တက္ကသိုလ်ကျောင်းသားများ၏ ဘဝသည် ကောင်းသည်များ ရှိသကဲ့သို့ ဆိုးသည်များလည်းရှိ

လက်ရှိမြန်မာနိုင်ငံ၏ပညာရေးစနစ်သည် အခြေခံပညာမူလတန်းမှအစ တက္ကသိုလ်ပညာရေးအထိတိုင်အောင် အလွတ်ကျက်၊ အမှတ်ပေး စည်းမျဉ်းနှင့်အညီဖြေဆို၊ အချိန်တန်ဘွဲ့ရ။ ထို့ကြောင့်ပညာရေးတွင် နိုင်ငံတကာအဆင့်မမီရုံမက အိမ်နီးချင်းနိုင်ငံများကိုပင် နောက်ကျကျန်ရစ်ခဲ့ပြီဟု ပြောနေဆိုနေကြသည်များကိုလည်း ကြားရ၊ တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် ပဲ့တင်သံဂျာနယ်မှ အခုအပတ်လူငယ်အသံအဖြစ် နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုခန့်ထွန်းကျော်၏ ရင်တွင်းစကားသံများကို မေးမြန်းဖော်ပြပေးလိုက်ပါသည်။
နည်းပညာတက္ကသိုလ်ကို ရွေးချယ်တက်ဖြစ်ခဲ့ပုံနှင့် ပတ်သက်ပြီး ယင်းက ၁၀ တန်းအောင်တော့ ကျွန်တော် ပြည်နည်း ပညာတက္ကသိုလ်မှာ တက်ရောက်ဖြစ်ခဲ့ပါတယ်။ နည်းပညာပိုင်း စိတ်အားမထက်သန်ဘူးဗျ။ နောက် ကျောင်းစတက်တဲ့နှစ်မှာ တော်တော်အသားမကျ ဖြစ်ရတယ်။ ကျောင်းက လွတ်လွတ်လပ်လပ်တော့ ရှိပါတယ်။
ပညာသင်ကြားရေးအပေါ် ယုံကြည်မှုနှင့် အနာဂတ်ဘဝလမ်းအပေါ် ယုံကြည်မှုကိုပြောရာတွင် နည်းပညာတက္ကသိုလ်အပေါ် ယုံကြည်မှုက တော့ရှိပါတယ်။ ဒါပေမဲ့ တချို့သင်ကြားရေးပိုင်းတွေကိုတော့ အားမရဖြစ်မိတယ်။ အဲ့ဒီပြဿနာမှာ ကျောင်းသားတွေ (ကျွန်တော်အပါအဝင်)ရဲ့ချို့ယွင်းမှုလည်း ပါလိမ့်မယ်ထင်ပါတယ်။ တကယ်လို့ ကျောင်းမှာ B.E တန်းအထိနေခွင့်ရပြီး ဘွဲ့ရခဲ့မယ်ဆိုရင်ပေါ့။ ကျွန်တော် အင်ဂျင်နီယာထက် အပြင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ရင်း အနုပညာလုပ်ငန်းတွေ လုပ်ချင်ပါတယ်။ ဒါက တွေးထားတာပဲပေါ့လေ။ ဒါပေမဲ့ အဲ့ဒီတွေးထားတာတွေအပေါ်တော့ ယုံကြည်မှုရှိပါတယ်။
ကျောင်းသားနှင့်နိုင်ငံရေးအပေါ် လူငယ်တစ်ဦးအနေဖြင့် မြင်မိသော ၄င်း၏အမြင်ကိုလည်း ကိုခန့်ထွန်းကျော်ကို မေးမြန်းဖြစ်ခဲ့ပါသည်။
အခုတက္ကသိုလ်တွေမှာ သမဂ္ဂဖွဲ့ကြတယ်လို့ ကျွန်တော် ဖတ်ရတာလည်း ကြာနေပါပြီ။ ကျွန်တော်တို့ ပြည်နည်းပညာတက္ကသိုလ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဗကသ ဆိုပြီးတော့ မနှစ်ကတော့ ပြည်မှာ လှုပ်ရှားကြတာတော့ တွေ့ရပါတယ်။ ကျွန်တော်သဘောကျပါတယ်။ ကိုယ်တိုင်တောင် ဝင်ကူညီလိုက်ပါသေးတယ်။ ရှိလည်းရှိသင့်ပါတယ်။ ကျောင်းသားနဲ့နိုင်ငံရေး ပတ်သက်သလားဆိုတော့ ကျွန်တော်တော့ ပတ်သက်တယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလူငယ်တွေက နောင်တစ်ချိန်မှာ နေရာအသီးသီးမှာ ဦးဆောင်ပြီး ဒီတိုင်းပြည်ကို လည်ပတ်ကြရမှာလေ။ အဲ့ဒီတော့ ကျွန်တော်တော့ ကျောင်းသားနဲ့နိုင်ငံရေး ပတ်သက်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် လူငယ်တွေဆိုတော့ နိုင်ငံရေးကို အကြောင်းပြပြီး တခြားသူများရဲ့အသုံးပြုမှုကို ခံရမှာတော့ စိုးရိမ်စရာပေါ့
တက္ကသိုလ်ကျောင်းဘဝကို မည်သို့ဖြတ်သန်းနေကြောင်းနှင့် ကျောင်းသားများ၏ အခွင့်အရေးအပေါ် မည်သို့မြင်မိကြောင်းကိုလည်း မေးမြန်းဖြစ်ခဲ့သည်။ ထို့ပြင် ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများအပေါ်တွင် လူငယ်ချင်းမြင်မိသည့် သူ့အမြင်ကိုလည်း ပြောပြခဲ့ပါသည်။
ကျွန်တော်တို့ ပြည်နည်းပညာတက္ကသိုလ်အစက အခုလက်ရှိလောက် အခွင့်အရေးမရကြဘူးခင်ဗျ။ ခုလက်ရှိကျောင်းသားတွေ ဗဟိုပြုပြီး ဦးဆောင်သူတွေအပိုင်းမှာ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်လှုပ်ရှားနေရတဲ့ အနုပညာအသင်းလိုမျိုးကျောင်းအသင်းတွေ ပေါ်လာတယ်ခင်ဗျ။ ဒါကလည်း စာ၊ ကဗျာကအစ ဂီတအဆုံးပေါ့စသဖြင့်ပေါ့။ အနုပညာစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေစုပြီး ကျောင်းက တရားဝင်အဖွဲ့မဟုတ်တဲ့ အနုပညာအဖွဲ့လေးကနေ ကျောင်းပါ/ချုပ်ကို ကျွန်တော်တို့ကိုယ်တိုင်ဝင်တွေ့ပြီး ကာတွန်းဘောက်စ်ထားရှိပေးဖို့ အနုပညာအသင်းဖွဲ့ပေးဖို့ ကျောင်းသားတွေကို ဝင်လှုပ်ရှားခွင့်ပေးဖို့ တောင်းဆိုလိုက်တော့ အဆင်ပြေပြေချောချောမွေ့မွေ့ တကယ်ဖြစ်ပေါ်လာအောင် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ခွင့်ပေးသလို လိုက်ပြီးလည်း ကူညီထောက်ပံ့ပေးပါတယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ အခုလက်ရှိ ကျောင်းသားဘဝဟာ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း အများကြီးရှိနေပါသေးတယ်။ တချို့တက္ကသိုလ်ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေဆို တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမခံစားရဘူး။ ချုပ်ချယ်တာတွေ များတယ်လို့သိရပါတယ်။ အဲ့ဒီလိုကျတော့ ကိုယ်ချင်းစာမိပါတယ်။ တကယ်လို့ အဲ့လိုဖြစ်နေတယ်ဆိုရင် ကျောင်းကို ရဲရဲရင့်ရင့် တောင်းဆိုသင့်တယ်လို့လည်း ထင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေဆိုတော့ ကောင်းတဲ့ကျောင်းသား၊ ကျောင်းသူရှိသလို မကောင်းတဲ့ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိမှာပါ။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထို့အတူ ကျောင်းသားလူငယ်များ၊ တိုင်းပြည်၏လူသားသယံဇာတများ အလေအလွင့်မရှိစေရန် ကောင်းမွန်သောပညာရေးစနစ်ဖြင့် ပျိုးထောင်တည်ဆောက်ရန် လိုအပ်ပေသည်။
ဝ၃၉

Leave a Reply

Your email address will not be published.