မိုးရာသီ၊ ဘောရာသီ ဒုက္ခရာသီ ရောက်ပါပြီ

ရန်ကုန်၊ သြဂုတ် ၂၆
အမျိုးသားထုတို့၏ အာရုံကိုဖမ်းစားထားလေ့ရှိသော ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များ ရာသီအစလိုက်ကာကို ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ဘောလုံးဝါသနာအိုးများ အူမြူးတကြွနေသလောက် ယင်းတို့၏ ဘေးထွက်ဆိုးကျိုးကို နားငြီးအောင် ရင်စည်းခံကြရသူများအတွက် အေးချမ်းသော ညသန်းခေါင်ကာလများလည်းအဆုံးသတ်သွားပြီဖြစ် ရာ ဗဟန်းမြို့နယ်၊ ဗိုလ်ချိုလမ်းရှိ မျိုးဆက်သစ်ကဖီးဆိုင်ရှင် ကိုကျော်မိုးက မိုးရာသီ (ဘောလုံးပွဲ)ချိန်ရောက်တိုင်း အဖျော်ဆရာ၊ မုန့်ဆရာ၊ စားပွဲထိုးများ နေ့စဉ်ဒုက္ခရောက်နေပုံကို ပဲ့တင်သံသို့ ဤကဲ့သို့ပြော သည်။
”နံနက် ၄ နာရီဆို အချိုခြောက်နှပ်ရတယ်။ မုန့်လုပ်တဲ့သူက လုပ်တယ်။ စားပွဲထိုးတွေကဆိုင်ခင်းတယ်။ နံနက်စောစော ဝေလီ ဝေလင်းထရတဲ့ဒုက္ခတော့ရှိတယ်။ မနက်ပိုင်းကို တစ်ဦးစီကောင်တာ ထိုင်တယ်။ စားပွဲထိုးတွေလည်း တစ်လှည့်စီနားပြီးလုပ်ကြရတာပဲ။ ဆိုင်မှာက စားပွဲဝိုင်း(၃၅)ခုံရှိတယ်။ တစ်လှည့်စီ ထမင်းစားကြရ တယ်။ အဖျော်ဆရာလည်း ဒီအတိုင်းပဲ မနက်(ဆိုင်း)၊ ည(ဆိုင်း)ထားရတယ်။ နွေဘက်ဆိုရင်တခြားဆိုင်တွေ ထက်ရောင်းအားသွက်အောင် တီဗွီ၊ ဗီဒီယိုပြပေးထားတယ်။ ဒါမှလည်း တခြားဆိုင်ထက် ရောင်းအားသွက်မှာလေ။ မိုးတွင်းဘက်ဆိုရင်တော့ ဒုက္ခစတော့တာပဲ” ဟု ဆိုင်ရှင်ကိုကျော်မိုးက ဒုက္ခရင်ဖွင့်သံဖြင့် ပဲ့တင်သံသို့ပြောသည်။
ဆက်ပြီးဘောလုံးပွဲရာသီနှင့် ပတ်သက်၍ ”မိုးတွင်းဘက်က အရောင်းပါးတယ်လို့ တခြားဈေးသည်တွေကဆိုကြတယ်။ ဒီမှာတော့ လက်ဖက်ရည်ကောင်းရင်ကောင်းသလို၊ ဆက်ဆံရေးကောင်းရင်ကောင်းသလို သူ့မိတ်ကိုယ့်မိတ်ရှိကြတာပဲ။ ဒီလမ်းထဲမှာပဲ လက်ဖက်ရည်ဆိုင် သုံးဆိုင်လောက်ရှိတယ်။ ကျွန်တော့ဆိုင်ကတော့ အစုံရတော့ လူကျများတယ်။ ညဘက်ဆိုရင် ည ၇ နာရီကတည်းက လာကြပြီး၊ လူလေးယောက်လာရင် လက်ဖက်ရည်နှစ်ခွက်၊ ဆေးလိပ်တစ်ပွဲ လောက်မှာပြီး ဘောလုံးပွဲပြီးတဲ့အထိ ကြည့်ကြတယ်။ တချို့ဆို ခုံမလောက်လို့ ခုံထပ်ချပေးရတယ်။ တချို့လူတွေဆို ရေနွေးကြမ်းထိုင်သောက်ရင်း ထိုင်ကြည့်ကြတယ်။ စနေ၊ တနင်္ဂနွေဆို နှစ်ပွဲဆက်တိုက်လာတယ်။ တစ်ခါတလေ ပွဲဆက်များရင်များသလို ဖွင့်ထားပေးရတော့ လူတွေက အလိုက်တသိမပြန်ကြဘူး။ ည ၁ နာရီ၊ ၂ နာရီမှ ပြီးတဲ့ပွဲတွေရှိရင် လက်ဖက်ရည်ဆိုင်မှာပဲ သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ ထိုင်ရင်း အော်ကြ၊ ဟစ်ကြတယ်။ ဒါကလည်း မိုးရာသီဘောပွဲ ရောက်တိုင်း အနီးအနားကအိမ်ကော၊ ဆိုင်ကပါ ခံနေရတဲ့ ဒုက္ခတွေ ပါပဲ” ဟု ပြောသည်။
ဆက်လက်ပြီး ”နောက်ပိုင်း SEA Games ပွဲရောက်ရင်တော့ ဆိုင်က လူအဝင်ပိုများတော့မယ်။ ဒါကြောင့် နည်းနည်းလေးထပ်ချဲ့ပြီး ပရိုဂျက်တာနဲ့ပြသသွားမယ်။ (၂) ဖက်မြင်ပေါ့။ စားပွဲထိုးကလေးတွေလည်း ထပ်ခေါ်ရဦးမယ်” ဟု SEA Games အတွက် ကြိုတင်ပြင်ဆင်ထားမှုအကြောင်းကို ပြောသည်။
ဘောလုံးရာသီရောက်သည်နှင့်အများသူငါအနားယူအိပ်စက်နေကြသည်ကို မငဲ့ကွက်ဘဲ လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးကြသော ပုရိသတို့ကြောင့်ငုတ်တုတ်ထထိုင်ရသောညများ မကြာမီရောက်လာတော့မည်ဖြစ်ကြောင်းသာ။ ဝ၁၄

Leave a Reply

Your email address will not be published.