“စာနယ်ဇင်းကောင်စီရဲ့ သတင်းသမားတွေအပေါ်အကျိုးပြုမှုက အားနည်းတယ်ဆိုတာကို တွေ့ရတာများတယ်” “မီဒီယာသမားတွေ ရိုက်နှက်ခံရတာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒါ မှားတယ်”

မြန်မာပို့စ်သတင်းဂျာနယ်မှ သတင်းထောက် ဉာဏ်လင်းထွန်း(အလင်းဒီ)နှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး လက်ပံတန်းမြို့တွင် မတ်လ ၁၀ ရက်နေ့က ဖြိုခွင်းခံခဲ့ရသည့် ကျောင်းသားသပိတ်ကို မြန်မာပို့စ် သတင်းဂျာနယ်အတွက် သတင်းရယူနေသူ သတင်းထောက်ဉာဏ်လင်းထွန်း(အလင်းဒီ)သည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုတွင် ပါဝင်သွားခဲ့ပြီး မတ်လ ၁၃ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယင်းနှင့်ပတ်သက်သော အတွေ့အကြုံများကို ပဲ့တင်သံဂျာနယ်မှ တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြားပေးခဲ့သည်။

မေး။     ။ ညီလေးရဲ့အမည်နဲ့ ညီလေးက ဘယ်မီဒီယာကလဲ။ ဘယ်လို ဖမ်းဆီးခြင်းခံခဲ့ရတာလဲ။

ဖြေ။      ။ ကျွန်တော့်နာမည်က ဉာဏ်လင်းထွန်း(အလင်းဒီ)ပါ။ မြန်မာပို့စ်ဂျာနယ်က သတင်းထောက်ပါ။ စတင်အဖမ်းခံရ တာကတော့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းမှာပါ။ ရဲတွေက အကြမ်းဖက်ဖြိုခွင်းမယ်လို့ ကြေညာလိုက်ပြီးတဲ့အချိန်မှာ ဝိုင်းလာကြတယ်။ နံပါတ်တုတ်တွေနဲ့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းထဲကို ဝင်လာကြတယ်။ ဝိုင်းလာတဲ့အခါမှာ ကျွန် တော်က ကျောင်းသားတွေ၊ ကျောင်းသားတွေကို ဝန်းရံတဲ့လူတွနဲ့အတူ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းထဲမှာ ပုန်းအောင်း နေခဲ့တယ်။ အဲဒီအချိန်မှာ ရဲတွေက ဘုန်းကြီးကျောင်းထဲထိ ဝင်လာတယ်။ သူတို့က အေးအေးဆေးဆေး အဖမ်းခံပါလို့ ပြောတယ်။ အဲဒီအခါမှာ ကျွန်တော်အပါအဝင် ဘုန်းကြီးကျောင်းမှာရှိတဲ့လူတွေ အကုန်လုံးက အေးအေးဆေးဆေးအဖမ်းခံဖို့ ထွက်လာကြတယ်။ အဲဒီအခါမှာ ကျွန်တော်က မီဒီယာသမားဖြစ်တဲ့အတွက် မီဒီယာသမားတွေပါ ဖမ်းတဲ့အထဲမှာ ပါလားလို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းကို မေးတဲ့အခါ ကိုအောင်မှိုင်းဆန်းက မသိသေးဘူးလို့ပြန်ဖြေ တယ်။ နောက် ကျောင်းသားတွေကို ဖမ်းနေတဲ့အချိန်မှာ ဒုရဲမှူး ဦးနန္ဒဝင်းနဲ့ အပေါက်ဝမှာတွေ့လို့ ကျွန်တော်က မီဒီယာ သမားပါဆိုပြီး မီဒီယာကတ်ထုတ်ပြတယ်။ မီဒီယာသမားလည်း ဖမ်းဖမ်းဆိုပြီးတော့ ဖမ်းခိုင်းတယ်။ ဘယ်လိုပြောပြီးဖမ်းလဲ ဆိုရင် မီဒီယာသမားမဟုတ်ဘူး။ ဒီကောင်တွေက ဖွတဲ့ကောင်တွေလို့ပြောပြီးတော့ ဖမ်းခိုင်းတယ်။ ကျွန်တော့်ကို ဒုရဲမှူး ဦးနန္ဒဝင်းကိုယ်တိုင် ချက်ချင်းဖမ်းပြီးတော့ Phone, Power Bank နဲ့ Recorder တွေကိုပါ သိမ်းသွားတယ်။ အဲဒီလိုနဲ့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းမှာ ကျွန်တော်အဖမ်းခံခဲ့ရတယ်။

မေး။     ။ ဖမ်းဆီးပြီးတဲ့နောက်ပိုင်း ဘယ်လိုအရေးယူမှုတွေပြုလုပ်ခဲ့လဲ။

ဖြေ။      ။ ဘယ်လိုအရေးယူလဲဆိုတော့ ကျွန်တော်တို့ကို အောင်မြေဗိမာန်ဘုန်းကြီးကျောင်းထဲမှာ ပုံစံယူပြီး ထိုင်ခိုင်းတယ်။ နောက် ကျွန်တော်တို့ အကုန်လုံးကို ရိုက်တယ်၊ နှက်တယ်။ ကျောင်းသားဆိုလည်း ကျောင်းသား မို့လို့၊ ဝန်းရံသူဆိုလည်း ဝန်းရံသူမို့လို့၊ မီဒီယာသမားဆိုလည်း မီဒီယာသမားမို့လို့ တေးပြီးတော့ ရိုက်တဲ့သဘောမျိုးရိုက်တယ်။ ကျောင်းသား ခေါင်းဆောင်တွေဆိုလည်း သူတို့က အကုန်လုံး မှတ်ထားတာရှိတယ်ဗျ။ ကျောင်းသားခေါင်းဆောင်တွေဆို ဘာပြောခဲ့တာက အစ အတိအကျမှတ်ထားတာရှိတယ်။ အဲဒါပြောပြီးတော့ကို ပြန်ရိုက်တာ။ ဘယ်လိုပြောရမလဲ။ ရဲတွေဘက်က “တို့ရဲတွေ ညီရဲ့လားဟေ့” အဲဒီလိုပြောပြီးတော့ ရိုက်တယ်။ ကျွန်တော့်ကိုဆိုရင် မင်းက မီဒီယာသမားလားဆိုပြီးတော့ ရိုက်တယ်။ ပြီးတော့ သတင်းဘယ်နှစ်ပုဒ်ရလဲ မေးပြီးတော့ ရိုက်တယ်။ လှောင်ပြောင်ပြီးတော့လည်း ရိုက်တယ်။ လှိမ့်ပိတ်ပြီးတော့ အမျိုးမျိုးရိုက်တယ်။ ကျွန်တော့်ကို ရိုက်တာက နံပါတ်တုတ်ရော၊ ဝါးရင်းတုတ်ရောပါတယ်။ လက်၊ ခြေထောက်နဲ့ တစ်ကိုယ်လုံးအနှံ့ရိုက်တယ်။ ကျွန်တော် ပြန်လွှတ်လာတဲ့အချိန်မှာ သာယာဝတီခရိုင်၊ အုပ်ချုပ်ရေးမှူးရုံးမှာ ရဲမှူး ဦးဝင်းစိန် က မီဒီယာသမားတွေကို မရိုက်နှက်ပါဘူးလို့ ဖြေတယ်။ အဲဒါ မှားတယ်။ ကျွန်တော်ကိုယ်တိုင် သေလုမျောပါးရိုက်နှက် ခံရတယ်။ ပြီးတော့ ကျွန်တော့်ကို လက်ပြန်ကြိုးတုပ်တယ်။ ကျောင်းသားအများစုကို တုပ်၊ မတုပ်တော့ မသိဘူး။ နောက် ကျွန်တော့်ဘောင်းဘီအိတ်တွေ၊ အင်္ကျီအိတ်တွေကို ရှာတယ်။ နောက် ကျွန်တော့်ရဲ့လက်သူကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်ကို ပုံစံမယူဘဲ သိမ်းသွားတယ်။

မေး။     ။ အခုလိုဖမ်းတဲ့အခါမှာ ပုဒ်မနဲ့ တရားစွဲတာတွေ ရှိသေးလား။

ဖြေ။      ။ ပုဒ်မတပ်တာတော့ရှိတယ်။ ကျွန်တော်တို့ကို ၁၀ ရက်နေ့ ညနေက ကျောင်းသားတွေနဲ့အတူဖမ်းတယ်။ နောက်နေ့ ဗုဒ္ဓဟူးနေ့ညနေ ရုံးထုတ်လေ့ မရှိတဲ့အချိန်မှာ သာယာဝတီထောင်ကနေ ရုံးထုတ်တယ်။ ခန့်မှန်းခြေ ၆ နာရီကျော်ကျော်လောက် ရှိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ လက်ပံတန်းတရားရုံးရောက်တော့ ၈ နာရီ မိနစ် ၂၀ ရှိပြီ။ ရမန်ယူဖို့အတွက် ရုံးထုတ်တဲ့ အချိန်ပေါ့။ ဒီတိုင်းဆိုရင် ဖမ်းခွင့်မရှိလို့ ရမန်ချက်ချင်းယူတာ ညဘက်ကြီးကို။ မီဒီယာသမားတွေ မတွေ့အောင်လို့ဘဲ ညဘက် ရုံးထုတ်တာလား ကျွန်တော်မပြောတတ်ဘူး။ အဲဒီလိုရုံးထုတ်တယ်။ အဲဒီနေ့က ပုဒ်မတော့ မတပ်ဘူး။ ရမန်ယူတယ်။

မေး။     ။ မီဒီယာသမားတွေ အဖမ်းခံရတာနဲ့ပတ်သက်လို့ ဦးရဲထွဋ်က အင်တာဗျူးတစ်ခုမှာ မီဒီယာသမားတွေ အဖမ်း ခံရတာ၊ ကျောင်းသားနဲ့ ရဲအကြားမှာညပ်နေလို့ အဖမ်းခံရတာမျိုး၊ မီဒီယာပုံစံနဲ့ မကိုက်ညီလို့ အဖမ်းခံရတာမျိုး ပြောထား တယ်။ အဲဒါနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါ။

ဖြေ။      ။ ဦးရဲထွဋ်အနေနဲ့ ဒီစကားကို ဘယ်လောက်အထိ တာဝန်ယူ နိုင်မလဲလို့ ကျွန်တော့်အနေနဲ့ ပြန်ပြီးမေးခွန်းထုတ် ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဘုန်းကြီးကျောင်းထဲက စပြီးထွက်တဲ့အချိန်မှာ ဒုရဲမှူး ဦးနန္ဒဝင်းကို ကျွန်တော့် မီဒီယာကတ် ထုတ်ပြတယ်။ မီဒီယာသမားပါလို့ ကျွန်တော့်ပါးစပ်က အကြိမ်ကြိမ်ပြောတယ်။ ဒါပေမဲ့ မီဒီယာသမားလည်း ဖမ်းဖမ်း၊ မီဒီယာသမား မဟုတ်ဘူး၊ ဒီကောင်တွေက ဖွတဲ့ကောင်တွေဆိုပြီး ဖမ်းတာက ဒုရဲမှူး ဦးနန္ဒဝင်းကိုယ်တိုင်ဖြစ်တယ်။ အဲဒီအတွက် သူ့ရဲ့ ပြောစကားက မှားယွင်းတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။ ရဲမှူး ဦးဝင်းစိန်ကလည်း မီဒီယာသမား တွေ ရိုက်နှက်ခံရတာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒါမှားတယ်။ မီဒီယာသမား ကျွန်တော်ကိုယ်တိုင် အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှာ ရိုက်နှက်ခံခဲ့ရတယ်။ အဲဒီအတွက်ကြောင့် ဦးရဲထွဋ်ရဲ့ ပြောစကားဟာ ပြန်ပြီးမေးခွန်းထုတ်စရာ ဖြစ်နေပါ တယ်။

မေး။     ။ အရိုက်ခံရတဲ့အတွက် ဘယ်လိုဝေဒနာတွေကို ဘယ်လောက် အတိုင်းအတာထိ ခံစားနေရသလဲ။

ဖြေ။      ။ အရိုက်ခံရတဲ့အတွက် ခေါင်းတစ်ခေါင်းလုံး နေရာအနှံ့မှာ ဖုနေတယ်။ ပြီးတော့ ညာဘက်နံကြားမှာ တော်တော်ပြင်း ထန်တဲ့ ဒဏ်ရာ ခံစားရတယ်။ ပြီးတော့ ညာဘက်နားမှာ အရိုက်ခံရတဲ့ဒဏ်ရာက အခုထိ နာနေတုန်းပဲ။ ခန္ဓာကိုယ် အနှံ့အပြား က ဒဏ်ဖြစ်နေတာ အခုထိမပျောက်သေးဘူး။ နံရိုးဆိုရင် ညဘက်အိပ်ဖို့ လှဲတဲ့အချိန်မှာ တော်တော်ပြင်းထန်တဲ့ ဝေဒနာ ခံစားရတယ်။

မေး။     ။ အခုဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ယောက်ကိစ္စအတွက် စာနယ်ဇင်းကောင်စီက ဘယ်လိုဖြေရှင်းဆောင်ရွက် ပေးသလဲ။

ဖြေ။      ။ ကျွန်တော်က ၁၀ ရက်နေ့ ညနေမှာ ဖမ်းဆီးခံရတယ်။ ပြီးတော့ သာယာဝတီအကျဉ်းထောင်ကို တန်းပြီးတော့ ရောက်သွားတယ်။ အဲဒီအတွက် ကျွန်တော် ပြင်ပနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားတယ်ပေါ့။ အဲဒါကြောင့် ပြင်ပမှာ ဘာတွေ ဖြစ်သလဲဆိုတာကို ကျွန်တော် လုံးဝမသိတော့တဲ့ အနေအထားမို့ သူတို့ ဘာတွေလုပ်ဆောင်ပေးသလဲဆိုတာကို ကျွန်တော့်အနေ နဲ့ မသိပါဘူး။

မေး။     ။ အခု ဖမ်းဆီးခံရာက ပြန်လွတ်လာပြီးတဲ့အခါ စာနယ်ဇင်းကောင်စီကို ဘယ်လိုတောင်းဆိုမှုတွေ လုပ်ချင်သလဲ။

ဖြေ။      ။ စာနယ်ဇင်းကောင်စီရှိတယ်။ ဒီစာနယ်ဇင်းကောင်စီရဲ့ သတင်းသမားတွေအပေါ် အကျိုးပြုမှုက အားနည်းတယ် ဆိုတာကို တွေ့ရတာများတယ်။ အထူးသဖြင့် ကျွန်တော့်ကိစ္စမှာဆိုရင်လည်း ဖမ်းဆီးတဲ့ရဲတွေကို ကျွန်တော် မီဒီယာသမား ပါလို့ ကတ်ကိုလည်း ထုတ်ပြတယ်။ ပါးစပ်ကလည်း ပြောနေရဲ့သားနဲ့ အဖမ်းခံရတာက မီဒီယာသမားကို ပစ်မှတ်မထား ဘူးဆိုရင်တောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းဆီးတယ်။ အငြိုးအတေးထားတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆရတယ်။ အဲဒါကြောင့် စာနယ်ဇင်းကောင်စီကို ကျွန်တော့်အနေနဲ့ ပြောချင်တာက သတင်းသမားတွေကို လုံခြုံတဲ့အဝန်းအဝိုင်းတစ်ခုကို ဖန်တီးပေးစေ လိုတယ်။ အခုလက်ရှိအချိန်မှာ သတင်းသမားတွေရဲ့ သတင်းရယူမှု မီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာသမားရဲ့ လုံခြုံမှုက အရမ်း အားနည်းနေတာ တွေ့ရတယ်။ လက်ရှိ ကျွန်တော့်ရဲ့ဖြစ်စဉ်က သာဓကတစ်ခုပါ။ အဲဒါကြောင့် စာနယ်ဇင်းကောင်စီ တာဝန်ရှိ သူတွေအနေနဲ့ မီဒီယာသမားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်စေချင်တယ်။

ဝ၅၄

Leave a Reply

Your email address will not be published. Required fields are marked *