ဆင်ခြေထောက်နှင့် အရပ်ထဲက ဂျင်းသုပ်ပုံပြင်များ

ခုတလောအရပ်ထဲမှာ လူပြောများနေကြတဲ့အရာဟာ မိုးတွေဝုန်းဆို ရွာချလိုက်တဲ့နေ့မှာပဲ ကျွန်တော့်ဆေးခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာပါတော့တယ်။ ”ဆရာ ဆရာ၊ ကျွန်မတို့ ဆွေးမျိုးနီးစပ်အစ်မတစ် ယောက်ဆေးရုံတင်လိုက်ရတယ်။ အဲ ဆေးတွေ သူတို့လာတိုက်ပြီးကတည်း က”တဲ့။ ဒါနဲ့ပဲ အလန့်တကြားမေးမိရသေး။ ”ဟဲ့ မိမော်၊ ညည်းဟာက အစမရှိဘာကြီးတုန်း”။ အဲမှာတင် မိမော်က မြန်မာပြည်ကျန်းမာရေးဦး စီးဌာနက လောလောလတ်လတ် တိုက်ကျွေးနေတဲ့ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးအကြောင်း အရွှန်းဝေအောင် ပြောပြပါတော့တယ်။
မိမော်ဆိုတာ ကျွန်တော့်ရဲ့ လူနာအရင်းခေါက်ခေါက်ပါ။ သူက အရပ်ထဲမှာ ပြည်သူ့မောင်းလို့လည်း နာမည်ရထားသူဆိုတော့ ကျွန်တော်တို့ ရပ်ကွက်လေးထဲမှာ ခြင်သေရင်တောင် ကောင်ရေအတိအကျ သူကမှတ်မိ တယ်ဆိုတာမျိုး။ အပ်ကျရင်တောင် သူအရင်သိဆိုတာမျိုးပါ။ ခုလည်း ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာဒုတိယပတ်ကစလို့ ဆင်ခြေထောက် ကာကွယ်ဆေး မြို့နယ် ၂ဝ၄ ခုမှာ တိုက်ကျွေးတယ်လည်းဆိုရော၊ သောက်ပြီးသူတွေကို ဘယ်ကဘယ်လိုအင်တာဗျူးပြီးတယ်မသိ၊ ဇာတ်လမ်းလေး တွေကစလာပါတော့တယ်။ ခုတလော ဂျာနယ်တွေကလည်းသည်ဆေး တွေနဲ့ပတ်သက်ပြီးတော့ သေတဲ့သူကသေ၊ ရောဂါဖောက်သူကဖောက်လို့ တွင်တွင်ကြီးရေးနေကြတာဆိုတော့ ပြည်သူ့မောင်းလည်း ရပ်ကွက်ထဲ ဝါဒဖြန့်တော့တာ ဘာပြောကောင်းတော့မလဲဗျာ။ ခုလည်း မိမော် ကျွန် တော့်ဆေးခန်းရောက်လာတာ သူ ကံကောင်းတာလား၊ ကျွန်တော် ကံဆိုး တာလား။ ဆရာဝန်ဆိုတော့ ရှင်းပြရမယ့်တာဝန်ရှိတယ်မဟုတ်လား။ ကျွန် တော် ချောင်းဟန့်လိုက်တာနဲ့ မိမော်က ”ဆရာနော်၊ မိမော်ကို အဲဆေးတွေလာမသောက်ခိုင်းနဲ့ ပညာတွေဘာတွေလည်းမပေးနဲ့” လို့ နှုတ်ခမ်းစူ လို့ ကလေးဆိုးပမာချွဲနေပါတော့တယ်။
”ကိုင်း၊ မိမော်၊ ညည်းပေါက်ကရလုပ်တာနဲ့ ရပ်ကွက်ထဲ ဘယ်သူမှ ဆေးမသောက်ရဲဖြစ်နေပြီ။ ကဲ မဖြစ်ဘူး။ ဆရာရှင်းပြမယ်။ ပြီးမှပြော သင့်၊ မပြောသင့်ဆုံးဖြတ်”သည်လိုပဲ ဗီတိုအာဏာတွေ ဘာတွေထုတ်သုံး လို့ သူ့ကို ရှင်းပြဖို့ဟန်ပြင်ရပါတော့တယ်။ ခုတလော ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ကြည့်၊ ရပ်ကွက်ထဲဟိုသည်သွားသွား ဆင်ခြေထောက်ဆေးက ဟော့ နေတယ်မဟုတ်လား။ ဒါနဲ့ ဆင်ခြေထောက်ဆိုတာကိုသိမှ ဆင်ခြေထောက်ဆေးဘာကြောင့်၊ ဘယ်လိုသောက်ရတယ်ဆိုတာမျိုး နားလည်နိုင်မှာမို့ ခုနစ်နှစ်တာ သင်ကြားထားတဲ့ ဆေးပညာလေးနဲ့ ဆရာလုပ်လိုက်ပါရစေ။ ဆင်ခြေထောက်ရောဂါဟာ ခြင်ကိုက်ရာကဖြစ်ပွားပြီး ခြင်ရဲ့ကိုယ်ထဲမှာ ပါတဲ့ Wucheria Bancrofti, Brugia, Malayi စတဲ့ ကပ်ပါးပိုးတွေဟာ လူ့ကိုယ်ခန္ဓာထဲရောက်သွားတာနဲ့ ပြန်ရည်ကြောစနစ်ကို ထိခိုက်စေလာပါတယ်။ အဲမှာတင် ပြန်ရည်တွေဟာ လွတ်လပ်စွာ စီးဆင်းလို့မရဘဲ စုအိုင်ပြီး ခြေထောက်ကြီးတဖြည်းဖြည်းဖောရောင်ပြီး၊ ဆီးတွေဖြူလာမယ်။ အမျိုးသားတွေမှာဆို scrotum (ကပ္ပယ်အိတ်) ရောင်ရမ်းကြီးထွားလာပြီး လမ်းလျှောက်ရခက်လာမယ်။ ကမ္ဘာမှာဆိုရင် ဆင်ခြေထောက် ရောဂါဟာ မသန်စွမ်းမှု (disability) ရဲ့ အဓိက အကြောင်းရင်းထဲမှာ ပနေဆဲပါ။ ဆင်ခြေထောက်ရောဂါဟာ ထုံးစံအတိုင်း ခြင်ပေါများတဲ့အပူပိုင်းဒေသတွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အာဖရိကနိုင်ငံတွေနဲ့ မြန်မာပြည် အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရှိနေတုန်းပါ။
သည်ရောဂါဟာ တစ်ကမ္ဘာလုံးမှာ လူသန်း ၁၂ဝ ခန့်ကို ကူးစက်ပြန့်ပွားပြီးဖြစ်နေသလို သန်း ၄ဝ ဟာဆိုရင်ဖြင့် ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ရုပ်အသွင်ပျက်ခြင်း (disfiguration) ဒဏ်ကို ခံစားခဲ့ကြရပါတယ်။ ကျွမ်းကျင်သူတွေကတော့ လာမယ့် ၂ဝ၂ဝ ကို နောက်ဆုံးထားလို့ ဆင်ခြေ ထောက်ပပျောက်ရေးကို ဦးတည်နိုင်မယ်လို့ မျှော်လင့်နေကြသလို၊ တချို့ သောတိုက်ဖျက်ရေးပရောဂျက်တွေကြောင့် ကလေး ၆.၆ သန်းကို ရောဂါ ကူးစက်မှုကနေ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးအရေ အတွက် ကိန်းဂဏန်းတွေပါ။
မြန်မာပြည်ဟာဆိုလည်း Filariasis ရဲ့ သားကောင်းအဖြစ် ကျန်နေပါသေးတယ်။ မြန်မာပြည်ရဲ့ မြို့နယ် ၂ဝဝ ကျော်မှာ ရောဂါပိုးအမြစ်တွယ် နေကြောင်းလည်း ကျန်း/ဦးစီးလက်အောက်၊ ဆင်ခြေထောက်ရောဂါကင်း ဝေးရေး စီမံချက်အရသိရပါတယ်။ သည်ပရောဂျက်ဟာ တကယ်တော့ ရည်ရွယ်ချက်ကောင်းမွန်ပြီးအားလုံးတစ်ပြိုင်နက်သောက်၊ အားလုံးတစ် ပြိုင်နက်တွန်းလှန်ရမယ့် ပုံစံမျိုးဖြစ်ပါတယ်။ ရောဂါတစ်ခုလုံးဝပပျောက် ဖို့ဆိုတာ အားလုံးတူတူမတိုက်ဖျက်ဘဲ ဖြစ်မလာပါဘူး။ တစ်ယောက် သောက်လိုက်၊ ကျန်တစ်ယောက်ပျက်ကွက်လိုက် လုပ်ရအောင် မူလတန်းကျောင်းတက်ရေး၊ မတက်ရေး စည်းဝေးနေတာမှမဟုတ်ဘဲ။ စီမံချက်ရဲ့အောက်မှာ အားလုံးလိုက်နာဆောင်ရွက်ဖို့၊ တက်ညီလက်ညီပါဝင်ဖို့လိုအပ် ပါတယ်။ သည်လိုပါဝင်ဖို့ ကျန်းမာရေးဗဟုသုတလည်း ရှိရမှာဖြစ်ပြီး မြန်မာလူမျိုးတွေ့ရဲ့အကျင့်အရ အချင်းချင်းလက်တို့ ပြောတဲ့စကားကိုမှ ယုံချင်ကြတော့ အခက်တွေ့နေရပြန်တယ်။
မြန်မာပြည်ရဲ့ဝါဒကလည်း အစိုးရအပေါ် သုံးသပ်ဝေဖန်နေတာ ဖန်တစ်ရာထေခဲ့ပြီဆိုတော့ ထစ်ခနဲရှိ အစိုးရက ပထမဆု၊ ဝန်ကြီးဌာနတွေက ဒုတိယဆုဖြစ်နေပြန်ပါတယ်။ သည်မှာတင် ဘေးထွက်ဆိုးကျိုးနည်းတဲ့ စီမံချက်သုံးဆေးဝါးတွေဟာ ပြည်သူတွေအမြင်မှာ သံသယမကင်းဘဲ ဥုံဖွလို့မျိုချရတော့မလို ဖြစ်နေတာမဆန်းပါဘူး။ အမှန်ကတော့သည်ဆေးတွေဟာ အများသိတဲ့ သန်ချဆေးတွေပါပဲ။ သန်တွေကိုတောင် အားရပါးရ ဗုံးပေါလအော ချနေကြသူတွေက သောက်နေကျဆေးချင်း တူတူ ကိုတောင်ကြောက်နေကြသလို ဖြစ်နေရတယ်။ ဆေးတွေကတော့ အများ သောက်နေကျ သန်ချဆေးဖြစ်တဲ့ Albendazole ကိုမှ DEC ခေါ်တဲ့ Diethylcarbamazine နဲ့ရောပြီး ဒီရောဂါဖြစ်စေနိုင်တဲ့ကပ်ပါးပိုးတွေကို ချေမှုန်းတာပါ။ ဆေးတိုင်းမှာအာနိသင်ရှိသလို ဘေးထွက်ဆိုးကျိုးလည်း ရှိတာမို့ မူးဝေ၊ အော့အန်တာ၊ ခေါင်းမူးခေါင်းကိုက် တာတို့ကတော့ ပြဿနာမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ တိုက်ကျွေးလို့ မသင့်ကြောင်း ဆေးညွှန်းမှာ ဖော်ပြထားပါတယ်။
သည်ကပ်ပါးပိုး ကိုယ်တိုင်ကိုက လူရဲ့အရေပြားနဲ့ ဓာတ်ပြုယားယံစေတဲ့အတွက် အင်ပျဉ်ထတာ၊ ယားယံလာတာတွေဟာ တစ်ခါတစ်ရံဖြစ်တတ် ပါတယ်။ ဆေးသောက်လိုက်လို့မှဖြစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရှားပါးစွာပဲ ဆေးရဲ့ဆိုးကျိုး အနေနဲ့အသည်းအင်ဇိုင်းတွေ မြင့်တက်လာစေတတ် ပြီး ရုတ်တရက်အသည်းထိခိုက်နိုင်တယ်ဆိုပေမယ့် ဘယ်ဆေးဝါးမဆို အသည်းထိခိုက်တတ်တာကိုလည်း သတိချပ်စေချင်ပါတယ်။ ဆေးသောက် ပြီး နှလုံးရောဂါသည်တွေ၊ ဆီးချိုရောဂါသည်တွေ သေကုန်တယ်ဆိုတာလည်း တကယ်တော့ တိုက်ဆိုင်မှုကိုချဲ့ကားပြောဆိုခြင်းပါ။ ဆေးနဲ့ နဂိုမတည့်တဲ့သူတွေကတော့ သည်ဆေးကို လုံးဝမသောက်သင့်ပါဘူး။ ဆေးမတည့်သူဆိုတာကလည်း အတော်ကြီးကို ရှားပါတယ်။ ခုပရောဂျက်မှာလည်း တစ်နှစ်တစ်ကြိမ်နှုန်းနဲ့ ဆေးကို ငါးနှစ်ဆက်တိုက် တိုက်ရမှာဖြစ်တာမို့ ပြည်သူအားလုံး တစ်ပြိုင်နက်သောက်ကြဖို့ အရေးကြီးလှပါတယ်။ ကမ္ဘာမှာ Eradicate ဖြစ်ပြီးသား ရောဂါတွေလိုမျိုး ဆင်ခြေထောက်ရောဂါကိုလည်း ၂ဝ၂ဝ ခုနှစ်မှာ လုံးဝမကင်းစင်ရင်တောင် Eliminate အဆင့်ပပျောက်ရေးထိတော့ ဦးတည်နေကြတာမို့ ရောဂါပပျောက်ရေးမှာ ပြည်သူတွေရဲ့ပါဝင်မှုဟာ အရေးကြီးဆုံးအရာပါ။
”ကဲ မိမော်၊ အရပ်ထဲလျှောက်လျှောက်မောင်းမခတ်ပါနဲ့တော့။ ခု ဆရာလည်း ရှင်းပြပြီးပြီ၊ ကိုယ်မလိုက်နာရင်တောင် သူများဒွိဟဖြစ်အောင် မလုပ်ပါနဲ့လို့ ဆရာမေတ္တာရပ်ခံပါတယ်။ ဆေးကြောင့်မသေပါဘူး။ စကားကြောင့် သေကုန်ကြလိမ့်မယ်”
အားလုံးလည်းရှင်းပြပြီးတာမို့ မိမော်ကတော့ တဟီးဟီးနဲ့မျက်နှာချို သွေးနေပါသေး။ မိမော်ပြန်သွားတော့ သူ့ရဲ့ မစို့မပို့ကတိကို ပြန်အောက် မေ့ရသေး။ ပြည်သူ့မောင်းဆိုတော့ စိတ်ချလို့တော့မဖြစ်မဟုတ်လား။ သူပြန် သွားတော့ စတုတ္ထမဏ္ဍိုင်စက်ရုံကြီးကထုတ်တဲ့ ဒီနေ့ထုတ်ဂျာနယ် တစ်စောင် ဆွဲယူမိပါသေးတယ်။ မြတ်စွာဘုရား။ ဆင်ခြေထောက်ဆေးကြောင့် လူသေဆိုပါလား။
ကိုယ်နဖူးကိုယ်ဖျတ်ခနဲရိုက်လိုက်မိတော့ အရပ်ထဲက ဂျင်းသုပ် (ချင်းသုပ်)ပုံပြင်လေးဟာ လက်ထဲက ဂျာနယ်လို ကြမ်းပေါ်ပြုတ်ကျ သွားပါတော့တယ်။
လင်းစက်နွယ်

Leave a Reply

Your email address will not be published.