က လာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့ သဘောထားမှတ်ချက် ထည့်ရေးပါတယ်
ဦးအောင်သိန်းလင်းက ဒီလုပ်ငန်းက လုပ်ကိုင်ခွင့်ရလိုက်ရင် တစ်သက်လုံး အလုပ်လုပ်လို့ရတယ်။ အကျိုးအမြတ်လည်း များတယ်။ ပြည်ပကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ရရင် ပြည်တွင်းကုမ္ပဏီတွေ နစ်နာတာပေါ့။ ပြည်ပကုမ္ပဏီတွေက အရင်းအနှီး၊ အတွေးအကြုံ၊ နည်းပညာပိုသာပေမဲ့ ကိုယ့်ပြည်တွင်းက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ရရှိပြီး အကျိုးအမြတ်တွေ ရစေချင် တယ်လို့ ပြောထားတာပါ ဟူ၍ ဖြစ်သည်။
မိုးတအေးအေး ရာသီဆွေး၌ အိမ်ထဲကွေးရင်း သတင်းများဖြင့် ကမ္ဘာပတ်ရာက အီလယ်လယ် အဆုံးသတ်သွားသော ဒေါက်တာ ဆိတ်ဖွား ပြဿနာနှင့် ပိုင်ဆိုင်မှုများကို ထုတ်ပြန်ကြေညာဖို့ရာ အဆိုပျက်ပြယ်သွားသည့် ခေါင်းပေါင်းစရပ်ဝန်း၌ ဗီဇ ဟူသည် မျိုးစေ့၊ မျိုးရိုး၊ ပင်ကိုစရိုက်၊ မိန်းမအင်္ဂါဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော ခရီးဆောင်မြန်မာအဘိဓာန်ကို လှန်လှော ကြည့်ရှုရင်း နောက်ထပ်ပေါ်ပေါက်လာနိုင်သည့် မယောင်ရာဆီလူး အရေးကြီးအဆိုများနှင့် အီလယ်လယ်နှင့်ပင် အဆုံးသတ်သွားမည့် အရှုပ်ဇာတ်များ အကြောင်းကိုသာ ကြိုတင်မှန်းဆမြင်ယောင်နေမိပါတော့သည်။
ညီမင်းညို

Leave a Reply

Your email address will not be published.