ရွှေစင်မင်းသီလရှင်သင်(အမျိုးသမီး)ပရဟိတပညာရေးကျောင်း

ယနေ့ခေတ်မြန်မာနိုင်ငံ၌ တိုင်းပြည်အတွက် လူမှုအကျိုးပြုလုပ်ငန်း များလုပ်ဆောင်ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ သာမကဘဲ ရဟန်းသံဃာတော်များနှင့်သီလရှင်ဆရာကြီးများ ပါဝင်လာကြသည်ကိုတွေ့ရှိရသည်။
နယ်စပ်ဒေသနှင့်တောင်တန်းဒေသမှ စွန့်ပစ်ခံချို့တဲ့တိုင်းရင်းသူကလေးငယ်များအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းဆောင်ရွက်ရာတွင်လည်း သာသနာ့နွယ်ဝင်ပုဂ္ဂိုလ်အကျော်များ၏အခန်းကဏ္ဍများပါဝင်လာရာ ယခုတစ်ပတ်အတွက် ပဲ့တင်သံဂျာနယ်၏အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍတွင် ပြင်ဦးလွင်မြို့မှ ရွှေစင်မင်းသီလရှင်သင် (အမျိုးသမီး)ပရဟိတပညာရေးကျောင်း၏ထူးခြားလုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ ရွှေမြင်တင် ဘုရားအနောက်ဘက်ရှိ အဆိုပါပရဟိတပညာရေးကျောင်းကို ၂ဝဝ၁ ခုနှစ်က အမြော်အမြင်ရှိသော သီလရှင်ဆရာကြီးတစ်ပါးကထူထောင်ခဲ့သည်။
ကျောင်းတည်ထောင်သူ သီလရှင်ဆရာကြီးဒေါ်နန္ဒသိင်္ဂီအနေနှင့် ထိုစဉ်က ဖြူစင်သည့်ကရုဏာ၊ စာနာသည့်စိတ်ထားကြောင့်သာ စွန့်ပစ်ခံချို့တဲ့ တိုင်းရင်းသူကလေးငယ်များအား ကယ်တင်လိုသည့်စိတ်ရှိခဲ့ကြောင်း၊ သို့ရာတွင် ငွေကြေးအားဖြင့်တတ်နိုင်သည့်အခြေအနေမရှိခဲ့ကြောင်း၊ ကယ်တင် စောင့်ရှောက်ခဲ့သည့် ကလေးငယ်များအတွက်ကိုလည်း တစ်လမ်းဝင်တစ်လမ်းထွက် ဆင်းရဲအပင်ပန်းခံကာ အလှူခံကျွေးမွေးစောင့်ရှောက်ခဲ့ရ ကြောင်း၊ အဆိုပါသီလရှင်ဆရာကြီး၏မိတ်ဆွေဖြစ်သူရဟန်းတော်တစ်ပါးက ပဲ့တင်သံဂျာနယ်သို့မိန့်ပါသည်။
စတင်တည်ထောင်ကာစက မိဘမဲ့စွန့်ပစ်ခံတိုင်းရင်းသူ ၄ဝ ကျော်အားလောက်ငှရုံသာ စောင့်ရှောက်နိုင်ခဲ့ပြီး နောက်ထပ်ဒုက္ခသည်တိုင်းရင်းသူများ ထပ်မံရောက်ရှိလာချိန်တွင်မူ အခက်အခဲပေါင်းစုံနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ ရသည်ဟု သိရသည်။
အဆိုပါ ပရဟိတကျောင်းတွင်တိုင်းရင်းသူကလေးများချည်း ထိန်းသိမ်းစောင့်ရှောင့်ထားရခြင်းနှင့်ပတ်သက်၍ အဆိုပါသီလရှင်ဆရာကြီးအား မေးမြန်းကြည့်ရာ”နယ်စပ်ဒေသနဲ့တောင်တန်းဒေသက မိဘမဲ့ကလေးတွေ ဆိုတာ ဘာမှသိသေးတာမဟုတ်ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့လူကုန်ကူးရောင်း စားခံရရင်ဘယ်လိုလုပ်မလဲ။ အဲဒီလိုရောင်းစားခံရပြီး တိုင်းတစ်ပါးသူ့ကျွန်မဖြစ်စေဖို့ရည်ရွယ်ပြီး ခေါ်ယူပြုစုစောင့်ရှောက်ပေးနေတာ” ဟု ပြန်လည် ဖြေကြားသည်။
ရည်ရွယ်ချက်ကောင်းမွန်မှုကြောင့် မိဘမဲ့ကလေးများနှင့် နယ်စပ်တောင် တန်းဒေသမှ စွန့်ပစ်ခံတိုင်းရင်းသူများ တစ်နေ့တခြားများလာသည့် ရွှေစင် မင်းကျောင်းကို ၂ဝဝ၆ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရ သာသနာရေး ဦးစီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့သည်။
ကိုယ်တိုင်လည်း တောင်ပေါ်ဒေသ ပအို့ဝ်တိုင်းရင်းသူဖြစ်သည့် အလျောက် နယ်စပ်တောင်တန်းဒေသများက တိုင်းရင်းသူမိဘမဲ့ကလေးငယ်များ၏ စွန့်ပစ်ခံအနာဂတ်အရေးကို စာနာစိတ်အပြည့်နှင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ၌ကျောင်းတိုက်အတွင်း ကချင်၊ ရှမ်း၊ လားဟူ၊ လီဆူး၊ ပအို့ဝ်၊ ပလောင်စသော မိဘမဲ့စွန့်ပစ်ခံ တိုင်းရင်းသူ ၅ဝဝ ကျော်ခန့်အထိရှိလာရာ အဆောက်အအုံ၊ အလှူခံဝင်ငွေတို့မှာ ထိန်းသိမ်းစောင့်ရှောက်ထားသည့် လူဦးရေနှင့်မမျှမတဖြစ်လျက်ရှိသည်ဟုလည်း သိရပြန်သည်။ ”မနိုင်မနင်းလက်ခံတယ်ဆိုတာထက် ပရဟိတဝန်ဆောင်မှု အတွက် အခက်အခဲတာဝန်တစ်ရပ်ကို ထမ်းဆောင်နေရတယ်လို့ပဲမြင်ပါ တယ်။ ဆရာလေးအနေနဲ့ကတော့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်ထက် ကိုပိုပြီး အလှူငွေကိုရအောင်ရှာမှာပါ။ သူတို့လေးတွေအတွက် ခွန်အားအပြည့်ရှိပါတယ်”ဟု ယင်းက ပြောပါသေးသည်။
ကျွေးမွေးစောင့်ရှောက်ထားသည့် အခြားကျောင်းသူများအပါအဝင် တိုင်းရင်းသူမိဘမဲ့ အမျိုးသမီးငယ်လေးများအား သာသနာ့အနွယ်ဝင်စေပြီး သီလရှင်ဝတ် စာပေသင်ကြားပေးလျက်ရှိရာ ကျောင်းနေအရွယ်မဟုတ်သည့် ကလေးငယ်များ အတွက်ကိုမူ သီလရှင်ဆရာလေးများနှင့် သင်ကြားရေးဆရာမများက ကူညီစောင့်ရှောက်ပေးကြကြောင်း၊ ပညာသင်ကြားရေး တွင် အခြေခံမူကြိုတန်းမှ သတ္တမတန်းအထိ သင်ကြားပေးပြီး အထက်တန်းပညာရေးအတွက်ကိုမူ အစိုးရအထက်တန်းကျောင်းများတွင် ဆက်လက်သင်ယူစေကြောင်းသိရသည်။
လက်တလောအခြေအနေအရ တည်ဆောက်ဆဲအဆောက်အအုံရှိပြီ ဖြစ်သော်လည်း တစ်နေ့တခြားများပြားလာသည့် လူဦးရေကြောင့် စာရေး သောက်ရေးနှင့်ပညာသင်ကြားရေးအပြင် နေရေးထိုင်ရေးနှင့်ဝတ်စား ဆင်ယင်ရေး အခက်အခဲများရှိခဲ့ရာ အလှူငွေရရှိရေးအတွက် အမျိုးမျိုးကြိုးပမ်းဆောင်ရွက်နေရကြောင်းကိုလည်း ဆရာမကြီးဒေါ်နန္ဒသိင်္ဂီက ”အလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ရပ်တည်နေရပေမဲ့ ဝင်ငွေနဲ့သုံးငွေမမျှပါဘူး။ အလှူငွေရရှိရေးကို အမျိုးမျိုးကြိုးပမ်းနေရပါတယ်။ ကုမ္ပဏီတချို့နဲ့အများပြည်သူကောင်းမှုကြောင့် လတ်တလောခရီးဆက်နေရပေမဲ့လည်း နောင်ရေးအတွက်ကိုတော့ တွေးပူနေရပါတယ်”ဟုရှင်းပြသည်။
သီလရှင်သင်(အမျိုးသမီး)ပညာရေးကျောင်းဖြစ်သည့်အတွက်လည်း အခြားသော စာသင်တိုက်ကြီးများမှ ရဟန်းသံဃာတော်များကဲ့သို့ ဆွမ်း ဟင်းအာဟာရပေါများခြင်းမရှိကြောင်းနှင့် မြို့တွင်းမြို့ပြင် တစ်လ နှစ်ကြိမ်ခန့် အလှူခံထွက်ပါသော်လည်း ပြည့်စုံလုံလောက်သည့် အခြေအနေမျိုး မရှိသေးကြောင်း၊ ထို့အတွက်ကြောင့်လည်း တစ်နေ့ တာဆွမ်းအလှူရှင်များ လိုအပ်နေသေးကြောင်းကိုလည်း သိရသည်။
တောင်တန်းဒေသနှင့်နယ်စပ်ဒေသများက မိဘမဲ့စွန့်ပစ်ခံ တိုင်းရင်းသူကလေးငယ်များကို အခမဲ့ကျွေးမွေးပြုစု ပညာသင်ကြား ပေးလျက်ရှိသည့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁)၊ ညံကွဲရပ်၊ ရွှေမြင်တင်ဘုရား အနောက်ဘက်ရှိ ရွှေစင်မင်းသီလရှင်သင်(အမျိုးသမီး) ပရဟိတပညာရေးကျောင်းသည် မြန်မာပြည်ဖွား စွန့်ပစ်ခံတိုင်းရင်းသူ ကလေးငယ်များ၏ဘဝ တိုးတက်ရေးနှင့်လုံခြုံစိတ်ချရေးအတွက် နားခိုရာနေရာတစ်ခု ဖြစ်သည့်အတွက် လူမှုအကျိုးပြု လုပ်ဆောင်ရာ ထူး မြတ်သည့်ဌာနတစ်ခု ဖြစ်ပါသည်။
လူမျိုးခြားတိုင်းပြည်တစ်ခုနှင့် ဆက်စပ်လျက်ရှိသော နယ်စပ်တိုင်းရင်းသူကလေးငယ်များ တိုင်းတစ်ပါးသို့ ရောင်းစားခံရမှုမရှိစေရန် အတွက် တိုင်းရင်းသူသီလရှင်ဆရာ ကြီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းနေ တိုင်းရင်းသား အချင်းချင်းကလည်း ဝိုင်းဝန်းကူညီ လှူဒါန်းပေးရန်လိုကြောင်းနှင့် ကူညီလှူဒါန်းကြလိုသူများအနေနှင့်လည်း အဆိုပါ ပရဟိတကျောင်းတည်ရှိရာ သို့ ခရီးသွားအလည်အပတ်ရောက်ရှိ ခိုက်တွင်လည်းကောင်း၊ ကျောင်းတည် ထောင်သူ အုပ်ချုပ်ရေးမှူးဆရာကြီး ဒေါ်နန္ဒသိင်္ဂီ(ဓမ္မာစရိယ) ဖုန်းနံပါတ် -ဝ၉၄၃၁၂၈၄ဝ၆ နှင့် ဝ၈၅၂၉၆ဝ၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပဲ့တင်သံဂျာနယ် အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍမှ တစ်ဆင့် တင်ပြလိုက်ရပါသည်။
ဝဝ၉

Leave a Reply

Your email address will not be published.