ရှေ့တိုးနောက်ငင်

တစ်ခုခုလိုချင်ပူဆာလျှင် အဖေနှင့်အမေက ချင့်ချိန်နေဆဲ၊ အဖွားကိုခေါင်းဝှေ့လိုက်လျှင် ချက်ချင်းရတတ်တာ သားတစ်ယောက် နောကျေနေ ခဲ့ပြီ။ ဟန်းဖုန်းပူဆာလာခဲ့ချိန်မှာလည်း ဝယ်ပေးသင့်၊ မပေးသင့် ကျွန်မက သူ့အဖေနှင့် ခေါင်းချင်းရိုက်နေဆဲ။
ဆယ်တန်းအောင်ရင် အဖွားလေးဝယ်ပေးမယ် ပြောကာ ဆယ်တန်းအောင်စာရင်းပင်မစောင့်ချင်ခဲ့သော သားအား စာမေးပွဲပြီးလျှင်ပြီးချင်း လက်ထဲသို့ဖုန်းထည့်ပေးခဲ့သူဖြစ်သည်။
ခုတော့ နှစ်သိန်းတန်ဂျီအက်စ်အမ်ကိုင်ထားသောသားက ခုတစ်ခါ စီဒီအမ်အေကအင်တာနက်လိုင်းဆွဲအား ပိုကောင်းသည်ဆိုလာပြန်ပြီ။
လက်ရှိကို လက်မဲ့မလုပ်ရဘူး
ကျွန်မစကားမှမဆုံးခင် ဂျီအက်စ်အမ်ကို တစ်သိန်းရှစ်သောင်းနှင့်ရအောင်ရောင်းကာ တစ်ထောင့်ငါးရာတန် စီဒီအမ်အေ ဆင်းမ်ကတ်ကို ခုနစ်သောင်းခွဲနှင့်ဝယ်ပေးခဲ့ပြန်သည်။
မတန်မရာ ဈေးတွေကို ဒေါ်လေးကလည်း
ခမျာများ၊ နေကုန်နေခန်း အလုပ်အကိုင်ဖျက်ပြီး တန်းစီစောင့်တိုး ထားရတာပါ အေ။ ဒါတောင် ကံတရားက မျက်နှာသာပေးလို့ မဲပေါက်လို့ ရကြတာပါ။ကိုယ်က လိုချင်တဲ့အချိန် အဆင်သင့်ရတာ တန်ပါတယ်
ဒေါ်လေးတွေးသလို တွေးကြည့်တော့လည်း ဟုတ်နေသယောင်ပါပင်။ ဆင်းမ်ကတ်ရပါမည့်အရေး ဓာတ်ပုံပြေးရိုက်ကြ။ မိတ္တူပြေးဆွဲရ။ မဲနှိုက် သည့်နေရာမှာလည်း တစ်နေကုန်တမော့တမော စောင့်ဆိုင်းမျှော်မောမဆုံး မို့ ကိုယ်စိတ် ပင်ပန်းကြရရှာပါသည်။ သတိထားကြည့်မိတော့ ဆင်းမ်ကတ်လျှောက်ထားကြသူအားလုံးနီးပါးဟာ ကိုယ်တိုင်သုံးစွဲဖို့ ရည်ရွယ်သူ မရှိသလောက် နည်းပါးလှသည်ဆိုတာပင်။ မဲပေါက်လျှင် ပြန်ရောင်းစားမည်ဆိုတဲ့သူတွေက များသည်။ ဖုန်းကိုင်မည့်သူအများစုမှာ တစ်ဆင့်ခံပြန်ဝယ်သုံးနေကြသူချည်းပင်။ ကျွန်မကတော့ ဟန်းဖုန်းမကိုင်သေးဘဲ ခုထိ တောင့်ခံနေဆဲ။ ဘာလုပ်ရမည်လဲ။ ပွဲရုံမှာရော၊ အိမ်မှာပါ ကြိုးဖုန်းတစ်လုံး စီရှိပြီးသား မဟုတ်လား။ သားတို့အဖေမှာလည်း ဟန်းဖုန်းတစ်လုံးရှိ နေသေးသည်ပင်။ တစ်ထောင့်ငါးရာတန် ဆင်းမ်ကတ်ကို တစ်ထောင့်ငါးရာကျပ်ထက် တစ်ကျပ်တောင် ပိုမပေးချင်ပါ။ ဒေါ်လေးကတော့ ကျွန်မအား လှောင်ပြုံးသဲ့သဲ့ဖြင့် ထောပနာပြုလေသည်။
ဒေါ်လေး၏ လက်ထဲမှ စီဒီအမ်အေဆင်းမ်ကတ်များကို အမှတ်မဲ့မြင် တွေ့လိုက်လေလျှင် အံ့သြမင်သက်မိလျက် မယုံကြည်နိုင်ခဲ့။
ဘာခက်လို့တုန်း အေ။ ကျုပ်တစ်သက်လုံး ဒီအလုပ်လုပ်ပြီး ညည်း တို့ကို ဒီအခြေအနေထိရောက်အောင် မွေးကျွေးခဲ့တာ ဥစ္စာ
မှန်သောစကားသာဖြစ်သည်ကြောင့် ကျွန်မ မငြင်းဆန်သာပြန်။
ကျွန်မတို့ငယ်စဉ် သမဝါယမအရောင်းဆိုင်လေးတွေ ရပ်ကွက်တိုင်းမှာတွင်ကျယ်နေခဲ့သောကာလကို ကျွန်မ ပြေးသတိရမိပြန်သည်။ သွားတိုက် ဆေးနှင့် ဆပ်ပြာခွဲတမ်းရမည်ဟု ရပ်ကွက်သ/မဆိုင်ရှေ့ရှိ သင်ပုန်းမှာ ကြေညာထားတာတွေ့လျှင် တစ်ရပ်ကွက်လုံး မျှော်ကြ၊ ပျော်ကြသည်။ ရေနံဆီ၊ ဖယောင်းတိုင်၊ ဓာတ်ခဲစသည်ဖြင့်လည်း ထုတ်ရောင်းပေးတတ် သေးသည်။ တစ်ခါတစ်ရံ ပုဆိုးကြမ်း၊ ဂွမ်းစောင်၊ မောင်ဗမာစက်ဘီး စသည်ဖြင့်ကိုတော့ မဲနှိုက်ပေးတတ်ပါသည်။ စက်ဘီးမဲပေါက်သူဟာ သိန်းဆုပေါက်သလို ပျော်ရွှင်ရကာ၊ အများက ကြည့်ငေးအားကျကြရသည်။ စက်ဘီးကတစ်ဆင့်ပြန်ရောင်းလျှင် အမြတ်ငွေအများဆုံးရတတ်သည်ကိုး။ စက်ဘီးမှ မဟုတ်ပါ။ သ/မဆိုင်က ရောင်းချပေး သမျှ ခွဲတမ်းပစ္စည်းတွေကို မည်သည့်မိသားစုတွေမှ ကိုယ်တိုင်သုံးစွဲကြတာမဟုတ်ပါ။ သုံးစွဲနိုင်သော အင်အား၊ အခြေအနေ လည်း ဘယ်သူ့မှာမှ မရှိကြပေ။ ထုတ်ရောင်းပေးသမျှကို ငွေကြေးတတ်နိုင်သူအား လက်လွှဲပြန်လည်ရောင်းချခြင်း ဖြင့် လတ်တလော စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းတတ်ကြသည်ချည်းပင်။
ကျွန်မတို့ရပ်ကွက်မှာ အိမ်ထောင်စုတစ်ထောင်နီးပါးရှိသည်။ အိမ်ထောင်တစ်စုလျှင် ကုန်ဝယ်စာအုပ်တစ်အုပ်စီ ရှိကြလေသည်။ ဒေါ်လေးထံမှာ ကုန်ဝယ်စာအုပ် သုံးရာကျော်ရှိသည်ဟု ဒေါ်လေးခဏခဏပြောဖူးတာ မှတ်မိသည်။ ဒေါ်လေး၏အလုပ်က အရပ်အခေါ် ဆွဲခြင်းသည်။ အိမ်ရှင်မများက ဒေါ်လေးထံမှာ ကုန်ဝယ်စာအုပ်ကို အပြီးအပ်ထားကာ လိုအပ်သောငွေကိုလည်း ကြိုတင်ယူငင်သုံးစွဲလို့ ကုန်နှင့်ကြပြီ။ သ/မဆိုင် မှ သကြား၊ ဆပ်ပြာ၊ သွားတိုက်ဆေးမှအစ ရောင်းချပေးသမျှ ခွဲတမ်းပစ္စည်း အားလုံးကို သူတို့၏ ကုန်ဝယ်စာအုပ်ဖြင့် ဒေါ်လေးက ကိုယ်စားထုတ်ယူရ သည်။ ထုတ်ဈေးမှာ ပြင်ပပေါက်ဈေးနှင့်ဖြတ်၍ တစ်ဦးချင်းကို အမြတ်ငွေ ပြန်ရှင်းပေးချိန်မှာတော့ ကြိုတင်ငွေကိုလည်း ခုနှိမ်ယူထားလိုက်ရသည်ပင်။ ကြိုတင်ငွေအတွက် အတိုးမပေးရသောကြောင့် အိမ်ရှင်မတို့လည်း ကရိ ကထမများဘဲ အဆင်ပြေလှသည်။ ဒေါ်လေးအတွက်လည်း ကုန်ပစ္စည်း များများရသည်။ ကုန်ပစ္စည်းများကို ဒေါ်လေးက မြို့မဈေးမှကုန်စုံဆိုင် ကြီးသို့ တဖန်ပြန်ပေးသွင်းရာ အမြတ်မြိုးမြက်ခဲ့သည် ဆိုပါစို့။
ဖုန်းကတ်တွေ ထုတ်ရောင်းပေးလာစဉ် သူ့မူလလက်ငုတ်စီးပွားနှင့် သဘောသဘာဝ ဆင်တူလှကြောင်း ဒေါ်လေးတစ်ယောက် ဘယ်အချိန်ကတည်းက တွေးမိလိုက်ပါလိမ့်ဟု အံ့သြချီးကျူးရတော့သည်။
အရပ်ထဲ မဲပေါက်တဲ့သူတွေဆီက ဝယ်ထားတာလေ။ အခုအချိန်က ကတ်ထုတ်ပေးစဆိုတော့ ဈေး သိပ်မမြောက်ခင် ဝယ်ထားလိုက်တာပေါ့။ မကြာဘူး။ တကယ်သုံး မယ့်သူတွေလိုက်လာရင် ဈေးက ထပ်မြောက်သွားတော့မှာ။ အဲအချိန် မှ ထုတ်ရောင်းမှာပေါ့
ဒေါ်လေးရဲ့ ဆင်းမ်ကတ်တွေကို ဘယ်သူတွေ ဝယ်မှာလဲ။ နောက်ထပ် ကတ်အသစ်တွေ ဆက်တိုက်ထွက်လာရင် ဒေါ်လေး လက် ထဲ ပိုက်မိနေမှ ဒုက္ခ
ဒေါ်လေးက စိတ်မရှည်သလို နှုတ်ခမ်းမဲ့ပြပြန်သည်။
ညည်းပွဲရုံမှာတင်ထားမှ ရောင်းရမှာလို့ ညည်းက ထင်နေလို့ လား။ မြို့ပေါ်က ဖုန်းဆိုင်တွေ အားလုံး ဆင်းမ်ကတ်လိုက်ဝယ်စု နေ ကြတာပဲ။ ခုအချိန်က ထုတ်ပေးပြီး စမို့ နည်းနည်းအဝယ်အေးနေသေးလို့။ နောက်တစ်သုတ် ထုတ်မပေးခင် စပ်ကူးမပ်ကူးကျ အဝယ်လိုက်လာတော့မှာ။ အဲဒီကျ သူတို့မှာရောင်းလို့ကုန်ရင် ငါ့ဆီက လာယူဖြုန်းပေးကြမှာပေါ့။ ဆိုင်အားလုံးကို သေချာဆက်သွယ် ပြောထားပြီးသား
တုံ့ပြန်စကား ဆွံ့ရှားရပ၏။
သားက မပြောမဆို ဝမ်းဝေးခေါ်သလား မပြောတတ်သော ဆံပင် ပုံစံသစ်နှင့် တသွင်ထူးနေပါသည်။ ဆေးရောင်စုံအမျိုးမျိုး ပြောင်းဆိုးနေ သော ဆံပင်ကို နောက်စေ့နှင့်ဘေးနှစ်ဖက် အပြောင်နီးပါးတိုတိုပါးကာ ငယ်ထိပ်ပေါ်မှာတော့ ရှည်လျားထိုး ထောင်ဖွာရာ ခွေကောက်နေရာ မျက်နှာ ပြည့်ဖောင်းသော သားမျက်နှာက ပန်းအိုးလေးတစ်လုံးနှယ် အမြင်တော့ ဆန်းလှသည်ပင်။ သူ့အဖွားကတော့
ညည်းတို့တုန်းကလည်း ပန့်ခ်ကေဆိုလား၊ အဲဒီဆံပင်ပုံစံကလည်း အဲလိုပဲ ခပ်ဆင်ဆင် မဟုတ်ဘူးလား။ ညည်းရော၊ ညည်း ယောကျာ်းရော တပန့်ခ်တည်း ပန့်ခ်ခဲ့ဖူးတာ မေ့နေပြီလား။ ဟွန်း
အဲသည်စဉ်က ကျွန်မက ထဘီတိုတို၊ဆံပင်အကြေကောက်နှင့် သား၏ အဖေကလည်း ရခိုင်လုံချည်ကို ဒူးဆစ်ထိရောက်လုခမန်း ခပ်တိုတိုပင်။
ခွေကောက်ရှုပ်ထွေးနေသော ပန့်ခ်ဆံပင်ပုံလေးကတော့ သား၏အဖေ နှင့် ကျွန်မတို့နှစ်ယောက်စလုံး၏ နဖူးပေါ်မှာဆင်တူ။ ငယ်က ဓာတ်ပုံတွေက သက်သေအဖြစ် မိသားစုအယ်လ်ဘမ်ထဲမှာ ခုတိုင်ရှိဆဲမို့ ကျွန်မရှောင်လွဲ မရစွာ ဝန်ခံရအံ့ဆဲဆဲ။
ညည်းတို့ ပြောနေတော့သာ ခေတ်က ဆန်းသစ်ပြောင်းလဲလာဆို၊ အပိုတွေ။ အရင်အဟောင်းတွေ ပုံစံပြောင်းပြီး တစ်ပတ်လည်လာတာများ၊ ကျုပ်အဖွားကြီးတောင် မြင်တယ်။ ဟွန်း၊ ပြောလိုက်ချင်ဘူး
သတိုး

Leave a Reply

Your email address will not be published.