ပြည်ပတွင်နှစ်ပေါင်းများစွာ နေထိုင်ရသော်လည်း သူစိမ်းဆန်နေဆဲပါ

ရန်ကုန်၊ စက်တင်ဘာ ၁
သားတစ်ယောက်၊ သမီးတစ်ယောက်ကို လက်တစ်ဖက်စီတွဲကာ မြန်မာပြည်မှထွက်ခွာခဲ့စဉ်က ဒေါ်သင်းသင်း(ခ) Aileen Myaပြေ ၏ ဝမ်းကြာတိုက်ထဲတွင် တတိယသားကို ကိုယ်ဝန်ဆောင်ထား၍ ဟောင်ကောင်မြေကို ခြေချခဲ့သည်မှာ ယနေ့ဆို နှစ်ပေါင်း ၂၄နှစ်ရှိခဲ့ပြီဖြစ်သော်လည်း အစစအရာရာ သူစိမ်းဆန်နေဆဲဖြစ်သည်။ ခင်ပွန်းသည်၏အမိမြေလွမ်းဝေဒနာကို ကုသပေးပြီးသားသမီးများ၏ အနာဂတ်ပညာရေးအတွက် အခက်အခဲဆုံး ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရပါသည်။
တတိယသားကို ဟောင်ကောင်မှာမွေးဖွားခဲ့ပြီးနောက်တွင် ဟောင်ကောင်ကို အမိမြေအဖြစ် ရွေးချယ်နိုင်ခဲ့ခြင်းနှင့်အတူ လူဝင်မှုကြီးကြပ်ရေး၏ အလုပ်လုပ်ကိုင်ခွင့်ကိုလည်းရရှိခဲ့သည်။ ဟောင်ကောင်သည် လူမျိုးပေါင်းစုံ နေထိုင်ကြသည် ဆိုသော်လည်း ကန်တုံဘာသာစကားကိုသာအသုံးများပြီး မယ်ဒရင်းနှင့်အင်္ဂလိပ်စကားကို သိပ်လက်မခံချင်ကြသကဲ့သို့ ဘာသာရေးမကိုင်းရှိုင်းသော လူငယ်များလည်း အမြောက်အမြားရှိရာ မြန်မာတစ်ယောက်အတွက်ခက်ခဲခဲ့ပါသည်။ ယနေ့ထို အခက်အခဲများကို အတော်အသင့်လွန်မြောက်ခဲ့ပြီးနောက် သူက ”အခုတော့ ကလေးသုံးယောက်လုံး အမေရိကား ရောက်ကုန်ပြီ”ဟုပြော သည်။ ၁၉၉၇ခုနှစ်တွင် နဂါးကြီးရင်ခွင်အောက်ပြန်ရောက်သွားခဲ့ရသော ဟောင်ကောင်ကျွန်းသည် တရုတ်ပြည်မကြီးမှ တစ်နေ့ကိုလူ၁၅ဝလာ ခွင့်ပေးခဲ့သည်။ ယင်းနောက် ဟောင်ကောင်၏အပြောင်းအလဲများ အကြောင်းပြောရာတွင် ” ပြည်မကလူတွေက ပိုက်ဆံပဲသိတယ်။ ၁၉၉၇ နောက်ပိုင်း ဟောင်ကောင်ဟာ ရပ်ဆွေရပ်မျိုးစိတ်မရှိတော့ဘဲ အိမ်ခန်းတိုင်း တံခါးပိတ်ထားကြတယ်။ အသိအကျွမ်းဖြစ်ဖို့ ခပ်ခက်ခက်ရယ်။ အသေးအဖွဲလေးလောက်တောင် ကူညီရိုင်းပင်းချင်စိတ်မရှိကြတော့ဘူး။ ကျောင်းကဆရာ၊ ဆရာမတွေလည်း မယဉ်ကျေးကြဘူး။ အဲနီးစပ်ရင် နီးစပ်သလိုပေါ့။ ဘယ်နေရာမဆို ”ငွေမပေး စကားမပြော ကြေးပဲ” ဟု မြန်မာအမြင်ဖြင့် သုံးသပ်ပြသည်။
သူဋ္ဌေးများပင်လျှင်ကားပိုင်မမောင်းကြဘဲ ရထားစီးကြခြင်းကြောင့် ပို့ဆောင်ရေးစနစ်မှာ လွန်စွာကောင်းမွန်ကြောင်း၊ ဘဏ် စနစ်၊ တယ်လီဖုန်းဆက်သွယ်ရေးစနစ်မှာ ကောင်းမွန်သလို ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း တစ်လနှစ်ကြိမ် ဆရာဝန်နှင့်ပြရာ၌ ဟောင်ကောင် ၄၅ ဒေါ်လာမျှသာ ကုန်ကျကြောင်းပြော၍ မြန်မာပြည်နှင့် အကွာခြားဆုံးအရာများကို ပြောရာ ”အစိုးရက တည်ငြိမ်တယ်။ ဥပဒေ ရဲ့အထက်မှာ ဘယ်သူမှမရှိဘူး။ အဂတိလိုက်စားတာ၊ လာဘ်ပေး လာဘ်ယူ မရှိတာ။ ရေနဲ့မီးမှန်မှန်ရနေတာတွေပဲ”ဟု ပြောခဲ့သော မြန်မာအမျိုးသမီးတစ်ယောက်၏အသံကို တင်ပြလိုက်ပါသည်။
ဝ၃၇