ပြည်ထောင်စုအစိုးရဆိုသည်မှာ အမည်တစ်ခုသာဖြစ် ဗဟိုအစိုးရပုံစံဖြင့် နေပြည်တော်က ထိန်းချုပ်ထားဆဲ

ရန်ကုန်၊ အောက်တိုဘာ ၆
၂ဝ၁ဝခုနှစ်တွင် ပါတီထူထောင်ခွင့် မှတ်ပုံတင်ရရှိကာ ကိုယ်စားလှယ်နေရာ ၃၄နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၆နေရာအနိုင်ရရှိခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ဥက္ကဋ္ဌနိုင်ငွေသိန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ပဲ့တင်သံ၏ ပါတီအသံကဏ္ဍမှ တင်ဆက်လိုက်ပါသည်။
၂ဝ၁ဝခုနှစ် ရွေးကောက်ပွဲကို ဆန့်ကျင်၍ No Vote လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်၏တိုက်တွန်းမှုဖြင့် မွန်ပါတီနှစ်ခုကွဲသွားခဲ့ပြီး ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) တွင် အဖွဲ့ဝင်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့်ပါတီ သမိုင်းအကျဉ်းကို ဥက္ကဋ္ဌနိုင်ငွေသိန်းက ဦးစွာပြောသည်။
မြန်မာနိုင်ငံတွင် လတ်တလော ပြောဆိုဆွေးနွေးနေကြသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေနှင့်ပတ်သက်၍ မေးမြန်းရာ”ကျွန်တော်တို့ ညီ နောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) အနေနဲ့ ရွေးကောက်ပွဲ ဝင်တဲ့အဖွဲ့ဖြစ်တော့ ဝန်ကြီးတို့၊ လွှတ်တော်ကိုယ်စားလှယ်တို့ ရှိနေတော့ ဒီဖွဲ့စည်းပုံကို ပြင်ဆင်မယ်ပေါ့။ လွှတ်တော်အတွင်းကရော လွှတ်တော်ပြင်ပကရော လုပ်ဆောင်သွားမယ်။ ဟိုဘက်က ရွေးကောက်ပွဲမဝင်ခဲ့တဲ့ တိုင်းရင်းသားများမဟာ မိတ်အဖွဲ့ (UNA) ကတော့ အနိုင်မရ နိုင်ဘူးလို့ ယုံကြည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်လို့မရဘူး။ ဘယ်သူမှလက်ခံနိုင်စရာအကြောင်း မရှိဘူးဆိုပြီး အသစ်ပြန်ရေးမယ် ဖြစ်ပြီးအဖွဲ့ကွဲသွားတာပေါ့။ ကျွန်တော်တို့ကပြင်ဖို့အတွက် သင်တန်းတက်တာတွေ၊ ဆွေးနွေးပွဲတွေလုပ်ပြီး ပြင်မယ်ပေါ့။ ပြင်မယ် ဆိုရင်ရောလုံလောက်ပြီလားမေးရင် မလုံလောက်ပါဘူး။ သို့သော် တဖြည်းဖြည်း နဲ့အားလုံးကို ပြင်ဖို့လိုတာပေါ့။ ၂၅ရာခိုင်နှုန်းက လွှတ်တော်ထဲမှာရှိနေတော့ ဘယ်လောက်အော်အော်ရမှာလည်း မဟုတ်ဘူးလေ”ဟု သူ၏ ထင်မြင်ချက်ကို ပေးသည်။
တိုင်းရင်းသားများ လိုလားလျက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ယင်းက”ဖက်ဒ ရယ်ပြည်ထောင်စုဆိုတာ ခွဲထွက်ဖို့မဟုတ် ဘူး။ အတူတကွစုပေါင်းပြီး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါပဲ။ အခုလောလော ဆယ်က ၈ပြည်နယ်ထား မလား၊ ၁၄ပြည်နယ်၊ ၁၆ပြည်နယ် ဆိုတဲ့ အယူအဆတွေကလည်း တက်လာကြတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတဲ့အခါကျရင် တိုင်းရင်းသားတွေက စိုးရိမ်တယ်လေ။ ဘာဖြစ်လို့လဲဆိုရင် အစိုးရက လိမ်ခဲ့တာများတယ် ပေါ့။ အမျိုးသားညီလာခံကနေ ဖွဲ့စည်းပုံဥပဒေကို ရေးလိုက်တယ်။ ၁၅နှစ်ကြာတယ်။ ရလာတဲ့ ဖွဲ့စည်းပုံဥပဒေကို ဆန္ဒခံယူပွဲလုပ် တာလည်း လိမ်ခဲ့တယ်။ ပြီးတော့ ရွေးကောက်ပွဲကျင်းပတော့ လည်း လိမ်တာပဲ။ အဲဒီရွေးကောက်ပွဲလိမ် တာကို တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ်အင်အားစုများ စုဆောင်းထားတဲ့ လိမ်နည်း ၅၆နည်းရှိ တယ်ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြ ခဲ့သေးတယ်။ အစိုးရကအဲဒီလို အဆက်ဆက်လိမ်ခဲ့ကြတာ။ အစိုးရအဖွဲ့ဆို တာ နာမည်ကသာ ပြည်ထောင်စုအစိုးရပေါ့။ တကယ်တော့ ဗဟိုအစိုးရပုံစံနဲ့ နေပြည်တော်မှာအားလုံးချုပ်ကိုင်ထားတာပဲ။ ဘာအာဏာမှ တိုင်းနဲ့ ပြည်နယ်ကို ခွဲဝေပေးထားတာမရှိဘူး။ (Division of Power) မပေးထားတော့ အောက်ခြေမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေက ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့တွေ မရှိဘူးလေ။ဖက်ဒရယ် ပြည်ထောင်စုကိုသွားရင် ဒီလိုပုံစံမျိုးနဲ့ လုပ်လို့မ ရဘူး”ဟု ဖွဲ့စည်းပုံကို ထောက်ပြပြောဆိုသည်။
ဝ၁၁

Leave a Reply

Your email address will not be published.