တိုင်းရင်းသားများအား ဒုတိယလူတန်းစားအဖြစ် ဆက်ဆံနေခြင်းကို ဖျောက်ဖျက်ရမည်

ရန်ကုန်၊ သြဂုတ် ၂၆
အင်္ဂလိပ်နယ်ချဲ့တို့၏ပယောဂကြောင့် နယ်မြေ(၄) နယ်ကွဲပြားသွားခဲ့ရသည့် ကယန်းတိုင်းသားတို့၏အကြောင်းကို ပဲ့တင်သံ၏ တိုင်းရင်းသားအသံကဏ္ဍကဖော်ပြပါသည်။
ကယန်းတိုင်းရင်းသားလူမျိုးဖြစ်သော ခွန်းကလဲမင်းက ”ကျွန်တော်တို့ ကယန်းတိုင်းရင်းသားတွေဟာ ကမ်းယံလူမျိုးက ဆင်းသက် လာပြီး အနောက်ကရင်နီနယ်အတွင်း တစ်ဆက်တစ်စပ်တည်းရှိတဲ့ နယ်မြေပေါ်မှာ နေထိုင်လာခဲ့ကြသူတွေဖြစ်တယ်။ ၁၈၉၂ ဇွန် ၃ဝ မှာ ကယန်းတိုင်းရင်းသား တစ်ထောင်ကျော်ဟာ လွိုင်ကော်မြို့၊ ဘီလူး ချောင်းအရှေ့ဘက်ကမ်းမှာရှိတဲ့ အင်္ဂလိပ်စခန်းကို ဝင်တိုက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သံတောင်မြို့နယ် မြတ်ထင်ရွာမှာရှိ တဲ့ အင်္ဂလိပ်တွေ ကို တိုက်ခဲ့ကြတယ်။ ဒါကြောင့် အင်္ဂလိပ်တွေက ကယန်းလူမျိုးတွေကို ချိုးနှိမ်ဖို့ အနောက်ကရင်နီ နယ်ကို ကြယ်ဖိုး ကြီး၊ မိုးဗြဲ၊ ဘောလခဲ၊ တောင်ငူနဲ့ရမည်းသင်းခရိုင် နယ်မြေတွေအဖြစ် ခွဲထုတ်ခဲ့တယ်။ ဒီတော့ အရင်က တစ်ဆက်တည်းရှိခဲ့တဲ့ ကျွန်တော်တို့ ကယန်းဒေသဟာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေရဲ့အစွန်အဖျားနယ်မြေတွေအဖြစ် အစိပ်စိပ်ကွဲသွားခဲ့ရတယ်။ လွတ်လပ်ရေးရပြီးတာ ၆၅ နှစ်ကျော် ရှိ သော်လည်း အင်္ဂလိပ်တွေလုပ်ထားတဲ့ ဒီချိုးနှိမ်မှုတွေက ဒီနေ့အထိ ဖြစ်နေတုန်းပဲ။ ဒါကိုအခုအစိုးရက ပြန်လည်စုစည်းပြီး ကယန်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကယားပြည်နယ် (ကရင်နီပြည်နယ်) ထဲမှာပါဝင်အောင် လုပ်ပေးစေချင်ပါတယ်”ဟု ကယန်းလူမျိုးတို့၏ ခံစားချက်နှင့်ကိုယ်ပိုင်ဒေသတစ်ခု ပေါ်ပေါက်လာစေချင်ကြောင်းကို ပြောသည်။ ဆက်လက်ပြီးယင်းက တန်းတူအခွင့်အရေးနှင့် ပတ်သက်၍ ”တောင်ပေါ်တိုင်းရင်းသားလို့ပြောရင် အများစုက ဒုတိယလူတန်း စားအနေနဲ့ ဆက်ဆံကြတယ်လို့မြင်တယ်။ ဒီအမြင်တွေကို ဖျောက်ရမယ်။ မင်းတို့က ငါတို့လောက် တတ်လို့လား။ မင်းတို့ဒေသက ငါတို့ဆီလို စီးပွားရေးလုပ်လို့ရလို့လား၊ ဒီလိုပြောတာတွေရှိတယ်။ ဒီလို ဖြစ်နေလို့ပဲ တောင်ပေါ်တိုင်းရင်းသားအများစုက ဖက်ဒရယ်ဆိုတာ လိုလားကြတော့ ဖက်ဒရယ်ဆိုတာ တောင်ပေါ်တိုင်းရင်းသားကိစ္စလို့ ပဲမြင်ကြတယ်။ ပြည်မတိုင်းရင်းသားတွေလည်း ခွဲခြားဆက်ဆံမှုခံနေရ တာတွေရှိပါတယ်”ဟု ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတစ်ဦးအနေဖြင့်ရှုမြင်ရာတွင် ”အနာဂတ်ပြည်ထောင်စုလို့ပြောရင် ၂ဝဝ၈ ဖွဲ့စည်းပုံဟာ လုပ်ပိုင် ခွင့်အာဏာတွေကို အောက်ခြေအထိပေးထားသယောင်နဲ့တစ်ပြည်ထောင်စနစ်ကို ပိုမိုဖြစ်ပေါ်နေတယ်။ လူမျိုးစုံနေထိုင်တဲ့ မြန်မာနိုင်ငံကို အမျိုးသားနိုင်ငံတော်ပုံစံမျိုး တည်ထောင်ဖို့မဖြစ်နိုင်ဘူး။ ပြည်နယ်များ ဖြင့် စုပေါင်းထားတဲ့နိုင်ငံတော်ပုံစံတည်ထောင်ရင် ပိုကောင်းမယ်လို့ထင်တယ်။ အာဏာကိုအောက်ခြေထိ ခွဲဖြန့်ဖြူးပေးဖို့ လက်ရှိဖွဲ့စည်းပုံ ဥပဒေမှာ သေချာပြဋ္ဌာန်းထားဖို့လိုတယ်။ အမြဲတမ်းနေထိုင်ပြီး ခွဲထွက်ရေးတောင်းဆိုခွင့်ကို ထာဝရစွန့်လွှတ်ပါမယ်လို့ တိုင်းရင်းသားလူနည်းစုတွေက အပြည့်အဝကတိပြုဖို့လည်းလိုတယ်”ဟု ပြောသည်။
ဝ၁၁

Leave a Reply

Your email address will not be published. Required fields are marked *