အပြောထက် လက်တွေ့ကိုသာ မြင်တွေ့လိုဟု သမ္မတအာဆတ် ဆို

မတ် ၁၆

ဆီးရီးယားနိုင်ငံအား နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်သို့ ရောက်ရှိရေး ညှိနှိုင်းဆွေးနွေးပွဲများ၌ ဆီးရီးယားသမ္မတ Bashar al- Assad ပါဝင်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ၏ ပြောကြားချက်ကို သမ္မတ အာဆတ်က ပယ်ချလိုက်ပြီး ပြင်ပမှာ ပြောကြားနေသော ကြေညာချက်များသည် မိမိတို့နှင့် မသက်ဆိုင်နိုင်ကြောင်း မတ်လ ၁၆ ရက်နေ့က တုံ့ပြန်ပြောကြားလိုက်သည်။

မတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော CBS သတင်းဌာနနှင့် တွေ့ဆုံခန်းတစ်ရပ်၌ အမေရိကန်ပြည်ထောင်စု အနေဖြင့် သမ္မတ အာဆတ်နှင့် တွေ့ဆုံညှိနှိုင်းလိုခြင်းရှိ၊ မရှိ မေးမြန်းသည့်အခါ Kerry က နောက်ဆုံးတွင် ညှိနှိုင်းဆွေးနွေးရမည်သာ ဖြစ်သည်ဟု ဖြေကြားသွားခဲ့သည်။

ဆီးရီးယားနိုင်ငံပိုင် ရုပ်/သံအရောင်းဌာနက ထုတ်လွှင့်ပေးခဲ့သော သမ္မတ အာဆတ်၏ တုံ့ပြန်ပြောကြားချက်တွင် ယခုအချိန် အထိ ကြေညာချက်များကို ကြားနေရဆဲဖြစ်ပြီး လက်တွေ့ဆောင်ရွက်လာမည်ကိုသာ စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ချက် ချမှတ် မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ အာဆတ်က ဆီးရီးယားအခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထား ရပ်တည်မှုပြောင်းလဲ ခြင်း မှန်သမျှသည် အပြုသဘောဆောင်ပါကြောင်း၊ သို့ရာတွင် ပြည်ပနိုင်ငံများအနေဖြင့် နိုင်ငံအတွင်းမှ အကြမ်းဖက် တိုက်ခိုက်ရေးအဖွဲ့များအား ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းသင့်ကြောင်း၊ ဆီးရီးယားသမ္မတ၏ အနာဂတ်နှင့်ပတ်သက်သော ဆွေးနွေးမှုတိုင်းသည် ဆီးရီးယားပြည်သူတို့အတွက်ဖြစ်ပြီး ပြင်ပမှ ပြောကြားနေသော ကြေညာချက်များသည် မိမိတို့နှင့် မသက်ဆိုင်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

ဝါရှင်တန်အစိုးရ၏ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Marie Harf ကမူ Kerry ၏ ပြောကြားချက် သည် သမ္မတ အာဆတ်ကို အတိအကျ ရည်ညွှန်းခြင်းမဟုတ်ကြောင်း ဝါရှင်တန်အစိုးရသည် ဆီးရီးယားသမ္မတနှင့် မည်သည့် အခါမျှ ညှိနှိုင်းဆွေးနွေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နှင့် တူရကီနိုင်ငံတို့ကလည်း ဆီးရီးယားအရေး ဆွေးနွေးပွဲများတွင် သမ္မတ အာဆတ် ပါဝင်မည်ကို လိုလားခြင်းမရှိကြပေ။

ဝ၂၇ Reuters

Leave a Reply

Your email address will not be published. Required fields are marked *