ချမ်းမြေ့ပရဟိတသီလရှင်သင်ပညာရေးကျောင်း(မုံရွာမြို့)

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးအရှေ့ ဘက်တွင်တည်ရှိသော သဒ္ဓမ္မပါလချမ်းမြေ့ သီလရှင်စာသင်တိုက်တွင် ဖွင့်လှစ်ထားသည့် ”ချမ်းမြေ့ပရဟိတသီလရှင် သင်ပညာရေးကျောင်း” သည် မိဘမဲ့နှင့်ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားသီလရှင်လေးများ၊ ကျောင်းသားကျောင်းသူလေးများကို တာဝန်ယူလက်ခံပြီး ထိန်းသိမ်းစောင့်ရှောက် ပညာသင်ကြားပေးလျက်ရှိသည့် သီလရှင်သင်ပညာရေးကျောင်းနှင့် မိဘမဲ့ပရဟိတကျောင်းတစ်ကျောင်းဖြစ်သည်။
၁၉၉၇ခုနှစ်၊ မေလတွင် နယ်စပ်တောင်တန်းသာသနာပြုဆရာကြီး ဒေါ်ပဏ္ဍိတမဉ္ဇရီကတည်ထောင်၍ တောင်ပေါ်တိုင်းရင်းသား သီလရှင်၊ ကျောင်းသားကျောင်းသူ ၂၅ ဦးကို စတင်လက်ခံကာ ”ပရဟိတကျောင်း” အဖြစ်ဖွင့်လှစ်ခဲ့ပြီး ဆရာကြီးဒေါ်စရဏဥာရီ (အရှေ့လယ် တီ)နှင့်အတူ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ ရာမှ စတင်ခဲ့သည်ဟုသိရှိရသည်။ လက်ရှိတွင်ဆရာကြီး ဒေါ်ပဏ္ဍိတမဉ္ဇရီမှာ တောင်တန်းဒေသများတွင် သွားရောက်သာသနာပြုလျက်ရှိသဖြင့် ဆရာကြီး ဒေါ်စရဏဥာရီက အခြားသီလရှင် (၆)ပါးနှင့်အတူ တာဝန်ယူကြီးကြပ်လျက်ရှိသည်။
အဆိုပါ ပရဟိတကျောင်းကိုတည်ထောင်ရသည့် ရည်ရွယ်ချက်(၅) ရပ်နှင့် စပ်လျဉ်းပြီးလည်း သီလရှင်ဆရာကြီးက ယခုကဲ့သို့ဆိုသည်
” မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးကလေးတွေကို စိတ်အားငယ်ညှိုးနွမ်းမနေစေဘဲ ဘဝရည်မှန်းချက် ပန်းတိုင်ကို တက်ကြွကစွာလျှောက်လှမ်းနိုင်ဖို့ စိတ်ခွန်အားဖြည့်တင်းပေးနိုင်ဖို့ကပထမအချက်ပါ။ နောက်အချက်တွေက ဆင်းရဲချမ်းသာမရွေး ကလေးတိုင်းအတန်းပညာနဲ့စက်မှု လက်မှုအသက်မွေး ပညာတတ်မြောက်စေဖို့။ ဗုဒ္ဓအဆုံးအမများကို ထိတွေ့ရင်းနှီးပြီး ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ပြီး တည်ငြိမ်အေးချမ်းတဲ့ လူ့ဘောင်ကို ဖန်တီးနိုင်စေဖို့။ တိုင်းပြည်၊ လူမျိုး၊ ဘာသာသာသနာရဲ့တန်ဖိုးကို သဘောပေါက်ထိန်းသိမ်းတတ်စေဖို့၊ ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အမျိုးဘာသာသာသနာနဲ့ နိုင်ငံတော်အကျိုး သယ်ပိုးဆောင်ရွက်လိုတဲ့ သားကောင်းသမီးကောင်းရတနာတွေမွေးထုတ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ငါးရပ်နဲ့ တည်ထောင်ခဲ့တာပါ”။
၂ဝဝ၈ ခုနှစ်မှ စတင်ပြီး ခုနစ်တန်းအထိပညာသင်ကြားပေးသည့် သီလရှင်သင်ပညာရေးကျောင်းကို စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းရှိ သီလရှင် များ၊ ကျောင်းသားကျောင်းသူများသာမကကျောင်းတိုက်အနီးဝန်းကျင်ရှိ ကျောင်းသားကျောင်းသူများပါ တက်ရောက်သင်ယူလာကြကြောင်း သိရှိရသည်။ လက်ရှိတွင် ကျောင်း၌ တာဝန်ယူလက်ခံထားသည့် မူလတန်း၊ အလယ်တန်းအရွယ်ကျောင်းသူနှင့် သီလရှင်အရေအတွက်မှာ ၅၆ ဦးရှိပြီး ကျောင်းသား ၉ ဦးနှင့် စုစုပေါင်း ၆၅ ဦးရှိကြောင်း သိရှိရသည်။ ပြင်ပမှ လာရောက်ပညာသင်ယူနေကြသည့် ကျောင်းသားကျောင်းသူများမှာ အယောက် ၈ဝ ခန့်ရှိရာ အဆိုပါပညာရေးကျောင်းတွင် ကျောင်းသား ကျောင်းသူ အယောက်တစ်ရာကျော် ပညာသင်ယူလျက်ရှိသည်။ သင်ကြားပေးသည့် ဆရာဆရာမများမှာ စေတနာအလျောက် ပံ့ပိုးကြသူများဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှ စတင်ကာ အစိုးရမှ ဆရာမငါးဦးစာ လခထောက်ပံ့ပေးကြောင်း သီလရှင်ဆရာကြီးကဆိုပါသည်။
”ကျောင်းသူတွေကတော့ အများဆုံးကနာဂတိုင်းရင်းသူလေးတွေများပါတယ်။ နောက် ကချင်၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ဗမာတိုင်းရင်းသား ကျောင်းသူလေးတွေလည်းရှိပါတယ်။ ကျောင်းသားတွေကတော့အစက လက်ခံဖို့ မရှိပါဘူး။ ဒါပေမဲ့ ကျောင်းကိုရောက်လာတဲ့ ကျောင်းသူလေးတွေနဲ့ မောင်နှမတွေဆိုတော့ လက်ခံထား လိုက်တာပါပဲ”။
ကျောင်း၏ရပ်တည်မှုနှင့်ပတ်သတ်ပြီးရန်ပုံငွေရှာဖွေသည့် အပိုင်းကိုလည်း ဆရာကြီး ဒေါ်စရဏဥာဏီက ပဲ့တင်သံကို ယခုကဲ့သို့ ပြောပြ သည်။
”အရင်တုန်းကတော့ ဆရာလေးတို့အနေနဲ့ ရန်ပုံငွေပိုင်းက အတော်လေး ခက်ခဲတာပေါ့လေ။ ကျောင်းကလည်း လူသိပ်မသိသေးတော့ အလှူ ရှင်လည်း နည်းတယ်လေ။ မြို့ထဲမှာ ဆရာလေးတို့တစ်ပတ်နှစ်ရက် ဆွမ်းဆန်အလှူခံထွက်လို့ ရတာလေးတွေနဲ့ပဲလည်ပတ်ရတာပေါ့။ အဲဒီမှာလည်း အခက်အခဲတွေက ကြုံခဲ့ရသေးတယ်။ ကျောင်းက မြို့ထဲနဲ့ဝေးတော့ သွားရလာရခက်ခဲတယ်လေ။ သိပ်မနှံ့စပ်ဘူးပေါ့။ ခုနောက်ပိုင်းတော့ တစ်စတစ်စအလှူရှင်တွေပေါ်လာတာပေါ့။ ဆွမ်းဆန်ခံဖို့ကားလည်း ဝယ်လိုက်နိုင်ပြီဆိုတော့ မြို့ထဲနားလောက်ထိဆရာလေးတွေကို လိုက်ပို့ နိုင်တော့သူတို့လည်း မြို့ထဲမှာနှံ့နှံ့စပ်စပ်ဆွမ်းဆန်ခံနိုင်တာပေါ့။ အဲဒီလို သွားရင်းနဲ့ ဆရာလေးတို့ကျောင်းလေးအကြောင်း လက်ကမ်းစာစောင်တွေ ဝေတာမျိုးတွေလုပ်ရတယ်။ တချို့ ဆေးကုမ္ပဏီကြီးတွေကလည်း လစဉ်ထောက်ပံ့နေတာမျိုးတွေရှိလာတယ်။ တခြားအလှူရှင်တွေကလည်း ပညာ ရေးပဒေသာပင်၊ ကျန်းမာရေးပဒေသာပင်အစရှိသဖြင့် လှူဒါန်းလာကြတာတွေ ရှိတော့ အသက်ရှူချောင်လာတာပေါ့”။
ပရဟိတကျောင်းတွင်လက်ခံထားပြီး အစိုးရအထက်တန်းကျောင်းများတွင် ကျောင်းအပ်ပေးရသည့် အထက်တန်းကျောင်းသူအရေအတွက်မှာ စုစုပေါင်း ၂၁ ယောက်ရှိပြီး ယင်းကျောင်းသူများအတွက် ပညာရေး အသုံးစရိတ် တစ်နှစ်တာပျမ်းမျှသုံးသိန်းခန့်လည်း ကုန်ကျလျက်ရှိကြောင်း သိရှိရသည်။
ကျောင်း၌ လက်ခံထားသည့် မိဘမဲ့၊ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူလေးများအား နေ့စဉ်ကျွေးမွေးရသည့် အာဟာရများအတွက် သီလရှင်ကျောင်းရန်ပုံငွေဖြင့်သာ လည်ပတ်ပြီးတစ်လတွင် ဆယ့်ငါးရက်ခန့် အလှူရှင်များရှိသည်ဟုသိရှိရသည်။ ထို့ကြောင့် စေတနာသဒ္ဓါတရားထက်သန်စွာ အာဟာရဒါနပြုလိုသူများအနေဖြင့် ထမင်းတစ်နပ်စာ (၁၃ဝဝဝဝိ/) တစ်သိန်းသုံးသောင်းကျပ်၊ တစ်နေ့လုံးစာ (၁၈ဝဝဝဝိ/) တစ်သိန်းရှစ်သောင်းကျပ်တို့ဖြင့် ကုသိုလ်ယူနိုင်ပါကြောင်း သီလရှင်ဆရာ ကြီးက ဆိုသည်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့အတွက် ငွေပင်ငွေရင်းစိုက်ထူပေးခြင်းဖြင့်ဖြစ်စေ၊ လစဉ် အရစ်ကျစနစ်ဖြင့် နှစ်ထောင်ကျပ်၊ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ်အစရှိသဖြင့် ထောက် ပံ့ခြင်းဖြင့်ဖြစ်စေ လှူဒါန်းနိုင်ကြောင်း၊ သီလရှင်လေးများ၊ ကျောင်းသူ ကျောင်းသားလေးများအတွက် အဝတ်အထည်နှင့် အသုံးအဆောင်များ၊ စာရေးကိရိယာများလည်း ပံ့ပိုးပေးနိုင်ကြောင်း ဆက်လက်မိန့်ကြားသည်။
အမျိုးသမီးငယ်လေးများ လေလွင့်ပျက်စီးမှုနည်းပါးရေးနှင့် ယင်းတို့၏ဘဝရပ်တည်ချက်ခိုင်မာရေးအတွက် တစ်စိတ်တစ်ဒေသ အထောက် အကူပြုနိုင်စေရန်အလို့ငှာ မိဘမဲ့နှင့်ဆင်းရဲနွမ်းပါးအမျိုးသမီးငယ်ကလေး များ၏ ဘဝလုံခြုံရေး၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ရေးနှင့် ပညာတတ်မြောက်စေရေးအတွက် အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည့် ”ချမ်းမြေ့ပရဟိတသီလရှင်သင်ပညာရေးကျောင်း”နှင့် ဆက်သွယ်လိုပါက ဆရာကြီး ဒေါ်စရဥာဏီ၊ ချမ်းမြေ့ပရဟိတသီလရှင်သင်ပညာရေးကျောင်း၊ ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်၊ အောင်ချမ်းသာရပ်ကွက်၊ မုံရွာမြို့၊(ဖုန်း – ဝ၇၁-၂၃၄၆ဝ၊ ဝ၉-၄၃ဝဝ၂၉၁၅) သို့ ဆက်သွယ်နိုင် ပါသည်။
ဝ၃၃

Leave a Reply

Your email address will not be published.