သုံးရာသီပြောင်း သုံးမျိုးရောင်းလည်းဘဝက ဒုံရင်းပါပဲ

ဘဝပေါင်းများစွာကို ရင်ခွင်ပိုက်ထားသောမြို့၊ ဘဝပေါင်းများစွာ နစ်မြုပ်သွားဖူးသောမြို့၊ ဘဝပေါင်းများစွာ စည်းစိမ်ယစ်မူးနေသောမြို့၊ ဘဝပေါင်းများစွာ ငတ်မွတ်မှုနှင့်နေသားကျနေသောမြို့။ ထိုမြို့သည် များမကြာမီနှစ်များ အတွင်းက မြို့တော်မဟာ အဖြစ် ရွှေထီးဆောင်းခဲ့ဖူးသလို သွေးပွတ်ပွတ်ထခဲ့ဖူး၊ ချွေးဒီဒီစီးကျနေဆဲမြို့ဖြစ်သည်။ ယင်း မြို့ကြီး၏ အတွင်းတစ်နေရာမှ စီးဆင်းနေဆဲချွေးမြစ်များ၏ နိစ္စဓူဝ တစ်နေ့တာဇာတ်လမ်းများထဲမှ ရန်ကုန်မြို့လယ်ခေါင် လမ်းဘေးပလက်ဖောင်းများပေါ်၌ ထွန်ယက်စိုက်ပျိုးနေကြသောဈေးသည်များ ဘဝအသံလှိုင်းတချို့ကို ဈေးသည်အသံအဖြစ် ထုတ်လွှင့်လိုက်ပါသည်။
မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)နှင့် ကုန်သည်လမ်းထောင့်ရှိ နိုင်ငံခြားကုန်သွယ်မှုဘဏ်ရှေ့ ပလက်ဖောင်းသည် မအုန်းသန့်တစ်ယောက် ရာသီပေါ်သီးနှံများရောင်းချရာနယ်မြေ။ ဥတုသုံးလီပြောင်း၊ သီးနှံမျိုးစုံ ပြောင်းလဲခဲ့သော်လည်း သူ့ဘဝကဒုံရင်း…ဒုံရင်းအတိုင်းပင်။ ယခုနောက်ပိုင်း အရောင်းအဝယ်ကျဆင်းလာမှုကြောင့် ရှိရင်းစွဲ ဒုံးရင်းဘဝ ပရုပ်လုံး မဖြစ်သွားရေးကို မနည်းကျားကန်နေရသည်။ ယနေ့မြင်ကွင်းအရ၊ သူရှေ့တွင် ကြက်မောက်သီးများစုပုံနေသည်။ သူ့ရောင်းကုန်နှင့်သူ့ပိုက်ဆံအိတ်မှာ အမြဲတမ်းပြောင်းပြန်အချိုးကျနေခြင်းကြောင့် ကြက်မောက်သီးများပုံနေခြင်းသည် ပိုက်ဆံအိတ်ပါးနေခြင်းဟု အလွယ်တကူ သိနိုင်သည်။
မိုးတွင်းဆိုတော့ အရောင်းအဝယ်အရမ်းပါးတယ်။ စည်ပင်ကြေးကတော့ နားလည်မှုနဲ့ပေးရတာပေါ့။ နွေရာသီဆို စတော်ဘယ်ရီသီး ရောင်းတယ်။ မိုးရာသီဆိုတော့ ကြက်မောက်သီး၊ ဒူးရင်းသီး၊ သရက်သီး။ ဆောင်းရောက်ပြီဆိုရင်လိမ္မော်သီး၊ ကဗ္ဗလာသီး၊ စပျစ်သီး၊ ပျားလိမ္မော်သီး လှည့်ရောင်းနေရတာပဲ ဟု သူ၏ သုံးရာသီရောင်းကုန်များ အကြောင်းကို ပြောပြသည်။
သီရိမင်္ဂလာဈေးသစ်ကနေယူရတာဆိုတော့ ကုန်ကျစရိတ်ကတော့ များတာပေါ့။ တစ်နေ့အတွက်ဆို ၅ သောင်းလောက်ရင်းမှ ၅ ထောင်နဲ့တစ်သောင်းကြားမြတ်ပါတယ်။ ဒီကြားထဲ၊ ည (၈) နာရီကျော်ရင် မရောင်းရလို့ အမိန့်ထုတ်ထားတော့ ညနေစောင်းရင်ပြန်ပေါ့။ ရောင်းလာတာ ၃ နှစ်ရှိနေပြီ။ ဒီနှစ်က အရင်နှစ်တွေထက် ဈေးရောင်းပါးတယ်။ ဘဏ်နဲ့နီးတော့ ဘဏ်ကိုလာတဲ့သူတွေ၊ ဘဏ်ဝန်ထမ်းတွနဲ့ ငွေလဲဖို့လာသူတွေ အများဆုံးဝယ်ကြတယ်။ ကားမှတ်တိုင်နဲ့လည်းနီးတော့ လမ်းသွားလမ်းလာတွေလည်း ရောင်းရပါတယ်။ ရုံးဖွင့်ရက်တွေကို အားထားရောင်းရတာ။ ဝါတွင်းဆိုရင်တော့ ပုံမှန်ရောင်းရပါတယ်
ဝါဝင်၊ ဝါထွက်နှင့် တရုတ်နှစ်သစ်ကူးကာလများကို သစ်သီးရောင်းသူများ အဓိကအားပြုကြရသည်။ တချို့သောရာသီပေါ်သီးနှံများသည် အလေအလွင့်၊ အပျက်အဆီးများသလို အရှုံးများ၊ အမြတ်များခြင်းကြောင့် အမှားမခံကြောင်းသိရသည်။
လူတိုင်းသည် အရောင်းသမားများဖြစ်ကြသလို တစ်ချိန်တည်းမှာပင် အဝယ်သမားများလည်း ဖြစ်ကြခြင်းကြောင့် ကြက်မောက်သီးများ ပြောင်စင်သွားလျှင် ပိုက်ဆံအိတ်ပြောင်တင်းသွားသော မအုန်းသန့်၏ တစ်နေ့တာ စာရင်းပိတ် လက်ကျန်ငွေများထဲမှ ခုန်ထွက်သွားဦးမည့် မိသားစုအထွေထွေစရိတ်များကို စိတ်တွက်တွက်လျက် ကျောချရာ အလုံ မြို့နယ်ဆီသို့ မျက်နှာမူလိုက်သောအခါ နှုတ်ဖျားမှ စကားသံတချို့ထွက်ကျလာသည်။
အပြန်ကျရင် ဆန်ဝယ်ရဦးမယ်
ဝ၁၄

Leave a Reply

Your email address will not be published.