သုခဒန္တီသွားနှင့်ခံတွင်းအခမဲ့ဆေးကုသရေးဆရာဝန်များအဖွဲ့၏ပြည်သူ့အကျိုးပြုဆောင်ရွက်နေမှု

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အသည်းရောင်ရော ဂါ၊ အိပ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်ကဲ့သို့သော ကူးစက်ရောဂါ၊ အနာကြီး ရောဂါအစရှိသည့် ဝေဒနာသည်များအား ကူညီစောင့်ရှောက်ပေးနေသည့်အသင်းအဖွဲ့များနည်းတူခန္ဓာကိုယ်အတွက် အရေးကြီး အစိတ်အပိုင်းတစ်ခု ဖြစ်သည့်သွားနှင့်ခံတွင်းရောဂါများအတွက်ကိုလည်း ကရုဏာရှင်ဆရာဝန် များက စေတနာရှင်၊ အလှူရှင်များနှင့်ပူးပေါင်းဖြေရှင်းပေးလျက်ရှိရာ ယခုတစ်ပတ်အတွက် ပဲ့တင်သံဂျာနယ်၏အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍတွင် မန္တလေးမြို့က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဆရာဝန်လူငယ်များ ဖွဲ့ စည်းထားသော သုခဒန္တီသွားနှင့်ခံတွင်း အခမဲ့ဆေးကုသရေးဆရာဝန်များအဖွဲ့၏ ပြည်သူအကျိုးပြုဆောင်ရွက်နေပုံများကို တင်ပြလိုက်ပါသည်။
ယင်းအဖွဲ့အနေနှင့် ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်း အသင်းဖွဲ့စည်းစဉ်ကာလမှစပြီး၊ အထူးသဖြင့်ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများ သို့လှည့်လည်ကာသွားရောဂါဝေဒနာသည်များနှင့် ခံတွင်းရောဂါဝေဒနာသည်များအတွက် တစ်ပိုင်တစ်နိုင်မှသည် အစွမ်းကုန်ကူညီဆောင်ရွက်ပေး ခဲ့ကြပြီး ထိုသို့ဆောင်ရွက်ရာတွင်လည်း အဖွဲ့ဝင် ဆရာဝန်များ စုဆောင်းထားသည့် ကုသရေးကိရိယာများဖြင့်သာ အခမဲ့ကုသပေးခဲ့ကြောင်းသိရသည်။ အဖွဲ့ဝင်ဆရာဝန်များအနေနှင့် ဘာသာရေး၊ လူမျိုးရေးနှင့်နိုင်ငံရေးသဘော တရားများမပါဝင်ဘဲ စိတ်တူကိုယ်တူလူငယ်ဆရာဝန်များ စုစည်းညီညွတ် ကြကာ တစ်နိုင်တစ်ပိုင် ထည့်ဝင်ငွေများဖြင့် စေတနာ၊ ကရုဏာအရင်းခံပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်ကြောင်းကိုလည်း အဖွဲ့ဝင်ဆရာဝန် တစ်ဦးဖြစ်သည့် ဒေါက်တာဟိန်းသက်ပိုင်က ယခုလိုရှင်းပြသည်။
စိတ်တူကိုယ်တူ သူငယ်ချင်းတွေစုစည်းပြီး တစ်ဦးချင်းထည့်ဝင်ငွေ တွေနဲ့လုပ်ကြတာပါ။ အလှမ်းဝေးတဲ့ကျေးရွာတွေအတွက် ဆေးကုသရေး သွားတဲ့အခါတွေမှာတော့ စေတနာရှင်အလှူရှင်တွေဘက်က သွားရေး၊ လာ ရေးနဲ့စားသောက် နေထိုင်စရိတ် တွေကို ပံ့ပိုးပေးဖို့လိုပါတယ်။ ကိရိယာတန်ဆာပလာတွေနဲ့ ဆေးဝါးတွေကိုတော့ ကျွန်တော်တို့ဘက်ကပဲ တာဝန်ယူမှာပါ။ ဆေးဝါးတွေနဲ့တကွ အခမဲ့ကုသပေးတာပါ ဟု ယင်းကဆိုသည်။သီးခြားရန်ပုံငွေသီးသန့်စီစဉ်ထားခြင်းမရှိဘဲ စုဆောင်းထား သည့် သွားဘက် ဆိုင်ရာကုသရေးကိရိယာများနှင့်ကိုယ်ပိုင်ငွေကြေးအသုံးပြုဝယ်ယူထားသော ဆေးဝါးများဖြင့် အခမဲ့ကုသပေးခြင်းဖြစ်သည့်အတွက်လည်း နယ်လှည့်ကုသရေးအစီအစဉ်များအတွက် ဖိတ်ခေါ်သူစေတနာရှင်ဘက်က ကုန် ကျစရိတ်နှင့်ပတ်သက်ပြီး မျှဝေတာဝန်ယူပေးရန်လိုအပ်မည်ဟု ယင်းကပြောခြင်းဖြစ်သည်။
ထို့အပြင် ကျေးလက်ဒေသများသာမကဘဲ မြို့ပေါ်ရပ်ကွက်အစုအဖွဲ့များက ဖိတ်ကြားလာလျှင်လည်း အလျင်းသင့်သလို အချိန်ယူညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဆေးကုသမှုအစီအစဉ်များတွင် ခွဲစိတ်ကုသမှုကလွဲပြီး သွားနုတ်၊ သွားဖာ၊ သွားချေးချွတ် အစရှိသည့်သတ်မှတ်ကုသမှုအစီအစဉ်များဖြင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးအတွက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဒေါက်တာဟိန်းသက်ပိုင်က ဆက်လက်ပြောပါသေးသည်။
အဖွဲ့ဝင် ၃ဦးခန့်ဖြင့် စတင်ခဲ့သည့်ယင်းတို့အဖွဲ့တွင် တဖြည်းဖြည်းနှင့် ဝါသနာတူဆရာဝန် (၂၀)ဦးခန့်အထိရှိလာပြီး အဖွဲ့ဝင်အင်အားကောင်း မွန်လာသည့်အလျောက် မြန်မာနိုင်ငံအထက်ပိုင်းဒေသများထိတိုင်အောင် သွားရောက်လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ဟု အဖွဲ့ဝင်နောက်ထပ်တစ်ဦးကလည်း ဝင်ရောက်ပြောဆိုသည်။
အဖွဲ့ဝင်များအနေနှင့် နယ်လှည့်ကုသရေးအစီအစဉ်များတွင် အလှည့် ကျတာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည့်တိုင်းဒေသကြီးများနှင့် ပြည်နယ်များက ကျေးလက်တောရွာများသို့ သွားရောက်ဆေးကုသမှုပြုခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းက ရပ်ကွက်ကျေးရွာတချို့တွင်လည်း သွားရောက်ကုသမှုပြုခဲ့ပြီးဖြစ် ကြောင်းနှင့် ဆေးကုသမှုပေးခဲ့သည့် လူဦးရေအနေနှင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလက ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့၌ သွားနှင့် ခံတွင်း ဆိုင်ရာဝေဒနာသည် ၆၄၈ ဦးအပါအဝင် လစဉ်လတိုင်းဆက်လက်ကုသမှု ပေးခဲ့ရာ ၂၀၁၃ခုနှစ် သြဂုတ်လအထိ စုစုပေါင်းဝေဒနာသည် လေးထောင်ကျော် ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီးတော့လည်း ယခုနှစ်ကုန်ပိုင်းအထိ ကြိုတင်လျာထားသည့်အစီအစဉ်များရှိရာ ၂၀၁၃ ခုနှစ်အတွက် စက်တင်ဘာလတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သလဲကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကမ္မစံပြကျေးရွာသို့လည်းကောင်း၊ အောက်တိုဘာလတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ငါးလုံပြွန်ကျေးရွာသို့လည်း ကောင်း၊ နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့သို့လည်းကောင်း၊ ဆက်လက်၍ ဒီဇင်ဘာလတွင် မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် ကျင်းကျေးရွာသို့လည်းကောင်း နယ်လှည့်ကုသမှုအစီအစဉ်များရှိရာ နောက်ထပ်ကုသိုလ်ပြု ဖိတ်ခေါ်ကြ မည့် အလှူရှင်များအနေနှင့် ကြိုတင်အကြောင်းကြားရန် လိုအပ်မည်ဟု လည်း ဒေါက်တာဟိန်းသက်ပိုင်က ပဲ့တင်သံဂျာနယ်သို့ ပြောသည်။
ဆက်လက်ဆောင်ရွက်မည့်အစီ အစဉ်များတွင် စေတနာရှင်၊ အလှူ ရှင်များဘက်က သွားလာရေးခရီး စဉ် များအတွက်ကို တာဝန်ယူရမည် ဖြစ်ပြီး နယ်လှည့်အခမဲ့ဆေးကုသပေးရာတွင် အသုံးပြုမည့်ဆေးဝါးနှင့်ဆေးပစ္စည်းများဝယ်ယူရန်အတွက် ကိုတော့ အဖွဲ့ဝင်ဆရာဝန်များမှ အလှူငွေထည့်ဝင်၍ ကုန်ကျစရိတ်ကို မျှဝေကျခံကြမည် ဖြစ်သည်။
သုခဒန္တီသွားနှင်ခံတွင်း အခမဲ့ဆေးကုသရေးဆရာဝန်များအဖွဲ့အနေနှင့် နိုင်ငံတော်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ရေရှည်ရပ်တည်နိုင်ရေးနှင့်အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ် မသွားရေးအတွက်ကိုလည်း ပြည်တွင်းအလှူရှင်များက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာဆေးဝါး ကုမ္ပဏီများဘက်ကလည်းတတ်နိုင်သမျှသောအင်အားဖြင့် ဆေးကုသရေးကိရိယာများ၊ ဆေးဝါးပစ္စည်း များထောက်ပံ့ ကူညီလှူဒါန်းသင့် ကြောင်း၊ တစ်ဖက်တစ်လမ်းမှပါဝင်လှူဒါန်းလိုလျှင်ဖြစ်စေ၊ အခမဲ့ဆေး ကုသပေးရန်အတွက် ဖိတ်ခေါ်လို လျှင်ဖြစ်စေ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဟိန်းသက်ပိုင်(ဖုန်း ဝ၉- ၉၁၀၃၆၈၂၃)၊ ဒေါက်တာ ကျော့စန္ဒီဝင်း (ဖုန်း ဝ၉-၄၀၂၆၉၇၆၈၀) နှင့် ဒေါက်တာ အောင်ဇော်လင်း (ဖုန်း ဝ၉-၂၃၀၁၄၆၀)သို့ ဆက် သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
ဝ၀၉

Leave a Reply

Your email address will not be published.