ကစားဇရာ

ဤအသိုင်းအဝိုင်းနှင့်နီးစပ်သည့် သူငယ်ချင်း ဓာတ်ပုံဆရာ၏ ကျေးဇူးဖြင့် အခမ်းအနားကျင်းပရာ ခန်းမထဲသို့ သူရောက်ရှိနေခြင်းဖြစ်သည်။ မည်သို့သော အထိမ်းအမှတ်ပွဲလဲဟု သိချင်စိတ်ဖြင့် မှတ်တမ်းဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်နေသော သူငယ်ချင်းနားတိုးတိုးကပ်မေးမိသောအခါ ”ဒီလို ပဲ မကြာခဏကျင်းပနေကျ၊ ဘာရယ်ညာရယ် မဟုတ်ဘူး” ဆိုသည့် အဖြေသည်သူ၏နားထဲသို့ မြွေတစ်ကောင်လို လျှောဆင်းသွားကာ သူငယ်ချင်းဖြစ်သူ ခင်းပြခဲ့ဖူးသော ဇာတ်လမ်းဇာတ်ကွက် အချို့ကိုလည်း ပြန်လည်မြင်ယောင်နေမိလေသည်။
ယနေ့ ဤအခမ်းအနားပွဲလမ်းသဘင်သို့ တက်ရောက်လာကြသူအားလုံးသည် ”အဘိုးတော်နှင့်အဘွားတော်”တို့၏ တစ်ချိန်က အောက်လက်ငယ်သားတပည့်သားမြေးများဖြစ်ကြပြီး ယခုအခါနေရာဌာနအသီးသီး၌ ဦးစီးဦးဆောင်အဖြစ် တာဝန်ယူဆောင်ရွက်နေကြသူများလည်း ဖြစ်ကြသည်။ သူတို့အပေါ် စောင့်ရှောက်ခဲ့ဖူးသော”အဘိုးတော်နှင့် အဘွားတော်”တို့၏ ဂုဏ်ကျေးဇူးကို သူတို့တတ်စွမ်းသမျှ ပြန်လည်ပေးဆပ်နေ ကြခြင်းလည်း ဖြစ်သည်။
အခမ်းအနားကျင်းပရာ ခန်းမကြီးသည်ဓမ္မဗိမာန်တစ်ခုနီးပါး ကျယ်လွင့်ကာအခင်း၊ အကာ၊ အမိုး၊ မျက်နှာကြက် အားလုံးကိုအဖိုးတန် မြန်မာ့ကျွန်းသစ်ရတနာများဖြင့် အနုစိပ်မွမ်းမံခြယ်သထားသောကြောင့် မြင်မြင်ရာရှုမငြီးဖွယ်ဖြစ်၍ နေသည်။ ထူးခြားသည်ကတော့ ဤမျှကျယ်သောခန်းမကြီးအတွင်းအခြားသောပရိဘောဂအသုံးအဆောင် စားပွဲ၊ ကုလားထိုင်ဟူ၍ တစ်လုံးမျှမရှိဘဲ ရွှေသားအတိပြီးသည့် သလွန်ညောင်စောင်းသဖွယ် နှစ်ယောက်ထိုင်ခုံတန်းရှည် ပုံသဏ္ဌာန်တစ်ခုနှင့် ရွှေထီးနှစ်လက်တို့ကိုသာ ပြောင်ပြောင်လက်လက် ထိုးထိုးထောင်ထောင်တွေ့မြင်ရခြင်းဖြစ်သည်။
ဧည့်သည်တော်လူကုံထံ မိသားစုဝင်များ၏ ရွှေရောင်၊ ငွေရောင်၊ စိန်နားကပ်ရောင်တို့ဖြင့် ပြိုးပြိုးပြက်ပြက် တောက်တောက်ပပ ဆူဆူညံညံ ခန်းမကြီးသည် ”ရွှေမောင်းသံ ကိုးချက်” (ရွှေစင်ရွှေသားဖြင့် မွမ်းမံ ပြုလုပ်ထားသော မောင်း) ထွက်ပေါ်လာပြီးသည့်နောက်တွင် မီးကိုရေဖြင့် ငြှိမ်းသတ်လိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်၍သွားလေသည်။
ရွှေမောင်းသံကိုးချက် မြည်ဟည်းပြီးသည့်နောက်တွင်တော့ ခန်းမအတွင်းသို့ တပည့်သားမြေးများအားလုံး မျှော်လင့်စောင့်စားနေကြသည့် ”အဘိုးတော်နှင့်အဘွားတော်”တို့ လျှောက်လှမ်းလာသည်ကို (ကြွချီတော် မူလာသည်ကို) တွေ့မြင်ရလေသည်။ ခန်းမအတွင်းရှိ လူများအားလုံး ဒူးတုပ်(ခစား)လိုက်ကြပြီး ”အဘိုးတော်ကြီး ကျန်းမာရွှင်လန်းပါစေ” (အဘိုးတော်ကြီး ကျန်းခန့်သာလို့မာပါစေ)၊ ”အဘွားတော်ကြီး ကျန်းမာရွှင်လန်းပါစေ” (အဘွားတော်ကြီးကျန်းခန့်သာလို့ မာပါစေ) ဆို သည့်သံပြိုင်ဆုမွန်ချွေသံကို ညီညာဖျဖျ ခယ ဝပ်တွားစွာဖြင့် ရိုရိုသေသေ အော်ဟစ်ဆုတောင်းကြလေသည်။
အဘိုးတော်နှင့်အဘွားတော်လည်း သလွန်ညောင်စောင်း ရွှေသားခုံတန်းရှည်၌ ဝင်ရောက်နေရာယူပြီးသည့်အခါ ဧည့်ပရိသတ်အပေါင်း (လူချွန် လူကောင်း)အားလုံးတို့သည် ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ထိခြင်းငါးဖြာဖြင့် ဦးသုံးကြိမ်ချလိုက်ကြသည်ကိုလည်း ကြက်သီးထစဖွယ်တွေ့မြင်ရလေသည်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်စုချင်း၊ တစ်ဖွဲ့ချင်းက အဘိုးတော်နှင့်အဘွားတော်တို့ကို လက်ဆောင်ပဏ္ဏာများ ဆက်သသည့်ပုံကို အသေအချာရိုက်ကူးရန် အမှာစကားရှိသည့်သူငယ်ချင်း၏အသံ ကို ပြန်လည်ကြားယောင်ရင်း ကင်မရာမှန်ဘီလူးများကို အသင့်ပြင်၍ ထားလိုက်သည့်ခဏအတွင်းမှာပင် ခန်းမကြီး၏ ထိပ်ဆုံးတန်းတွင် နေရာယူထားသည့် ကုပ်ပိုးအစ်အစ်၊ မျက်နှာပြဲပြဲ၊ ဗိုက်ရွှဲရွှဲနှင့် လူတစ်ယောက် သည် ကလေးငယ်များဆော့ကစားသည့် ပလပ်စတစ်အရုပ်များနှင့်ဆင်တူသော ”အိမ်၊ ခြံ၊ မြေ စီမံကိန်း ပုံစံငယ်တစ်ခု”(ရေကူးကန်နှင့် ပန်းဥယျဉ်ပါ)ကို အဘိုးတော်နှင့်အဘွားတော်လက်သို့ ဆက်သလိုက်လေသည်။ ထိုကဲ့သို့ ပထမဆုံးဆက်သသည့် လူဝန်ကြီး/လူဝံကြီး (လူဝန်ကြီး= ”ဝန်”ကြီးသောလူ၊ အလေးချိန်များသောလူ/လူဝံကြီး=ဝက်ဝံကြီး တစ်ကောင်ကဲ့သို့ ဆူဖြိုးထွားကျိုင်းသူ) သည် အဘိုးတော်နှင့်အဘွားတော်၏ ခြေဖမိုး (တော်)တို့ကို နဖူးဖြင့် ထိကပ်နမ်းရှုပ်ပြီး နောက်သို့အသာအယာ ဆုတ်ခွာ၍သွားလေသည်။
အဘိုးတော်နှင့်အဘွားတော်တို့ကို ဒုတိယမြောက် ဆက်သသူမှာလည်း ပထမလူဝံကြီးနှင့် မတိမ်းမယိမ်း အခြားလူဝံကြီး/ လူဝန်ကြီး တစ်ယောက်ဖြစ်လေသည်။ ကလေးကစားစရာ ရီမုကွန်ထရိုးလ် (Remote Control) ဖြင့် အဝေးမှထိန်းကျောင်းမောင်းနှင်နိုင်သော ပြိုင်ကားလှလှလေးများဖြစ်ပြီး ပလပ်စတစ်ဘူးများဖြင့် စနစ်တကျ ထုပ်ပိုးထားလေသည်။
အဘိုးတော်နှင့်အဘွားတော်ကို တတိယဆက်သသူကတော့ လူဝံမကြီး (ထွားကျိုင်းလွန်းသောကြောင့် လူဝန်မကြီးဟုလည်း အသံထွက်၍ဖတ်နိုင်) တစ်ယောက် ဖြစ်လေသည်။ တတိယလူဝံမကြီးသည် အဘိုးတော်နှင့် အဘွားတော်၏ ခြေရင်းအထိနီးအောင် တိုးကပ်ရင်း (အထူးသဖြင့် အဘွားတော်၏ အနားသို့ ပို၍တိုးကပ်ကာ) စကားသံခပ်တိုးတိုးဖြင့် ”မယ်မယ် ဘုရား….ဘိလပ်မှာ ဆိုင်ဖွင့်မယ်ကြားလို့ အပြေးအလွှား လာဆက်သတာ ပါ ဘုရား…. ဆိုင်ဖွင့်ပွဲနေ့မှာ သမီးတော်ရဲ့ ဒီရတနာပစ္စည်းနဲ့ လှပတင့် တယ်နေတဲ့ မယ်မယ်ဘုရားရဲ့ ပုံရိပ်တော်ကို ခစားချင်လို့ပါဘုရား”ဟု ဆိုကာ ကတ္တီပါဘူးခွံ၏ခလုတ်ကို နှိပ်၍ဖွင့်လိုက်သည့်အခါ မယ်မယ်ဘုရားဆိုသူ အဘွားတော်၏မျက်နှာပြင်တစ်ခုလုံး ”စိန်” ရောင်တို့ဖြင့် လင်းလက် ဝင်းပြက်၍ သွားလေသည်။
စတုတ္ထမြောက်ဆက်သသည့်သူကတော့ အနည်းငယ်ရယ်စရာကောင်း နေသည်။ ကွန်တိန်နာတင်သည့် ကလေးကစားစရာ ကားသုံးစီးပေါ်တွင် သစ်လုံးပုံစံပြုလုပ်ထားသည့် အရုပ်များ၊ ဘိလပ်မြေအိတ်သဏ္ဌာန်ပြုလုပ်ထားသည့် ပလပ်စတစ်ပစ္စည်းများ၊ ပလပ်စတစ်ပိုက်လိုင်းများ တင်ဆောင်ထားသောကြောင့်ဖြစ်သည်။ ဓာတ်ပုံများကို အမိအရရိုက်ယူရင်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် အဘိုးတော်နှင့် အဘွားတော်တို့ ”သူငယ်ပြန်” နေကြသောကြောင့်သာ ဤကဲ့သို့ ကလေးကစားစရာပစ္စည်းများကို လက်ဆောင်ပဏ္ဏာအဖြစ်ဆက်သနေကြခြင်းဖြစ်မည် ဟု တွေးမိသလိုအသေအချာ ရှင်းရှင်းလင်းလင်းသိနိုင်ရန် သူငယ်ချင်း ဖြစ်သူကိုမေးကြည့်ရမည်ဟုလည်း တေးမှတ်ထားလိုက်သည်။
ပဉ္စမမြောက်ဆက်သ သူက ”တောင်စွယ်တောင်တန်းများပါ သော” ရှုမျှော် ခင်းဓာတ်ပုံ တစ်ပုံ၊ ဆဋ္ဌမမြောက် ဆက်သသူက ”မြစ်မင်းဧရာ”ပန်းချီကားတစ်ချပ်၊ သတ္တမမြောက်ဆက်သသူက ”သတ္တမမြောက်ဆင်ဖြူတော်ပုံစံ ငယ်လေမှုတ်အရုပ်” စသည်တို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် အဘိုးတော်နှင့်အဘွားတော်ကို ဂါရဝပြု လက်ဆောင်ပစ္စည်းအရုပ်များကို ရိုသေစွာပေးအပ်(ဆက်သ)ကြလေသည်။
ဒုတိယအကြိမ် ရွှေမောင်းသံကိုးချက် ထွက်ပေါ်လာပြီးသည့် နောက်တွင် တစ်သက်တာ စကားနည်းခဲ့ပုံ ရသော ”အဘိုးတော်”သည် ဧည့်ပရိသတ်ကို တစ်ချက်ဝေ့ကြည့်ရင်း ”အဘွားတော်”၏ရှေ့မှ ကျေနပ်ပီတိဖြစ်စွာဖြင့် ပြန်လည်ထွက်ခွာ (ကြွမြန်း)သွားရာ ခန်းမကြီးတစ်ခုလုံးရှိ ဧည့်ပရိသတ်၊ မင်းဗိုလ်ပါ အပေါင်းတို့သည် လက်အုပ်အသီး သီးချီ၍ ”အဘိုးတော်နှင့် အဘွားတော် ကျန်းမာပါစေ၊ အဘိုးတော်နှင့်အဘွားတော် ချမ်းသာပါစေ” ဟူ သော ဆုတောင်းစကားတို့ဖြင့် ဂုဏ်ပြုနှုတ်ဆက်ကြလေသည်။
အခမ်းအနားမှအပြန် သူငယ်ချင်း၏ကားပေါ်တွင် ကွမ်းတစ်ယာဝါးရင်း အရုပ်လက်ဆောင်များနှင့်ပတ်သက်၍ ”အဘိုးတော်နှင့်အဘွားတော် သူငယ်ပြန်နေခြင်းလား”ဟု မေးရာ အားပါးတရ မျက်ရည်များသီးမတတ် ရယ်မောနေသော သူငယ်ချင်းကြောင့် အကြောင်းရင်းအမှန်ကို သိလိုစိတ်များ ပို၍ တိုးပွားလာသည်။ သူငယ်ချင်းက ကားမောင်းရင်းနှင့်ပင် ဘိုးတော်ကြီးသည် တစ်ချိန်က စီးပွားရေး၊ လူမှုရေးနယ်ပယ်တွင် ကြီးကြီး မာစတာတစ်ယောက်ဖြစ်ခဲ့ပြီး ”မျိုးချစ်ပုဂ္ဂိုလ်” တစ်ယောက်လည်းဖြစ် ကြောင်း၊ (သူနှင့်ဆွေမျိုးနီးစပ်တော်သူမှန်သမျှ ကိုင်းဖျားကိုင်းနား တစ်ယောက်မကျန် စောင့်ရှောက်တတ်သူ)၊ ယခု သူအနားယူသွားသော်လည်း သူ့ခြေ၊ သူ့လက်၊ သူ့သြဇာ၊ သူ့အာဏာများက တပည့်သားမြေးများပေါ် စိမ့်ဝင်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် တပည့်သားမြေးများကလည်း ပြန် လည် ကျေးဇူးဆပ်သည့်အနေဖြင့် ဘိုးတော်နှင့်ဘွားတော် ဘဝနေဝင်ချိန်ကို သာတောင့်သာယာဖြစ်အောင် အပြုအမူ၊ အပြောအဆို၊ အခေါ်အဝေါ်၊ အနေ အထိုင်ကအစ လူကြီးသဘောကျနေထိုင် ကျင့်ကြံကြရင်း လက်ဆောင်ပေး သောပစ္စည်းများမှာလည်း ကစားစရာများမဟုတ်ဘဲ စတိသဘောဖြင့် လက်ရောက်ပေးအပ် (ဆက်ကပ်)သည့် သဘောဖြစ်ပြီး အမှန်တကယ် တန်ဖိုးကြီး မားသော အိမ်ခြံမြေ၊ ကား၊ ဘိလပ်မြေ၊ သစ်၊ ကျောက်မျက်ရတနာတွင်း ထွက်ပစ္စည်းများအပြင် တောင်စီမံကိန်း၊ မြစ်စီမံကိန်းမှရရှိသော အကျိုး အမြတ်များ၊ ဟူးရားဗေဒင်နက္ခတ် အလေ့အထုံအစွဲအလမ်းကြီးသော ဘွားတော်အတွက် ရှားရှားပါးပါး ”သတ္တမမြောက် ဆင်ဖြူတော်”အစစ်အမှန် တို့ကို ပေးအပ်ပူဇော်ကြခြင်း ဖြစ်ကြောင်းတို့ကို ပြောပြနေသည်။
သူကတော့ ”ဇရာ”နှင့် စစ်ခင်းရင်ဆိုင်နေရသည့်တိုင် ”ကစား” နေနိုင်သေးသည့် ”ဘိုးတော်နှင့်ဘွားတော်”တို့၏ ကံကြမ္မာနှင့်ဇာတာ စန်းလဂ်တို့ကိုသာ သဘောကျနေမိပါတော့သည်။
ညီမင်းညို

Leave a Reply

Your email address will not be published.