မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် သီလဝါဆိပ်ကမ်းတိုးချဲ့မြေကွက် (၃၇)ကွက်အတွက် ဒေသခံလယ်သမားများ ဆွေးနွေးညှိနှိုင်း

ရန်ကုန်၊ ဇူလိုင် (၅)ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ သီလဝါ၌ သီလဝါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရာတွင် ဆက်လက်တိုးချဲ့တည်ဆောက်မည့် စီမံကိန်းနယ်မြေများနှင့် မလွတ်ကင်းသော လယ်ယာမြေများအား အပြီးသတ်ဖယ်ရှားပေး နိုင်ရေးအတွက် ဒေသခံရေလုပ်သားများ၊ လယ်သမားများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင်ပြုလုပ်ခဲ့ကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်မြင့်က ပဲ့တင်သံဂျာနယ်သို့ ပြောကြားသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် သီလဝါဒေသရှိ ရေလုပ်သားများကိုယ်စား ရေလုပ်သားတစ်ဦးဖြစ်သော ဦးအေးစိုးက သီလဝါဆိပ်ကမ်းတည်ဆောက်ဖို့အတွက် မိမိတို့မြေနေရာဖယ်ရှားပေးခဲ့ရကြောင်း၊ အစားထိုးမြေနေရာ ရွှေပြည်သာယာတွင်လည်း မြေကွက်မရရှိသူ (၄၉)ဦးရှိနေပါသေးကြောင်း၊ နစ်နာကြေးနှင့် အပြောင်းအရွှေ့နေရာကြောင့် ရေလုပ်ငန်းလုပ်ကိုင်တဲ့ရေလုပ်သားတွေအနေဖြင့် အဆင်မပြေသည့်အတွက် အိုးအိမ်ညွှန်ချုပ် ဦးအံ့ကျော်၏ နှုတ်မိန့်ဖြင့် ဘေးပေါက်ဈေးဘေးမှာဘဲ လာရောက်လုပ်ကိုင်းစားသောက်ခြင်းဖြစ်ကြောင်း၊ ထိုနေရာမှထပ်မံပြောင်းရွှေ့ရပါက နေစရာလုံးဝမရှိတော့ပါကြောင်း ပြောကြားသလို၊ ဘေးပေါက်ကျေးရွာလယ်သမား ဦးတင်အုန်းကလည်း ညင်ညင်သာသာအေးအေးချမ်းချမ်း ဖယ်ရှားပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏မဖြစ်မနေ သီလဝါတိုးချဲ့စီမံကိန်းအတွက် ယခု ဖယ်ရှားပေးရမည့်မြေနေရာများအား တစ်ခြားနေရာကိုပြောင်းရွှေ့လုပ်ကိုင်စားသောက်နေထိုင်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသော စံနှုန်းနှင့်တွက်ချက်ပြီး ဒေသပေါက်ဈေးအတိုင်းပေးစရာမလိုကြောင်း တောင်းဆိုသည့်အပေါ် ဒုတိယအထွေထွေမန်နေဂျာမှ ပြောကြားရာတွင် အမှန်တကယ်က အနောက်ဘက်မှာ စီးပွားရေးဇုံလုပ်နေတာနဲ့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဒီလိုပြောနေလို့ ကျွန်တော်တို့က လျော်ကြေးလုံးဝမပေးတော့ဘူး၊ မလုပ်ပေးနိုင်ပါဘူးလို့ အပြီးအပြတ်ငြင်းနေတာမဟုတ်ပါဘူး။ ဒီလိုလုပ်ပိုင်ခွင့်လည်း ကျွန်တော်တို့မှာမရှိပါဘူး။ အဲဒါကိုပြန်စဉ်းစားသုံးသပ်လို့ရအောင်ထည့်သွင်းပြောပေးတာပါ။ ကျွန်တော်တို့စီမံကိန်းလုပ်ကိုင်နေတာကလည်း သုံးပုံနှစ်ပုံပြီးနေပါပြီ။ အခုလိုမျိုးတွေဖြစ်နေတဲ့အတွက် လုပ်ငန်းကိုင်ငန်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ သူတို့လည်း ကျွန်တော်တို့ပြည်သူတွေပဲ ဒီစီမံကိန်းပြီးသွားရင်ဒေသခံပြည်သူတွေအတွက်သင့်တော်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိအောင် ဆောင်ရွက်ပေးမှာပါ ဟု ပြောသည်။ ၂၀ဝ၀ ပြည့် ဧပြီလမှစတင်၍ သီလဝါဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းအားစတင်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အား နိုင်ငံတော်မှ လုပ်ငန်းမြေအဖြစ် အသုံးပြုရန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းစီမံကိန်းမြေနေရာတွင် မြန်မာ့ဝန်ဆောင်မှုကုမ္ပဏီ၊ မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း၊ ရွှေတောင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြတ်မေတ္တာမွန်ဝန်ဆောင်မှုကုမ္ပဏီ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အစရှိသည့် ကုမ္ပဏီအစုအဖွဲ့များမှ ဆိပ်ခံတံတားများတည်ဆောက်ရေး ဆိပ်ကမ်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၄င်းစီမံကိန်းကို ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ၃၉ အရ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သီလဝါဒေသဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်းပြုလုပ်ရာတွင် မြေကွက်အမှတ်-၂၁၊ ၂၂၊ ၂၅ နှင့် ၂၆ အနီးဝန်းကျင်ရှိ ရွှေပြည်သာယာရပ်ကွက်၊ ဘေးပေါက်ကျေးရွာ၊ အေးမြသီတာရပ်ကွက်တို့အား စီမံကိန်းလွတ်ကင်းမှုမရှိသည့် မြေကွက်အဖြစ် အပြီးသတ်ဖယ်ရှားပေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့်ဒေသခံများ ညှိနှိုင်းဆွေးနွေးခြင်းအား (၁.၇.၂၀၁၃)ရက်နေ့က ပြုလုပ်ရာဒေသခံများက ၄င်းတို့ဖယ်ရှားပေးရသည့် မြေနေရာများအတွက် ဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသော ကာလပေါက်ဈေးအတိုင်း ပေးလျော်ရန်တောင်းဆိုချက် (၉) ချက်ဖြင့်တောင်းဆိုခဲ့သည်။
အထူးစီးပွားရေးဇုန်နဲ့ဆိပ်ကမ်းလုပ်ငန်းနဲ့က မသက်ဆိုင်ပါဘူး။ ကျေးရွာသူ/ရွားသားတွေက ပြောပြတာရောနေပါတယ်။ ဆိပ်ကမ်းဖွံ့ဖြိုးရေးက ၂၀ဝ၀ ပြည့်နှစ်ကလုပ်တာပါ။ အထူးသဖြင့် ကျွန်တော်တို့ဆိပ်ကမ်းအာဏာပိုင်က အိုးအိမ်ကို ငွေသွင်းရပါတယ်။ ကျပ်သိန်း (၈၀) ကျော်ပါ။ အိုးအိမ်ကနေ ဒေသခံတွေအတွက် နေစရာစီစဉ်ပေးတယ်။ ဒီတော့မှ ကျွန်တော် တို့က လုပ်ငန်းစီမံကိန်းစတင်ဆောင်ရွက်တာပါ။ အခုလုပ်ကိုင်နေတာမြေ ဧက (၁၅၀၃) ဧကရှိပါတယ်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးမြသန်းကလည်း ရှင်းလင်းပြောကြားသည်။
ဒေသခံများ၏ တောင်းဆိုချက်သဘောထားထုတ်ပြန်ရာတွင် ပြန်လည်နေရာချထားရေးအတွက် ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန် လျော်ကြေးငွေသည် ပြီးပြည့်စုံလုံလောက်သော ဖြေရှင်းနည်းမဟုတ်ကြောင်း၊ အခွင့် အရေးနှင့်အခြားခံစားခွင့်များနှင့် နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်ရွက်ပေးရန် နိုင်ငံတကာစံနှုန်းဟုဆိုရာတွင် ILO ၏ စံချိန်စံနှုန်းထက်မနိမ့်ရန် အာမခံချက်များဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ညှိနှိုင်းဆုံးဖြတ်မှုဖြစ်စဉ်တိုင်းတွင် ဒေသခံများ၏ကိုယ်စားပြုအဖွဲ့များပါဝင်ခွင့်ပြုရန်၊ စီမံကိန်းအောင်မြင်ရေးအတွက် ဆောင်ရွက်ရာတွင် ဒေသခံများပူးပေါင်းပါဝင်ခွင့်ပြုရန် စသည့် အချက်များအပါအဝင် အချက်ပေါင်း (၉) ချက်ပါဝင်သည်။(
၅.၇.၂၀၁၃)ရက်အထိ ဒေသခံလယ်သမားများ၏ ဆွေးနွေးတင်ပြမှုများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သီလဝါဆိပ်ကမ်းတည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှ ODA ချေးငွေ အမေရိကန်ဒေါ်လာ (၂၀၄) သန်းရရှိထားကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများအား ဆိပ်ခံတံတားနှင့်သိုလှောင်ကန်များ တည်ဆောက်ရန် ခွင့်ပြုထားကြောင်း၊ မြေကွက်တစ်ကွက်လျှင် မျက်နှာစာ အလျားမီတာ (၂၀ဝ) ကုန်းတွင်းဘက်သို့ မီတာ(၇၅၀) (အကျယ်-၃၇.ဝ၆ ဧက) ရှိမြေကွက် (၃၇)ကို တိုးချဲ့ဖော်ထုတ်ခဲ့ကြောင်းသိရသည်။
ဝ၃၈

Leave a Reply

Your email address will not be published.