အိမ်ထောင်မပြုသေးဘဲ ရုပ်ရှင်ကားများရိုက်မည့် အဆိုတော်၊ သရုပ်ဆောင် ထွန်းထွန်း (Examplez)

သရုပ်ဆောင်၊ အဆိုတော် ထွန်းထွန်းက သူ၏ “Super Star”တေးစီးရီးအတွက် VCD ရိုက်ကူးနေမှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ပဲ့တင်သံကို ပြောကြားခဲ့သည်။ ထို့ပြင် ရပ်နားထားသည့် ဇာတ်ကားရိုက်ကူးရေး ကိုလည်း ဒီလထဲမှာပင် ပြန်လည်စတင်ရိုက်ကူးနေပြီဟု သိရသည့်အတွက် ပဲ့တင်သံက ထွန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်-

မေး။     ။ ဒီစီးရီးအတွက် ဘယ်ဒါရိုက်တာတွေ ရွေးထားလဲ။ ဘယ်လိုပုံစံ တွေပါမလဲ။

ဖြေ။      ။ လူငယ်ဒါရိုက်တာ အောင်မြတ်ပါ။ ပြီးရင် ကျွန်တော်နဲ့ တခြားအနုပညာအစ်ကိုတွေ ပေါင်းပြီး ရိုက်ထားတာတွေ လည်း ရှိပါတယ်။ တစ်ခွေလုံးကို မျှအောင် လုပ်ထားပါတယ်။ တစ်ခွေလုံးကိုလည်း Story ပုံစံမသွားထားသလို၊ သီချင်း ဆိုနေတဲ့ ပုံစံတွေချည်းပဲလည်း မသွားထားဘူး။ အားလုံးမျှမျှတတဖြစ်အောင် စီစဉ်ထားပါတယ်ခင်ဗျာ။

မေး။     ။ စီးရီး Tittle Super Star ကို ဘယ်လိုပုံဖော်ထားသလဲဆိုတာရော ပြောပြပေးပါဦး။

ဖြေ။      ။ Super Star ကို အကအဖွဲ့နဲ့ပဲ ရိုက်ကူးထားပါတယ်။ ဒါပေမဲ့ တွေ့နေကျပုံစံနဲ့ ကွဲထွက်နေတာကို မြင်တွေ့ ကြရမှာပါ။

မေး။     ။ Super Star Audio CD ထွက်ခဲ့တဲ့အချိန်ကနဲ့ အခုVCD ရိုက်ကူးနေတဲ့ ထွက်မယ့်အချိန်က ကြားမှာ အချိန်ကာလ ဟသွားတယ်လေ။ ဒီတော့ CD နဲ့ VCD ကြား ကွာခြားချက်တွေ များမယ်ထင်တယ်နော်။

ဖြေ။   ။ မှန်ပါတယ်ဗျ။ အဓိက ကွာခြားမှုကတော့ အဲဒီတုန်းက Idea တွေကို မလုပ်မိခဲ့တဲ့အတွက် တော်တော်လေးကို နောင်တလိုလိုဟာမျိုးတော့ စိတ်ထဲရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာဖြစ်တဲ့အတွက် ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကျွန်တော့်စိတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ တင်ဆက်မှုမျိုး ဖန်တီးထားပါတယ်။

မေး။   ။ ဒီလောက် အချိန်ယူထားတဲ့အတွက် Super Star က Super Star ဖြစ်ဖို့ ယုံကြည်လား။

ဖြေ။   ။ ကျွန်တော်ကတော့ ပရိသတ်တွေ မျှော်လင့်နေတာကို စိတ်ကျေနပ်မှု ရမယ်လို့တော့ ယုံကြည်ထားပါတယ်ဗျာ။

မေး။     ။ ကိုယ်တိုင်ရိုက်တာလည်း ပါတယ်ဆိုတော့ ဘယ်သီချင်းတွေကို ဒါရိုက်တာ လုပ်ထားလဲ။

ဖြေ။   ။ ကျွန်တော်ကိုယ်တိုင် Produce လုပ်တဲ့ သီချင်းတွေက ပိုများပါ တယ်ခင်ဗျ။ တစ်ပုဒ်၊ နှစ်ပုဒ်လောက်လဲ ထိန်ဝင်းတို့၊ ဘန်နီဖြိုးတို့ ရေးတာဆို တော့လေ။ ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့ ကိုယ်ပိုင် Idea လေးတွေ ရှိပါတယ်။ အဲဒီအရာတွေကို အကောင်အထည်ဖော်ထားတဲ့သဘောပါပဲ။

မေး။     ။ ဒါဆိုရင် ခုချိန်မှာ ပရိသတ်ကြိုက်၊ မကြိုက်ဆိုတာထက် လုပ်ပြီး သလောက် ကိုယ့်စိတ်ကြိုက် ဘယ်လောက်ရှိလဲ။

ဖြေ။   ။ ကျွန်တော်ကတော့ အကုန်လုံး ကြိုက်တယ်။ အပုဒ်တိုင်းကြိုက်တယ်။

မေး။     ။ ဇာတ်ကား ရိုက်ကူးရေးတွေ ကြားထဲမှာ သိပ်မတွေ့ရဘူးနော်။ အခုရော ရိုက်ကူးရေးစလုပ်ဖြစ်နေပြီလား။

ဖြေ။      ။ ကျွန်တော် ရွှေစင်ဦး ထုတ်လုပ်ရေးနဲ့ ရိုက်ပါတယ်။ ဒါပေမဲ့ ၂၀ဝ၉ ထဲက ရိုက်ကူးရေး ခဏနားထားပါတယ်။ နယ်ဈေးကျတယ်ပြောလို့ နားထား တာပါ။ အခု ၂၀၁၅ မှာမှ ရွှေစင်ဦးနဲ့ ပြန်စရိုက်နေပါပြီ။ ရုပ်ရှင်ကားကြီးတွေ လက်ခံရိုက်ကူးသလို ဒီနှစ်ထဲမှာလည်း ဇာတ်ကားရိုက်ကူးမှုကို အသားပေးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ “အီဖေကိုတို့ ရွေးကောက်ပွဲ”လို့ အမည်ရတဲ့ကားလေးကို ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးမှာဖြစ်ပါတယ်။ အဲဒီကားထဲမှာ ကျွန်တော်က ရက်ပ်ပါစိန်ရိုးဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်မှာပါ။ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကို ရဖို့အတွက် ရွေးကောက်ပွဲနည်းသဖွယ် ရယ်ရွှင်ဖွယ်ဟာသလေးနဲ့ မဲဆွယ်တဲ့ပုံစံ၊ ကျွန်တော်က လူရှုပ်လူပွေပုံစံနဲ့ သရုပ်ဆောင်မှာပါ။

မေး။   ။ ထွန်းထွန်းကို ဟိုအရင်က ပုံစံအတိုင်း လူငယ်ဟာသဇာတ်ကောင်အဖြစ်နဲ့ မြင်ရမှာပဲပေါ့။

ဖြေ။   ။ အဲဒီထက် ပိုပြီးတော့ တည်ငြိမ်ရင့်ကျက်တဲ့ ဟာသသရုပ်ဆောင် ဖြစ်မှာပါ။

မေး။   ။ ရိုက်ကူးရေးနဲ့ သီချင်းမှာ ထွန်းထွန်းနဲ့ ပရိသတ် အချိန်အတော်ကြာ ကွာဟသွားပေမဲ့ ဒီကြားထဲမှာ နှင်းဆီအငြိမ့်ရဲ့ လူရွှင်တော်အဖြစ်နဲ့တော့ မြင်တွေ့ခဲ့ကြရတယ်နော်။ ပရဟိတအတွက် ကပြတဲ့ နှင်းဆီအငြိမ့်ရဲ့ လူရွှင်တော်ထွန်း ထွန်းအကြောင်း ပြောပါဦး။

ဖြေ။   ။ ကျွန်တော်က ငယ်ငယ်ကတည်းက ဒုက္ခရောက်သူတွေ၊ လဲကျသူတွေကို စာနာစိတ်နဲ့ ကူညီပေးတာတွေက မိဘတွေရဲ့ သွန်သင်မှုကြောင့် ရှိခဲ့ဖူးပါတယ်။ အသက်အရွယ်ရလာတဲ့အခါမှာလည်း ဖြစ်ပေါ်လာတဲ့ နာမည်တစ်ခုအပေါ် ပြန်လည် ပေးဆပ်ရတဲ့အခါမှာ ဒီလိုအလုပ်လေးတွေနဲ့ ပေးဆပ်ရတာကို ဂုဏ်ယူမိပါတယ်။ ကျေနပ်ဝမ်းသာဖြစ်မိပါတယ်။

မေး။     ။ လူရွှင်တော် ထွန်းထွန်းနဲ့ သရုပ်ဆောင်၊ အဆိုတော် ထွန်းထွန်းအကြား ကွာခြားမှုကရော။

ဖြေ။      ။ ကျွန်တော် လူရွှင်တော်အနေနဲ့ စင်ပေါ်မှာဆို တန်ရှင်တွေ အများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အဓိကအလုပ်လည်း မဟုတ်ဘူး။ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတာဖြစ်တဲ့အတွက် ကိုယ်ပြောတဲ့စကားတစ်ခွန်းကို တာဝန်ယူရတာ အရမ်းတန်ရှင်များပါတယ်။ ဒါပေမဲ့ ကျွန်တော် ကျေနပ်ပါတယ်။ ပျော်လည်းပျော်ပါတယ်။

ရိုက်ကူးရေးပြန်စနေပြီဖြစ်သည့် ထွန်းထွန်းက သူ့ပရိသတ်ကြီးအား “သေချာတာတစ်ခုကတော့ အိမ်ထောင်မပြုသေးပါဘူး။ ဝိတ်လျှော့မယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်မယ်” ဆက်လက်အားပေး ကြည့်ရှုကြပါဦးဟုလည်း ပဲ့တင်သံကတစ်ဆင့် ပြောကြားခဲ့ပါသည်။

ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *