၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပြည်သူ့အသံကို ထင်ဟပ်စေခဲ့သည့် ဘီဘီစီသတင်းထောက် ခရစ္စတိုဖာဂန်းနက်(စ)နှင့် တွေ့ဆုံခြင်း

၈၈၈၈ ငွေရတုနှစ်ပတ်လည်အချိန်အခါသို့ နီးကပ်လာသည်နှင့်အမျှ အများစုက ထိုခမ်းနားစိတ်လှုပ်ရှားစရာ အဖြစ်အပျက်များကိုပြန်လည်သုံးသပ်ကာ (မျက်မှောက်နိုင်ငံရေးအပြောင်းအလဲများအတွက်) ၈၈၈၈ လှုပ်ရှားမှု၏ အနက် သက်ရောက်မှုနှင့်ထိရောက်အရေးပါမှုတို့ကို ပြန်လည်ဆန်းစစ်လာကြပေသည်။ အများစုမှာ ၈၈၈၈ လှုပ်ရှားမှုကို မှတ်မိရန် သို့မဟုတ် ဂရုပြုအလေးမူမိရန် လွန်စွာငယ်ရွယ်နေကြပေသေးသည်။ သို့သော် ယနေ့ မြန်မာနိုင်ငံရှိ လူ တိုင်းလူတိုင်း ၏ဘဝများသည် ထိုကျောင်းသားလှုပ်ရှားမှု၏ရလဒ်ကြောင့် တစ်မျိုးတစ်ဖုံကွဲပြားခဲ့ပြီဆိုသည်မှာမူ သံသယ ဖြစ်ဖွယ်မရှိပါချေ။ ၈၈ ကျောင်းသားများသည် မြန်မာနိုင်ငံကိုထာဝရပြောင်းလဲစေခဲ့ပြီ။ သို့ရာတွင် မြန်မာ့နိုင်ငံရေး သမိုင်းတွင် သမိုင်းဝင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးသူတစ်ဦးကို ထိုခေတ်အခါက လူအများကအမှတ်ရဆဲရှိနေပါသေး သည်။ ထိုသူမှာ တိုးရစ်ဗီဇာဖြင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရန်ကုန်သို့ တစ်ကြိမ်မက တိတ်တဆိတ်ဝင်ရောက် လာကာ ဘီဘီစီရေဒီယိုအစီအစဉ်အတွက် ၈၈၈၈ လှုပ်ရှားမှုသတင်းများကို တင်ဆက်ပေးခဲ့သူ ခရစ္စတိုဖာဂန်းနက်စ် စChrisopher Gunnessပင်ဖြစ်ပါသည်။ သူ၏သတင်းပေးပို့ချက်များကို သန်းနှင့်ချီသောမြန်မာနိုင်ငံသားများက ခုံမင်မက် မောစွာနားထောင်ခဲ့ကြပြီး ၈၈၈၈ လှုပ်ရှားမှု၏ အသက်သွေးကြောသဖွယ် အရေးပါခဲ့လေသည်။
သူသည် ၁၉၈၈ နောက်ပိုင်း ၂၅ နှစ်လုံးလုံးပြည်ဝင်ခွင့် တားမြစ်ခံထားရသော နာမည်ပျက်စာရင်းတွင် ပါဝင်ခဲ့သဖြင့် မြန်မာနိုင်ငံသို့ထပ်မံရောက်လာနိုင်ခြင်းမရှိခဲ့ပါ။ သို့ရာတွင် ယခုအခါ ကုလသမဂ္ဂဌာနတစ်ခုတာဝန်ဖြင့် ဂျေရုစလင်သို့ရောက်ရှိနေသော ခရစ္စတိုဖာဂန်းနက်စ်ကို ပဲ့တင်သံက ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ယခုဖော်ပြမည့် အင်တာဗျူးမှာ ပဲ့တင်သံဂျာနယ်သို့ သူ ထုတ်ဖော်ပြောပြသည့် သူ တစ်ကိုယ်ရည်ပုဂ္ဂလိကဖွင့်ဟချက်ပင်ဖြစ်ပါသည်။
မေး။ ၁၉၈၈ မှာ မြန်မာနိုင်ငံကို ဘာလို့လာခဲ့တာလဲ။ ဘယ်တုန်းက ရောက်ခဲ့တာလဲ။
ဖြေ။ ကျွန်တော် မြန်မာနိုင်ငံကို ၁၉၈၈ ဇူလိုင် ၂၂ ရက်မှာလာခဲ့တာပါ။ အကြောင်းကတော့ ဗိုလ်ချုပ်ကြီးနေဝင်းက မဆလပါတီညီလာခံကို extraordinary အထူးညီလာခံဆိုပြီး ခေါ်လိုက်လို့ ဖြစ်ပါတယ်။ ဒါကို နည်းနည်းထူးဆန်း တယ်လို့ထင်တယ်။ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကလည်း ရှိနေတော့ ကျွန်တော်နဲ့ဘီဘီစီက အယ်ဒီတာက မြန်မာနိုင်ငံမှာ တစ်ခုခုထူးထူးခြားခြား ကြီးကြီးကျယ်ကျယ်ကိစ္စဖြစ်လာတော့မယ်လို့ ခံစားရတယ်။ ၁၉၈၇ သြဂုတ် တုန်းက အဲဒီစက်ဆုပ်ဖွယ်အာဏာရှင်ကပဲ နိုင်ငံပိုင်ရေဒီယိုနဲ့တီဗီမှာ အမှားတွေ လုပ်ခဲ့ဖူးပါတယ် လို့ ဝန်ခံထားတာ လည်း ရှိတယ်လေ။ သူက ဘယ်လိုများနှိမ့်ချနိုင်တာပါလိမ့်။ ၁၉၈၇ စက်တင်ဘာ မှာကျတော့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်တွေကို တရား မဝင်ကြေညာခဲ့တာမှာ သာမန်လူအများစုက အတော်ကြီးထိခိုက်ခဲ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ကတော့ ကြီးပွားနေပြီလေ။ လူတွေက ဒေါသထွက်နေချိန်မှာ လက်နက်မဲ့ကျောင်းသားတွေ အပေါ် မတ်နဲ့ဇွန်လမှာ လူသတ်သမားဆန်ဆန် သတ်ဖြတ်နှိပ်ကွပ်ခဲ့တဲ့ လုံထိန်းတွေကိုမုန်းလာကြပါတယ်။ အဲ့ဒီကိစ္စ တွေအတွက် အစိုးရရဲ့တရားဝင်စုံစမ်းရေးကော်မတီက ထုတ်ပြန်ပေးတာတွေကလည်း မျှော်လင့်ထားတဲ့အတိုင်း မှင်ဖြူ အုပ်ပေးလိုက်သလိုပဲမို့ လူထုရဲ့မခံချင်စိတ်တွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးနေဝင်းထံပေးတဲ့ ဦးအောင် ကြီးရဲ့သူမတူစာတစ်စောင်ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့တောင်းဆိုထားတာပါ။ အဲဒီဖြစ်ရပ်တွေက လန်ဒန်မှာရှိတဲ့ ကျွန်တော့်အလုပ်စားပွဲကနေကြည့်တော့ အပြောင်းအလဲရဲ့အနံ့အသက်ကို ရသလိုဖြစ်ပြီး ရန်ကုန်ကို လူကိုယ်တိုင် ရောက်တဲ့အခါမှာတော့ သက်သေထူပြီးဖြစ်နေပါတယ်။ အကြောက်တရားနဲ့စက်ဆုပ်ရွံ့ရှာမှုတွေဟာ ရန်ကုန်လေ ထုထဲမှာ ဖမ်းဆုပ်ကိုင်တွယ်လို့တောင် ရနေသလိုပါ။ ဒါပေမဲ့ ကျွန်တော်ရော ဘယ်သူကမှ ဒီ အမေ့ခံမြေ ပေါ်မှာ အပြောင်းအလဲလေပြေကနေ အပြောင်းလဲတကာ့အပြောင်းလဲဆုံး ဟာရီကိန်းမုန်တိုင်းကြီးဖြစ်လာတော့မယ်လို့ ဘယ် လိုသိနိုင်ခဲ့မှာပါလိမ့်။
မေး။ ၁၉၈၈ မှာ ခရစ္စအတွက် အရေးအကြီးဆုံးအခိုက်အတန့်က ဘယ်အချိန်ပါလဲ။
ဖြေ။ စက္ကန့်နဲ့အတိအကျကို ပြောနိုင်ပါတယ်။ ၁၉၈၈၊ ၈ လပိုင်း၊ ၈ ရက် နံနက် ၈ နာရီ ၈ မိနစ်ပါပဲ။ အဲဒီနေ့က မြန်မာနိုင်ငံအတွက် အမျိုးသားရေးဆိုင်ရာကိုယ်ပိုင်အနက်ဖွင့်နိုင်ခဲ့တဲ့အချိန်လို့ဆိုရမှာပါ။ (moment of national self definition) အဲဒီအချိန်မှာ မြန်မာနိုင်ငံက လူထုကသူ့တို့အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖို့ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရတာတွေ တကယ်ဖြစ်လာနိုင်ချေရှိတယ်လို့ သဘောပေါက်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ၇ ရက်ပဲ ဗီဇာရတာမို့ ဘင်္ဂလာဒေ့ရှ်ကို ထွက်သွားခဲ့ရပြီး မြို့တော် ဒက်ကာ မှာရှိတဲ့ ရှရင်တန်ဟော်တယ်မှာပဲ ဘီဘီစီရုံးခန်း သဘောထားပြီး မြန်မာနိုင်ငံသတင်းတွေကို ပြင်ဆင်ထုတ်လွှင့်ခဲ့ရပါတယ်။ ၈ ရက် ၈ လ၊ ၈၈ မှာ ကျွန်တော်ဟာ မြန်မာပြည်မှာတုန်းက ချိတ်ခဲ့တဲ့လူတွေနဲ့ အချိန်အတိအကျချိန်းထားတာမို့ ဖုန်းဆက်ဖို့စောင့်ရင်း စိတ်တွေ လှုပ်ရှားနေခဲ့ပါတယ်။ ဒီလှိုင်းတွေတက်လာသလိုကို စိတ်လှုပ်ရှားခဲ့ရတာကိုမှတ်မိနေပါတယ်။ အထွေထွေသပိတ်ကြီးစတော့ ရန်ကုန်မြို့ရဲ့ လမ်းများပေါ်မှာနဲ့ မြို့ရွာအသီးသီးရဲ့လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့လူတွေ သန်းနဲ့ချီပြီး ပြည့်နှက်နေခဲ့တယ်လေ။ မြန်မာ့လူထုဟာသူတို့ရဲ့ကိုယ်ပိုင်ပန်းတိုင်အတွက်ချီတက်တဲ့ခေတ်ကို ရောက်သွားသလိုပါပဲ။
မေး။ ၁၉၈၈ နဲ့ပတ်သက်ရင် ဘယ်အရာကို မျက်စိထဲမှာ ခုထိ တိတိကျကျ မြင်ယောင်နေသေးလဲ။
ဖြေ။ ဒီနေ့ထိ ကျွန်တော့်ခေါင်းထဲမှာ ဝဲလည်လှည့်နေသေးတာကတော့ မြန်မာ့လူထုရဲ့သူရသတ္တိ၊ တီထွင်ဉာဏ်နဲ့ ဟာသဉာဏ်တွေကို ထင်ဟပ်တဲ့ပုံရိပ်သွင်တွေအများကြီးပေါ့။ နောက်တစ်ခုကတော့ တိုင်းရင်းသားဒေသ တစ်ခုက အသက်ခပ်ကြီးကြီးရှေ့နေတစ်ယောက်ရဲ့ရဲရင့်လှတဲ့အင်တာဗျူးအဖြေတွေပေါ့။ (သူ့ခွင့်ပြုချက်မယူနိုင်လို့ နာမည်မဖော်ပြနိုင်ပေမယ့် သူ့ကို တကယ်ကျေးဇူးတင်နေပါတယ်) ပြီးတော့ စစ်တပ်ကအာဏာသိမ်းတဲ့ အချိန်မှာ ကျွန်တော်က အမေရိကန်သံတမန်တစ်ယောက်နဲ့ ဖုန်းလိုင်းပေါ်မှာရှိနေခဲ့တယ်။ SLORC ဆိုတဲ့ အတိုကောက်ဝေါဟာရကို စကြားကြားချင်းပဲ ကျွန်တော့်ခေါင်းထဲမှာ (အင်္ဂလိပ်ဝေါဟာရ Slaught လို ) အသံထွက်တဲ့အတိုင်း အနက်မှာ သတ်ဖြတ်နှိပ်ကွပ်မယ့်သဘောကို ပက်ပက်စက်စက်ကြီး ထင်ဟပ်တဲ့အတိုကောက်စကားလုံးပါလားလို့ တွေးမိပါတယ်။ အဲဒီအတိုကောက်ရဲ့ဖွင့်ဆိုချက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတာမှာလည်း နိုင်ငံရေးလော်မာမှု သမိုင်းတစ်လျှောက်မှာ အင်မတန်ရှေ့နောက်မညီကမောက်ကမတွဲဘက်ထားတဲ့စကားစုဆိုတာမျိုးခံစားရပါတယ်။
မေး။ ကျောင်းသားဘယ်နှစ်ယောက်နဲ့ တွေ့ခဲ့ပါလဲ။ ခုထိမှတ်မိနေတဲ့သူ ဘယ်သူတွေရှိပါလဲ။ ဘာလို့မှတ်မိနေတာပါလဲ။သူတို့နဲ့ပတ်သက်ပြီး ခရစ္စကို ဆွဲဆောင်နိုင်ဆုံးကဘာဖြစ်မလဲ။ သူတို့ရဲ့တက်ကြွနေတဲ့ စိတ်တွေလား၊ ပုန်ကန်လိုနေတဲ့စိတ်တွေလား၊ ဒါမှမဟုတ် သူတို့ရဲ့လှုပ်ရှားမှုအစီအစဉ်စီစဉ်မှုတွေလား။
ဖြေ။ ကျောင်းသားဘယ်နှစ်ယောက်နဲ့တွေ့ခဲ့လဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စုစုပေါင်းတော့ အယောက် ၂၀ မကျော်ဘူးထင်ပါတယ်။ အဲဒီတုန်းက လူအတော်များများဟာ ဘီဘီစီနဲ့စကားမပြောချင်ကြတာနားလည်ပေးနိုင်စရာပဲလေ။ ဒါပေမယ့်အုပ်စုတစ်စုကတော့ သူတို့ရဲ့သတ္တိ၊ ဒေါသ၊ အစွမ်းအစတွေကြောင့် ကျွန်တော်နဲ့စကားပြောဖို့ ပေါ်ထွက်ခဲ့ပါတယ်။ ရန်ကုန်Strand ဟိုတယ်မှာတည်းနေတုန်း တစ်နေ့တော့အိပ်ခန်းပြန်ရောက်ချိန် ခေါင်းအုံးအောက်မှာ စာတစ်စောင်တွေ့ခဲ့ရပါတယ်။ စာထဲမှာ ဟိုတယ်အပြင်ဘက်နေရာတစ်ခုမှာ ဘယ်အချိန်အတိအကျ ကားနဲ့ လာခေါ်မယ်ဆိုတာပါပါတယ်။ အဲဒီလိုနဲ့ သူတို့ချိန်းတဲ့အတိုင်း ကျွန်တော်လိုက်သွားခဲ့ပါတယ်။ ကျွန်တော်မှတ်မိတာကတော့ ရန်ကုန်တက္ကသိုလ်ရဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။ ကျောင်းသားတွေက အသံတိုးတိုးနဲ့ပဲသူတို့ခံစား ရသမျှနှိပ်စက်ဖိနှိပ်မှုတွေကိုပြောပြပါတယ်။ ကျွန်တော့်ကို အဓိကအံ့အားသင့်စေခဲ့တာကတော့ သူတို့ရဲ့အပြစ်မဲ့မှုနဲ့ လက်နက်ကိုင်တပ်မတော်သားတွေနဲ့ယှဉ်လိုက်ရင် ကိုယ်ခန္ဓာကြံ့ခိုင်မှုလုံးဝအားနည်းလွန်းနေတဲ့ သူတို့ရဲ့ပုံပန်းသဏ္ဍာန် တွေပါပဲ။ ကျောင်းသားတစ်ယောက်က ကျွန်တော့်ကိုတော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲလို့မေးတော့ ကျွန်တော်က သူတို့တွေ တော်တော်လေး ရိုးအကြသေးတာပဲလို့ တွေးမိခဲ့ပါတယ်။ သတင်းထောက်တစ်ယောက်အနေနဲ့ သူတို့ကို မြင်မိတာကတော့ လှုပ်ရှားမှုထဲမှာနှစ်မြှုပ်ပြီး သတ္တိလည်းရှိ၊ စိတ်ဓာတ်လည်းပိုင်းဖြတ်ထားကြသလို မျှော်လင့်တာတွေက

လည်း တကယ့်ကိုစံပြဖြစ်လွန်းသလို ထူးဆန်းတာက အကောင်းလည်းမြင် လွန်းနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာတော့ လူသတ်တပ်မတော်ကြီးနဲ့ ရင်ဆိုင်နေတဲ့ သူတို့အတွက်အရမ်းကာရောကို စိုးရိမ်ကြောက်လန့်ခဲ့တာပါ။
မေး။ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လိုထင်ပါသလဲ။ မြန်မာ့ သမိုင်းအတွက် အရေးပါတဲ့လှုပ်ရှားမှုလား။ ဒါမှမဟုတ်သိပ်အရေးပါခဲ့တာ မျိုးမရှိလို့ထင်လား။
ဖြေ။ ကျွန်တော်ကတော့ ဒီလှုပ်ရှားမှုဟာ မြန်မာ့သမိုင်းသာမက အာရှဒေသတွင်းသမိုင်းမှာပါဖျောက်ဖျက်လို့မရအောင် လုံးဝဥဿုံအရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေဟာ ဒီလှုပ်ရှားမှုကနေအခြေတည်ခဲ့တာပါ။ ကျောင်းသားတွေနဲ့ ၈၈ လှုပ်ရှားသူအားလုံးဟာ မြန်မာနိုင်ငံမှာဒီမိုကရေစီ၊ လူ့ဂုဏ်သိက္ခာကြွယ်ဝချမ်းသာတဲ့ အနာဂတ်ကို အာမခံနိုင်သွားအောင် သူတို့ရဲ့ဘဝတွေကိုရင်းခဲ့ကြပါတယ်။ အသက်တွေကို နှင်းခဲ့ကြပါတယ်။ အပြောင်းအလဲဟာ ပြီးပြည့်စုံတဲ့အနေအထားကို မရောက်သေးပေမယ့် နောက်လာတဲ့မျိုးဆက်ဟာ ၁၉၈၈ လှုပ်ရှားမှုမျိုးဆက် အပေါ်မှာ ကျေးဇူးတွေအများကြီးတင်ရှိနေတာပါ။ သူတို့ကတကယ့်သူရဲကောင်းတွေပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့သတ္တိနဲ့လူ့ဂုဏ်သိက္ခာတွေဟာ အားကျစရာအတုယူစရာဖြစ်ရတဲ့အတွက်ကိုပဲမေ့လို့မရနိုင်ပါဘူး။ ကမ္ဘာ့အနေအထားကိုကြည့်ပြီး အာရှမှာရှိခဲ့တဲ့စစ်အေးနိဂုံးကို သုံးသပ်ကြည့်မယ်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားထုကြီးဟာ ၂၀ ရာစုမှာရော မြန်မာ့သမိုင်းမှာပါ နေရာမှန်တစ်ခုအခိုင်အမာရသင့်တယ်လို့ ကျွန်တော်မြင်ပါ တယ်။ ဒီ ၁၉၈၈ လှုပ်ရှားမှုဆိုတာ တရုတ်ပြည်တီယန်မင်လှုပ်ရှားမှုထက် ၁ နှစ်စောပြီး အင်ဒိုနီးရှားက ဆူဟာတိုကိုဖြုတ်ချတဲ့လှုပ်ရှားမှုထက် ၁၀ စုနှစ်တစ်ခုလုံးလုံး စောတယ်ဆိုတာကို မမေ့ကြပါနဲ့။ ၈၈ လှုပ်ရှားမှုနဲ့ ကျောင်းသားထုဟာ အာရှနိုင်ငံရေးမှာကို သမိုင်းဝင်ခြေရာတစ်ခု၊ လမ်းတစ်လမ်းဖောက်ထွက်ခဲ့တာပါ။ ၁၉၈၆ ခုနှစ်ကဖိလစ်ပိုင်မှာမားကို့စ်ကို ဖြုတ်ချခဲ့တာ ပြည်သူ့အာဏာနဲ့ဆိုတာ မှန်သင့်သလောက်မှန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ မားကို့စ်နဲ့သူ့ရဲ့ခရိုနီတွေကို တွန်းချခဲ့တာ စူပါပါဝါဖြစ်တဲ့ အမေရိကလို့ဆိုရမှာပါ။ အဲဒါနဲ့ယှဉ်ရင် မြန်မာဟာဘယ်သူနဲ့မှလည်း အချိတ်အဆက်မရှိခဲ့ပါဘူး။ မဆလစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ရုန်းကန်လှုပ်ရှားမှုဟာတကယ်တော့ အထီးကျန်လှုပ်ရှားမှုပါ။ ကြိုတင်ကြံစည်ပြင်ဆင်ခဲ့ တာမျိုးလည်းမရှိခဲ့ပါဘူး။ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေနဲ့အရေးယူတဲ့အချိန်မှာ အာဆီယံနဲ့တရုတ်လို အိမ်နီးချင်းတွေက အာဏာရှင်အစိုးရကို ဝိုင်းအားပေးခဲ့ကြတာမျိုးပဲရှိတာမို့ ဘယ်သူ့အကူအညီမှ ဟုတ်တိပတ်တိမရခဲ့တဲ့ ၈၈ ကျောင်းသားလှုပ်ရှားမှုဟာ သူရဲကောင်းဆန်တယ်လို့လည်းပြောလို့ရပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့အ၀န်းက အာဏာရှင်တွေရဲ့ ထုံးစံအတိုင်းထိတ်လန့်ဖွယ်တုံ့ပြန်မှုတွေအပါအဝင် အခက်အခဲမှန်သမျှကိုတောင့်ခံခဲ့ရတဲ့ ဒီလှုပ်ရှားမှုဟာအာရှမှာရှိတဲ့ ဖိနှိပ်ခံလူထုကို ရိုက်ခတ်ခဲ့ပါတယ်။ သူ့နိုင်ငံရဲ့အာဏာရှင်ကိုအံတုပြီး နိုင်ငံအနာဂတ်အပြောင်းအလဲကိုလည်း ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကမ္ဘာ့စစ်အေးခေတ်ဟာ ဥရောပမှာစတင်ပြီးဆုံးခဲ့တာမဟုတ်ဘဲ အာရှမှာဦးစွာ ပြီးဆုံးခဲ့တာပါ။ အဲဒီစစ်အေးနိဂုံးမှာ ၈၈ ကျောင်းသားလှုပ်ရှားမှုဟာ ရှေ့တန်းတစ်နေရာကပါပါတယ်။ ဒီလိုပြောတာ မြှောက်ပင့်ပြောသလို လေကျယ်သလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကအဲဒီလိုကိုယုံကြည်ပါတယ်။
မေး။ ၁၉၈၈ လှုပ်ရှားမှုမှာ ကျောင်းသားတွေရဲ့အခန်းကဏ္ဍကို ဘယ်လိုမြင် သလဲ။ ဦးနု၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်စတဲ့ခေါင်းဆောင် တွေနဲ့ယှဉ်ရင်ကျောင်းသားခေါင်းဆောင်ဆိုသူတွေက နယ်ရုပ်လေးတွေ လောက်ပဲဖြစ်ခဲ့လား။ ဒါမှမဟုတ်ဘာတွေဖြစ်ခဲ့လဲ။
ဖြေ။ ကမ္ဘာရဲ့ဒီနေ့အခြေအနေကို လှည့်ပတ်ကြည့်ရင်တောင် နိုင်ငံရေးအပြောင်းအလဲအခန်းကဏ္ဍကို အသိအမှတ်မပြုဘဲနေဖို့မဖြစ်နိုင်ပါဘူး။ လူကြီးနိုင်ငံရေးသမားတွေဆိုတာကတော့ လူငယ်ကျောင်းသားတွေထွင်ခဲ့တဲ့ နိုင်ငံရေးခြေရာလမ်းတစ်လျှောက် သူတို့ကိုယ်တိုင် မလျှောက်နိုင်ချိန်မှာ ဆက်ပြီးတက်လျှောက်ပေးဖို့ ဖြစ်လာတာမျိုးရှိပါတယ်။ ၁၉၈၈ မှာ ကျောင်း သားတွေရဲ့ခေါင်းဆောင်မှုမှာ အဓိကသော့ချက်လိုဖြစ်တဲ့ လက္ခဏာသွင် ပြင်ကတော့ သူတို့ရင်ဆိုင်ရတဲ့ကြမ်းတမ်းနှိပ်စက်မှုကြောင့် တစ်ခြားလှုပ်ရှားမှုတွေနဲ့ ကွဲပြားခြားနားလွန်းသလို ရုတ်တရတ်ပေါ်ထွက်လာတာမျိုး လည်းဖြစ်ပါတယ်။ ပြီးတော့ကောင်းကောင်းလည်း အနက်မဖွင့်ထားနိုင် ပါဘူး။ (ဘယ်လိုလှုပ်ရှားမှုမျိုးပါလို့ ဖွင့်ဆိုရှင်းပြဖို့ခက်တာမျိုးပေါ့။ ဒါ လည်း တကယ့်ကိုအမှန်ပါ) တကယ်တော့ အဲဒီလိုဖြစ်တာကိုက ကျောင်းသားတွေကို ပိုပြီးထိထိရောက်ရောက်စွမ်းနိုင်စေခဲ့တယ်လို့ဆိုရမှာပါ။ (ရယ်စရာလိုတော့ ဖြစ်မှာပေါ့။) ဒါကြောင့်ပဲ ဒီလှုပ်ရှားမှုကြီးကရပ်လို့မရတော့တာလေ။ မြန်မာ့ကျောင်းသားတွေမှာ ခေါင်းဆောင်အစုအဖွဲ့ဆိုတာ အတည်တကျအာဏာပိုင်ဖွဲ့စည်းပုံမျိုး လုံးလုံးမရှိဘဲ အချိန်ရဲ့လိုအပ်ချက်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ဒါ့အပြင် ပထဝီအနေအထားအလိုက်လဲ ပြန့်ကျဲ ပြီး စုစည်းဖို့ခက်ပြန်ပါတယ်။ ဒီနေရာမှာ ကိုယ်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်း တွေကို ခွဲခွာပြီး လှုပ်ရှားမှုဆက်လက်အသက်ဝင်အောင် နယ်စပ်ကိုထွက်ခွာ လာခဲ့တဲ့ မိုးသီးဇွန်တို့လို ကျောင်းသားတွေကိုလည်း ထည့်တွက်ရပါမယ်။ ၈၈ ကျောင်းသားတွေဟာ နယ်ရုပ်လေးတွေလိုဖြစ်ခဲ့လား ဆိုတာကတော့ ဘယ်သူ့ရဲ့နယ်ရုပ်ဖြစ်ရမှာလဲ။ ဘယ်သူကမှ သူတို့ကိုအဲဒီလိုပြောနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့တွေ့နေရတဲ့ အပြောင်းအလဲတွေဟာ သူတို့ကပဲစခဲ့တာပါ။ အခုထိလည်း သူတို့ဟာအကြံသစ်၊ ဉာဏ်သစ်တွေကို သယ်ဆောင်နေပါတယ်။ မြန်မာ့လက်ရှိနိုင်ငံရေးဘဝမှာပေါ်ထွက်လာတဲ့ အပြန်အလှန်ထိန်းကျောင်းမှုဆိုတာကိုလည်း စောင့်ကြည့်ထိန်းကျောင်းပေးနေပါတယ်။ (ချက်စ်စကားနဲ့ပြောရင် ချက် နေပါတယ်ပေါ့) ကျွန်တော်ကတော့ သူတို့ရဲ့ လှုပ်ရှားမှုကို တကယ့်ကိုခမ်းနားစွာမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ ၁၉၈၈ ဇူလိုင်လ ကျွန်တော် ရန်ကုန်မှာရှိစဉ်တုန်းက သူဟာ လူထုမြင်ကွင်းထဲကို မရောက်လာခဲ့သေးပါဘူး။ နောက်တစ်လအကြာ ရွှေတိဂုံမိန့်ခွန်းပြောတော့မှ သူကလူထုကြားကိုရောက်လာတာပါ။ ဒါပေမယ့် သူဟာ ရုတ်တရတ်ထဖြစ်လာတဲ့ လှုပ်ရှားမှုကနေပါရာက အစီအစဉ်တကျဖြစ်ပြီး စုစည်းတဲ့နိုင်ငံရေးလှုပ်ရှားမှုကြီးအဖြစ် ကူး ပြောင်းရာမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့တာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ ဦးနုနဲ့ ဦးအောင်ကြီးတို့လိုလူကြီးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ။ ပြည်တွင်းလှုပ်ရှားမှုအနေအထားကနေ ပြည်ပကပါ စိတ်ဝင်စားသွားအောင်၊ အရောင်ပိုထွက်လာအောင် ကူညီရာမှာအရေးပါခဲ့ပါတယ်။
မေး။ ကျောင်းသားတွေဟာ ၈၈မှာ တကယ့်ခေါင်းဆောင်အစစ်တွေဆိုရင် ဘယ်သူက ၈၈၈၈ ဆိုတာကို ဦးဆောင်ခဲ့လဲ။ ကိုမင်းကိုနိုင်လား၊ ကိုကိုကြီးလား၊ ကိုမင်းဇေယျလား၊ ကိုဋ္ဌေးကြွယ်လား။
ဖြေ။ ၁၉၈၈ လှုပ်ရှားမှုကို ဘယ်သူက ဦးဆောင်ပါတယ်လို့ ပြောဖို့တော့ခက်ပါတယ်။ ကျွန်တော်အမြင်ကတော့ လှုပ်ရှားမှုဟာ သူ့ အလိုလိုပေါ်ထွက်လာပြီး ခေါင်းဆောင်မှုဟာ အကောင်အထည်သဘောထက် လှိုင်းအရွေ့သဘော ဆန်ပါတယ်။ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ပြီး အားလုံးဟာ အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာ သူမတူ အရေးပါခဲ့ပါတယ်။ အဲဒီလိုဖြစ်လို့ကို လှုပ်ရှားမှုကထိရောက်ခဲ့တာလို့ ပြောရမလိုပါပဲ။ မြန်မာ့တပ်မတော်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်ပုန်ကန်သူတွေကိုနှိမ်နင်းခဲ့ပါတယ်။ စစ်တပ်မှာ အမြဲတမ်းမှန်တဲ့ အမှန်တရားတစ်ခုကတော့ နောက်ဆုံးစစ်ပွဲ တွေကို ဗိုလ်ချုပ်တွေကိုယ်တိုင် တိုက်တယ်ဆိုတာပါ။ ဒါပေမဲ့ ၁၉၈၈ မှာတော့ ကိုယ်ဘာသာကျေနပ်နေတဲ့ မြန်မာ့အာဏာရှင်အစိုးရ ဟာ ရုတ်တရက်ဆိုသလိုရန်သူ အသစ်တစ်မျိုးကိုရင်ဆိုင်လာရပြီး သူတို့ဘာသာသူတို့ အရှုံးမရှိနိုင်လို့ တွေးထင်မှု တွေနဲ့တိမ်းမူးလာပြန်ပါတယ်။ ဒီရန်သူအသစ်ကတော့ တစ်ချိန်လုံးပြောင်းလဲနေတာပါ။ အမျိုးစုံပုံကလည်း အသင်္ချေအနန္တပေါ့။ မြို့ပေါ်က ပညာတတ်လူတန်းစားတွေလေ။ သူတို့ကို စိတ်ဓာတ်တကြနေပြီး သေသေချာချာလည်း မထင်ရှားပေမယ့် စိတ်တူကိုယ်တူ လူငယ်တွေစုဖွဲ့ထားတဲ့ အုပ်စုက ဦးဆောင်ပါတယ်။ သူတို့အားလုံးကို တောရောမြို့ပါလူထုကြီးက အပြည့်အဝအားပေးပါတယ်။ ဒါကြောင့် ဒီလို ကျောင်းသားခေါင်းဆောင်တွေပေါ်ထွက်လာတဲ့အခါ သွေးကြီးသလောက် လူထုအရေးကြောင့်ကြမဲ့တဲ့ စစ်တပ်ဟာတွေဝေစပြုလာပါတယ်။ ဒီလိုပေါ်ထွက်လာတာဟာ မတော်တဆပဲ ဖြစ်လာတာလား။ သေချာစီမံခဲ့တာများလားရယ်လို့ပေါ့။ ဒီလိုပြောနိုင်ဖို့ ကျွန်တော့်မှာ သက်သေတွေအများ ကြီးပဲရှိပါတယ်။ ဥပမာ ဦးစိန်လွင်ဟာ သမ္မတအဖြစ် ၁၈ ရက်ပဲလုပ်ပြီး ရာထူးကဖယ်ရှားခံလိုက်ရတာဟာ စစ်တပ်အနေနဲ့ယောက်ယက်ခတ်လာတာကို ပြတာ။ အော်ကြီးဟစ်ကျယ်နဲ့ရွေးထုတ်ခန့်လိုက်ပြန်တဲ့ ဒေါက်တာ မောင်မောင်ကလည်း စစ်အစိုးရမတက်ခင် အချိန်ပိုင်းလေးပဲခံလိုက်ပြန်တာ ပါ။ စစ်တပ်မှာကျောင်းသားတွေ ခေါင်းဆောင်တဲ့ဆန္ဒပြမှုကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ အရိပ်အမြွက်လေးတောင် သေချာမသိခဲ့ပါဘူး။ အဖြစ်အပျက်တွေပေါ်လာတိုင်း သူတို့ရွေ့သမျှတွေကလည်း မှားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ကြီးကြီးငယ်ငယ်၊ ကျားမ မရွေးအားလုံးကို သူတို့ရဲ့ အံ့မခန်းသတ္တိတွေအတွက်အမှတ်ရနေမှာပါ။
မေး။ ၁၉၈၈ မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ။ အဲဒီအချိန်က သူ့အပေါ်ပထမဆုံးနဲ့နောက်ဆုံးအမြင်ကို ပြောပြပေးပါလား။
ဖြေ။ ၁၉၈၈ လှုပ်ရှားမှုတွေ တစ်ဝက်ကျိုးတဲ့အထိ သူက အတိုက်အခံရယ်လို့မဖြစ်လာခဲ့သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့အခန်းကဏ္ဍက ရေတွက်လို့ရနိုင်တာမျိုးမဟုတ်သလို အခုထိလည်းဆက်ပြီးရှိနေပါသေးတယ်။ သူက အရင်ကရောအခုပါ ထူးချွန်ထင်ရှားလွန်းခဲ့တဲ့ပြယုဂ်တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်သူနဲ့လူချင်းမဆုံခဲ့ဖူးသလို သူနဲ့ပတ်သက်တဲ့သတင်းလည်း မတင်ဆက်ဖူးသလောက်ပါပဲ။ သူ့အခန်းကဏ္ဍက လှုပ်ရှားမှုတွေကိုကျောင်းသားတွေက စတင်လုပ်ဆောင်ပြီးနောက်ပိုင်းမှ စတင်လာတာ ဖြစ်ပါတယ်။
မေး။ ၂၀ဝ၇ လှုပ်ရှားမှုထက်စာရင် ၁၉၈၈ လှုပ်ရှားမှုမှာ လူထုပိုပြီးပါခဲ့တဲ့ အပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ၂၀ဝ၇ တုန်းက ကျွန်တော် မြန်မာပြည်မှာမဟုတ်လို့ဖြေရတော့ ခက်ပါတယ်။ ၂၀ဝ၇ မှာ လူထုက စစ်အစိုးရရဲ့ နေရာကွက်ကျားပေမဲ့ အချိန်ပြည့် ဆက်တိုက်ခံရလွန်းလို့ ကြောက်ရွံ့နေကြပြီဖြစ်ပါတယ်။ မန္တလေးမှာ ဖြစ်ခဲ့တာတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်ဆံတာတို့ကနမှုနာပေါ့။ ဒါပေမယ့် ၈၈ ကိုပဲပြောပြော ၂၀ဝ၇ ကိုပဲကြည့်ကြည့် အဓိကကျတဲ့အချက်ကတော့ ငယ်ငယ်ကြီးကြီး မြန်မာလူထုကြီးတစ်ရပ်လုံးက တစ်ခြားနိုင်ငံကလူထုတွေခံစားနေရသလို ဒီမိုကရေစီနဲ့စီးပွားရေး ဆိုင်ရာအခွင့်အရေးတွေကိုရရှိဖို့နဲ့လွတ်လပ်ခွင့်ရဖို့ အင်မတန်မှလိုချင်ဆန္ဒရှိနေကြတာပါပဲ။ မြန်မာလူထုဆိုတာလူသားမျိုးနွယ်အားလုံးနဲ့ ဘာမှမကွာခြားပါဘူး။ သူတို့ခံစားခဲ့ရတာက နှစ်ကာလအလွန်ရှည်ကြာလှပါပြီ။ ကျွန်တော် သူတို့ကြွယ်ဝပြီး သိက္ခာလည်းရှိ၊ ငြိမ်းလည်းငြိမ်းချမ်းတဲ့အနာဂတ်ရှိစေချင်လှပါပြီ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့အဲ့ဒီအနေထားအလို့ငှာကြိုးစားခဲ့ကြတော့ ၁၉၈၈ သူရဲကောင်းများကိုမမေ့သင့်ပါဘူး။
မေး။ ၈၈၈၈ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ခရစ္စရဲ့ခံစားချက်နဲ့ အတွေ့အကြုံကိုခပ်ကျဉ်းကျဉ်းပုံဖော်ပြရရင်ဘယ်လိုဖြစ်မလဲ။
ဖြေ။ ပထမဆုံးတော့ ၁၉၈၈ မှာ ကျွန်တော့်ကို အဖိုးမဖြတ်နိုင်လောက်အောင် ကူညီပေးခဲ့ရာက ထောင်ကျခဲ့ရသူတွေ၊ လွတ်လပ်ပြီးကျန်သူတွေ၊ သေဆုံးခဲ့သူတွေ၊ ရှင်ကျန်သူတွေအားလုံး အားလုံးကိုကျေးဇူးတင်သလို လေးစားဂုဏ်ပြုကြောင်း ပြောပါရစေ။ သူတို့မပါဘဲနဲ့ကျွန်တော်ဘာဆို ဘာမှလုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။ ၁၉၈၈ က အဖြစ်အပျက်တွေကို ကျွန်တော် တင်ဆက်နိုင်ခဲ့တယ်ဆိုတာ မြန်မာလူထုတွေက ကျွန်တော့်ကို သူတို့ရဲ့ဘဝနဲ့လွတ်လပ်မှုတွေ အထိခိုက်ခံပြီး အင်တာဗျူးပေးခဲ့ကြ၊ သုံးသပ်ချက်တွေပြောပေးခဲ့ကြတာကြောင့်ပါ။ အထူးသဖြင့် ရခိုင်လူမျိုးစကားပြန်တစ် ယောက်ဟာ တစ်နေ့ကို ၁၈ နာရီနှုန်းနဲ့ သုံးလတိုင်တိုင် ကျွန်တော်နဲ့အလုပ်အတူလုပ်ပေးခဲ့ပါတယ်။ သူ့ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ၈၈ လှုပ်ရှားမှုမှာ သူ့အခန်းကဏ္ဍ ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ သူ့ဖာသာသိနေတဲ့ အရှေ့ကြယ် ကိုရောပေါ့။ သူတို့ရဲ့ကျေးဇူးကိုတော့ ဟိုတုန်းကတည်းကရော အခုထိပါမမေ့နိုင်ပါဘူး။ နောက်တစ်ချက်ကတော့ စစ်အစိုးရက လုပ်ကြံခဲ့တဲ့ ဒဏ္ဍာရီဖြစ်တဲ့ခရစ္စတိုဖာဂန်းနက်စ်ကြောင့် ၈၈ လှုပ်ရှားမှုဖြစ်လာရတယ်ဆိုတာကို ပယ်ဖျက်စေချင်ပါတယ်။ ဒီစွပ်စွဲမှုကို ကြည့်ရင် အတွေ့အကြုံမရှိသေးတဲ့ အသက် ၂၀ ကျော်သတင်းထောက် တစ်ယောက်က လူထု ၄၅ သန်းကို ကြွလာအောင် လုပ်ခဲ့တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာဘဲ။ တကယ့်အကြောင်းအရင်းကနေလည်း သွေဖီစေပါ တယ်။ တကယ်တော့ အဂတိလိုက်စားပြီး ရုန်းရင်းကြမ်းတမ်းလှတဲ့ ဗိုလ်ချုပ်ကြီးများကို ၂၆ နှစ်ကြာအောင် ဒေါသထွက်နေခဲ့တဲ့လူထုဟာ ပေါက်ကွဲ လုဖြစ်နေခဲ့တာကြောင့်ပါ။ ကျွန်တော် လုပ်ခဲ့သမျှအားလုံးကတော့ အခြေ အနေကို အမှန်အတိုင်းတွေ့မြင်နိုင်အောင် မှန်ထောင်ပြလိုက်တဲ့သဘောပါပဲ။ တကယ့်သူရဲကောင်းတွေကတော့ သူတို့တွေ့မြင်ရတဲ့အရာတွေအပေါ်မှာ ရုတ်ချည်းဆိုသလို သတ္တိရှိရှိ စိတ်ဆုံးဖြတ်ချက်ပိုင်ပိုင်လုပ်ဆောင်ခဲ့ကြတဲ့ မြန်မာလူထုပါပဲ။ ကျွန်တော်က ဘာသာရေးကိုင်းရှိုင်းသူမဟုတ်ပေမယ့် သမ္မာကျမ်းစာထဲက အကြောင်းတစ်ကြောင်းကို သတိရမိပါတယ်။ သင် ဟာ အမှန်တရားကို သိရမယ်။ အမှန်တရားက သင့်ကို လွတ်လပ်စေမယ် ဒီစကားက ၁၉၈၈ မှာရော အခုအထိပါ မြန်မာနိုင်ငံအတွက် မှန်ပါတယ်။ နောက်ဆုံးကတော့ မြန်မာလူထုဟာ သူတို့နည်းသူတို့ဟန်နဲ့သူတို့ ၁၉၈၈ အဖြစ်အပျက်တွေကို ကိုင်တွယ်ဖြေရှင်းသွားမှာပါ။ လူသားသိက္ခာနဲ့ တရားမျှတမှုဆိုတာ ခွဲခြားလို့ရတာမှ မဟုတ်တာပဲ။ ကျွန်တော့်မှာ မြန်မာလူထုဟာ သူတို့ကိုယ်ပိုင်သိက္ခာနဲ့ တရားမျှတမှုရရှိအောင် ဘယ်လိုရှာသင့်ပါတယ်ဆိုတဲ့ ဆေးညွန်းတော့ မရှိပါဘူး။ ဒါပေမယ့် မြန်မာလူထုမှာသာ သိက္ခာမရှိဘူးဆိုရင် ကျွန်တော်တို့ လူသားအားလုံးရဲ့သိက္ခာဟာလည်း နိမ့်ကျနေဦးမှာပဲဆိုတာကိုတော့ ကျွန်တော် သံသယ မရှိပါဘူး။
ဝ၂၃

One comment on “၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပြည်သူ့အသံကို ထင်ဟပ်စေခဲ့သည့် ဘီဘီစီသတင်းထောက် ခရစ္စတိုဖာဂန်းနက်(စ)နှင့် တွေ့ဆုံခြင်း

Leave a Reply

Your email address will not be published. Required fields are marked *