ဖက်ဒရယ်နှင့်ဒီမိုကရေစီသည် ဒင်္ဂါးပြားတစ်ချပ်၏ ခေါင်းနှင့်ပန်းကဲ့သို့ဖြစ်

ရန်ကုန်၊ ဇူလိုင် ၉
ဖက်ဒရယ်စနစ်နှင့်ဒီမိုကရေစီသည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ဖြစ်သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပဲ့တင်သံဂျာနယ်သို့ ပြောကြားလိုက်သည်။
ဖက်ဒရယ်မူစစ်စစ်ဖြစ်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် သက်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေများရှိသင့်သည်ဟု ပြောကြားခဲ့ဖူးသဖြင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ထပ်မံသိသင့်သည်များကို မေးမြန်းခဲ့ရာ ဦးစိုင်းညွန့်လွင်၏ ပြောကြားချက်များကို ဖော်ပြလိုက်ပါသည်။
ဒီမိုကရေစီအရေးကြိုးပမ်းနေစဉ်မှာ ဖက်ဒရယ်ဝင်လာရင် နှောင့်နှေးမှာစိုးတယ်၊ ခွဲထွက်မှာစိုးတယ်ဆိုတဲ့ထင်မြင်ယူဆ ချက်တွေအပေါ်မှာ အန်ကယ်ပြောလိုတဲ့စကားလေး သိပါရစေ။
ရှမ်းနိုင်ငံရေးသမားလို့ ဆိုလိုက်တာနဲ့ ခွဲထွက်တာကို တန်းမြင်လိုက်ကြတာပဲဖြစ်နေတယ်။ ခွဲထွက်မှာစိုးတယ်ဆိုတာကိုတော့ ကျွန်တော် ရှင်းပြခဲ့ပါပြီ၊ ဖက်ဒရယ်ကြောင့် ဒီမိုကရေစီရေးမထိခိုက်နိုင်ပါဘူး။ ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ရာ ဖက်ဒရယ်ပြည်ထောင်စုဟာလည်း လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လူကြီးတွေကတော့ ဒီမိုကရေစီအရေးနဲ့ဖက်ဒရယ် အရေးဟာ ဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့ပန်းလိုပဲ တွဲနေတယ်လို့ပြောကြတယ်။ နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို တစ်ပြိုင်နက်ကြိုးပမ်းသွားမယ်လို့ ပြောထားကြပါတယ်။ တစ်ခုပြီးနောက်တစ်ခု ဆောင်ရွက်တာဟာ နည်းလမ်းမမှန်ဘူးလို့ သူတို့ ခံယူထားကြတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အသံတွေ ကျယ်ကျယ်လောင်လောင်နဲ့လွှတ်တော်တွင်းမှာရော၊ ပြင်ပမှာပါ ကြားနေရပါပြီ။ အဲဒီလို ပြင်ဆင်ဖို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရေးကို ကျေကျေလည်လည် ဆွေးနွေးဖို့ ဘယ်တော့လောက် စတင်ဆွေးနွေးဖြစ်မလဲ။
ဟုတ်ပါတယ်။ အားလုံးလောက်နီးနီးကပြင်ဖို့ပြောနေကြပါပြီ။ တဖြည်းဖြည်းနဲ့များလာကြပါပြီ။ အရင်က ပြင်ဖို့ဆို လုံးဝလက်မခံတဲ့သူတွေတောင် အခုတော့ပြင်ဖို့ပြောလာကြပါပြီ။ အခက်အခဲက လွှတ်တော်တွင်းမှာ ပြင်ဖို့ အတော့်ကို ခက်တဲ့ကိစ္စပါ။ အခြေခံဥပဒေကိစ္စကို ဆွေးနွေးတာကတော့ နိုင်ငံရေးစလုပ်တဲ့အချိန်တည်းက ဆွေးနွေးတာပါ။ အခုအခြေခံဥပဒေကို မရေးရသေးတဲ့အချိန်တည်းက ဆွေးနွေးခဲ့တာပါ။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးတယ် ဆိုတာကလည်း ခုချက်ချင်းလက်ငင်းကောက်လုပ်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ဖြစ်ချင်တဲ့ အခြေခံဥပဒေက အားလုံးနှစ်သက်လက်ခံတဲ့အခြေခံဥပဒေမျိုးကို လိုချင်တာပါ။ လူတစ်စု၊ အဖွဲ့တစ်ဖွဲ့လောက်က သူတို့လိုချင်သလို ရေးသွားတာမျိုးကို လက်မခံနိုင်ပါဘူး။ အားလုံး ညှိနှိုင်းပြီး အားလုံးလောက်ကလက်ခံတဲ့ အခြေခံဥပဒေမျိုးကို လိုတာပါ။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုရင် ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင်ပြင်ဖို့ လိုအပ်တယ်လို့ပြောနေတာကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်သွားမလဲ။
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း သမ္မတဖြစ်ဖို့ အခြေခံဥပဒေကိုပြင်ပေးတာမျိုးကတော့ မဖြစ်နိုင်ဘူးဆိုတာမျိုးတွေ ပြောနေကြတာကြားတယ်။ အခြေခံဥပဒေကိုပြင်ဆင်ဖို့ အရေးအကြီးဆုံးကတော့ နိုင်ငံရေးသဘောတူညီမှုတွေ ရဖို့လိုတာပါပဲ၊ ပါတီတွေ၊ တပ်မတော်စတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီးရလာတဲ့ သဘောတူညီမှုကသာလျှင် အခြေခံဥပဒေပြင်ဆင်ရေးမှာ အလွယ်ဆုံးနဲ့အန္တရာယ်အကင်းဆုံးဖြစ်မှာပါ။ အဲဒီသဘောတူညီမှုမျိုးကတော့ လွယ်လွယ်နဲ့ ဘယ်ရနိုင်ပါ့မလဲ၊ ဒါပေမဲ့ အဲဒီလမ်းကတော့ အကောင်းဆုံးပဲလို့ ကျွန်တော် ယူဆတယ်။ အဓိက ကတော့ နိုင်ငံရေးသဘောတူညီမှုရဖို့ပဲ ဖြစ်ပါတယ်။ သဘောတူကြရင် အခြေခံဥပဒေပြင်ဆင်ရေးဟာ အလွန်ချောမွေ့တဲ့လမ်းကနေ ဆက်သွားနိုင်ပါ လိမ့်မယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ဟာလည်း အတော်ကိုလှပနေပါလိမ့်မယ်။ ခင်ဗျားပြောသလို ၂၀၁၅ ခုနှစ်ဆိုတဲ့ အချိန်ကာလကတော့ ကျွန်တော် ကံသေကံမ မပြောတတ်ပါဘူး။
ဦးခွန်ထွန်းဦးက လက်နက်ကိုင်တွေ လက်နက်စွန့်၊ လွှတ်တော်ထဲ ဝင်ပြီးမှ အခြေခံဥပဒေပြင်ဖို့ဆိုတာ မလွယ်ဘူးလို့ ပြောခဲ့တယ်။ အဲဒါ အပေါ်မှာ အန်ကယ့်ရဲ့အမြင်လေးကိုပြောပေးပါ။
လွှတ်တော်ထဲဝင်ဖို့ဆိုတာ ဒီတိုင်းလမ်းလျှောက်ပြီး ဝင်သွားလို့ ရတာမှမဟုတ်တာ။ ရွေးကောက်ပွဲဝင်ရဦးမှာ၊ ရွေးကောက်ပွဲဝင်ပေမဲ့ နိုင်ဖို့လည်းလိုပါသေးတယ်။ မနိုင်ရင်လည်း ဘယ်လိုလွှတ်တော်ထဲဝင်နိုင်မလဲ။ နောက် လက်နက်စွန့်လွှတ်ဖို့က လွှတ်တော်ထဲဝင်ဖို့သက်သက်နဲ့တော့ လက်နက်စွန့်နိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ လက်နက်စွန့်ဖို့ဆိုတာက နိုင်ငံရေးပြေလည်မှုရဖို့ နိုင်ငံရေးသဘောတူညီမှုတွေရဖို့လိုတယ်လေ။ ဒါမှ လက်နက်စွန့်ခိုင်းလို့ရမှာပေါ့။ သူတို့တစ်တွေလည်း နားလည်ကြပါတယ်။ အခုဆို ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲရောက်နေပြီ။ အခြေခံဥပဒေပြင်ဖို့ဆိုတာ ဘာမှကိုမလုပ်နိုင်သေးဘူး။ သူတို့ဆိုရင် ပိုဆိုးမယ်ဆိုတာ သူတို့သိတာပေါ့။ လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်နိုင်တာကတော့ တပ်မတော်ရဲ့သဘောတူညီမှုကို ပြည်ခိုင်ဖြိုးပါတီက ရယူနိုင်မယ်ဆိုရင်တော့ တချို့ဥပဒေတွေပြင်နိုင်ပါတယ်။ ဒါက တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။
နောက် တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေမလုပ်ဘဲ လက်မှတ်ထိုးခိုင်းတာ ပြောင်းပြန်ဖြစ်နေတယ်လို့ ဦးစိုင်းလိတ်ပြောထားပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ အကယ်လို့နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဘယ်အဆင့်တွေ ကျော်လွန်ဖို့လိုအပ်ပါသလဲ။
နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့က အဓိကအချက် ဖြစ်ပါတယ်။ တချို့အဖွဲ့အစည်းတွေကတော့ နိုင်ငံရေးပြေလည်မှုရမှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုတဲ့အယူအဆရှိပါတယ်။ ဘယ်သူမှန်သလဲဆိုတာတော့ ပြောလို့မတတ်ပါဘူး။ ဘယ်သူမှလည်း အတွေ့အကြုံမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ဆိုတာ ကျွန်တော်တို့ မြန်မာ နိုင်ငံအတွက် တကယ့်ကိုသေရေးရှင်ရေးကိစ္စဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံရေးသဘောတူမှုတွေ ရဖို့လိုပါတယ်။ နိုင်ငံရေးသဘောတူညီမှုတွေရဖို့ဆိုရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ မရှိလို့ မရနိုင်ပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ သဘောတူညီမှုရဖို့ အလွန်ခက်ခဲနိုင်သလို၊ တစ်ဖက်ကလည်း အလွန်ကိုလိုအပ်ပါတယ်။ မဖြစ်မနေ စိတ်ရှည်လက်ရှည် ဇွဲနဲ့ကြိုးစားရမှာ ဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာကို အန်ကယ် ဘယ်လိုယုံကြည်လက်ခံမိလဲဆိုတာလေး ပြည်သူလူထုနားလည်အောင် မျှဝေပေးပါ။
ဖက်ဒရယ်ကိုပြောရရင် အချက်ကြီးသုံးချက်ကိုမူတည်ပြီးပြောရမယ်။ တစ်က ပင်လုံစိတ်ဓာတ်ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကို ပေါ်ထွန်းစေခဲ့တာ ပင်လုံစိတ်ဓာတ်ပါ။ အပြန်အလှန်လေးစားမှုနဲ့ကတိကဝတ်တွေ ထားခဲ့တာ ပင်လုံစိတ်ဓာတ်ပါ။ ဒါတွေကို မေ့ထားလို့မရပါဘူး။ ကတိကဝတ်ကို ဖျက်ချင်စိတ်ရှိတဲ့လူတွေကတော့ ဒါကို မေ့ထားချင်ကြတယ်။ ဒါပေမဲ့ သမိုင်းကြောင်းဆိုတာ မမေ့သင့်ပါဘူး။ နှစ်က တန်းတူညီမျှရေးပါ။ အားလုံးတစ်နိုင်ငံလုံး နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ ပညာရေးအရ၊ ကျန်းမာရေးအရ စသဖြင့်တန်းတူညီမျှမှုရရှိဖို့လိုပါတယ်။ သုံးက အားလုံး တစ်နိုင်ငံလုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့်အားလုံးကို ပြည်သူတွေကိုယ်တိုင်က ကိုယ့်ဘာသာပြဋ္ဌာန်း ခွင့်ရှိကြရပါမယ်။ ဒီအချက်သုံးချက်ကိုကျင့်သုံးရာမှာ လူနည်းစုလူမျိုးစုတွေကို ကာကွယ်ဖို့အပြန်အလှန် ထိန်းညှိတဲ့စနစ်တစ်ရပ်လည်း အပြန်အလှန် ထားရှိရပါမယ် ကျွန်တော်တော့ ဒီလိုယုံကြည်ပါတယ်။
ဝ၁၀

Leave a Reply

Your email address will not be published.