ကားလည်းအလှဆင် လူနေတိုက်ခန်းတွေလည်းအလှဆင်

ရန်ကုန်၊ စက်တင်ဘာ ၁
ဗိုလ်အောင်ကျော်လမ်းတွင်ကားများကိုလည်း အလှဆင်၊ နေအိမ်တိုက်ခန်းများကိုလည်း အလှဆင်သူကိုကျော်ကျော်ထွန်း (သန်လျင်မြို့နေသူ)အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်တင်ပြလိုက်ပါသည်။
ကားအလှဆင်ယင်မှုနှင့်ပတ်သက်၍ ”ကိုယ်ပိုင်ကားတွေ လာတာများတယ်။ ကားရှေ့မှန်ရဲ့နဖူးစည်းတွေလည်းကပ်တယ်။ ကားထဲမှာရှိတဲ့ ဆိုဖာတွေလည်းပလပ်စတစ်အကြည်သားတွေအုပ်ပေးတယ်။ ကားစတီယာတိုင်လက်ကိုင်အလှဆင်တယ်။ ကားရဲ့အောက်ကြမ်းခင်းတွေလည်းလုပ်တယ်။ ကားကူရှင်တွေလည်းလျှော်ပေးတယ်။ ပြဲရင်ချုပ်ပေးတယ်။ ကားပေါ်လစ်ပစ္စည်းတွေလည်း ရောင်းတယ်။ ကားအပိုပစ္စည်းဖြစ်တဲ့ ကူရှင်အစွပ်အစရှိသဖြင့်ပေါ့။ ဒီကုန်ကြမ်းတွေ sticker တွေကိုတော့ (၁ဝ) မိုင်ကုန်း၊ စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်ဈေးတို့ကမှာယူတယ်။ သွားဝယ်တယ်။ ဝယ်ပြီး တစ်ဆင့်ဒီမှာပြန်ပြီးကားအလှ ဆင်တယ်။ နွေဘက်ဆိုရင် ကားတော်တော်များက အပူဒဏ်ခံနိုင်အောင် မှန်ကို(Cover) နေကာလာလုပ်ကြတယ်။ မိုးတွင်းဆိုရင်လည်း မိုးရေပက်လို့ မိုးကာလေးတွေ တပ်ဆင်ကြပြန်ရော၊ တချို့ကားတွေဆို မီးဆလိုက်လေးတွေ အလှဆင်ကြတယ်။ ရောင်ပြန်မီးလိုပေါ့။ တချို့ Taxi တွေလည်း ကားတွင်း၊ ကားပြင် ဆေးလိပ်မသောက်ရ ”No Smoking” ဆိုတဲ့ sticker ကအစ တပ်ကြတယ်။ ဒါလည်းကားအသစ်ဝယ်တိုင်း ပါတာမဟုတ်ဘူးလေ” ဟု ပြောသည်။
ဆက်လက်၍ကားအလှဆင်လုပ်ငန်းအပြင် အိမ်တွင်းအလှဆင်လုပ်ငန်းနှင့်ပတ်သက်၍”ရုံးအတွင်း၊ အပြင်ပါ အလှဆင်တာလည်း လိုက်လုပ်ပေးတယ်။ အစိုးရရုံးတွေ၊ ကုမ္ပဏီရုံးခန်းတွေပါ လာရောက်ငှားရမ်းကြတယ်။ sticker အမည်းတွေ တပ်ဆင်မှုတွေကိုတော့ အမျိုး မျိုးရှိကြတယ်။ ကုန်ကြမ်းပစ္စည်းဈေးတက်ရင်တက်သလို၊ ကျရင်ကျ သလိုတော့ရှိတာပေါ့။ ကျွန်တော်ကတော့ တတ်ကျွမ်းမှုဆိုင်ရာရော၊ လုပ်သက်ရင့်လာတာနှင့်အမျှ သူ့မိတ်ကိုယ့်မိတ်ကတစ်ဆင့်လူသိများလာ တာနှင့်အမျှ ဈေးသက်သာရင်သက်သာ သလို၊ လမ်းသင့်ရင်သင့်သလို လာကြတာပဲ။ တချို့ကားတွေက လမ်းပိတ်ရင်၊ ကားကျပ်ရင်၊ ကားရပ် လို့ရတဲ့နေရာမှာပဲ လာရောက်လုပ်တတ်ကြတယ်။ ယခုဆိုရင် နေရာ တော်တော်များများမှာ ကားအလှဆင်တဲ့ လုပ်ငန်းတွေတိုးလာတယ်။ ကျွန်တော်ကတော့ မိဘလက်ထက်ကတည်းက လုပ်လာတာဆိုတော့ နှစ်ပေါင်း(၂ဝ)လောက်ရှိပြီး၊ ကားတွေလည်း တော်တော်များများဝင် တယ်။ ဝင်လာတာနှင့်အမျှ လူတိုင်းနီးပါး ကားစီးလာနိုင်တော့ ကားပါ အလှပြင်လာကြတယ်။ တချို့လူငယ်တွေက ပြိုင်ကားမျိုးလေးတွေကို အလှဆင်ပြီး စီးတတ်ကြတယ်။ တချို့ကအလှဆင်ပြီး ပြန်ရောင်းချတတ်တယ်။ တချို့ဘတ်စ်ကားတွေဆို ကြော်ငြာ sticker တွေနဲ့တောင်တပ်ဆင်ထားကြတယ်”ဟု ကားအလှဆင်သူ ကိုကျော်ကျော်ထွန်းက ပဲ့တင်သံသို့ပြောသည်။
ဝ၁၄

Leave a Reply

Your email address will not be published.