ဂျပန်အတွက် သတိပေးစကား (သို့မဟုတ်) တရုတ်စစ်ရေးအင်အား ပြပွဲ

ယခုနှစ်သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်သည်။ တရုတ်နိုင်ငံအတွက်ဆိုလျှင် ဂျပန်ခုခံရေးစစ်ပွဲ အဆုံးသတ်သည့်နှစ်ပတ်လည်နေ့ဖြစ်သည်။ ဤသမိုင်းဝင် အခါသမယကို အမှတ်တရ ကျင်းပရန်အတွက် စစ်ရေးအင်အားပြပွဲကြီးတစ်ခု ခင်းကျင်းပြသခြင်းဖြင့် ထိုကာလ၏ အဖြစ်သနစ်ကို ပြန်လည်ခံစားနိုင်ရန် တရုတ်နိုင်ငံက စီစဉ်ထားသည်။ စင်စစ် ဤစစ်ရေးအင်အားပြပွဲကြီးမှာ တရုတ်၏ ဂျပန်အပေါ် အမြင်ကို သင်္ကေတအပြုဆုံး အဆက်အစပ် အမှတ်အသားကို သွယ်ဝိုက်ဖော်ပြခြင်းပင် ဖြစ်ပါသည်။

ဤကဲ့သို့ ယင်း၏စစ်ရေးစွမ်းပကားကို ခင်းကျင်းပြသလိုက်ခြင်းဖြင့် ဂျပန်ကို ခြောက်လှန့်ရန်နှင့် ကမ္ဘာစစ်လွန် ကမ္ဘာ့အခင်း အကျင်းကို ထိန်းသိမ်းထားလိုသည့် တရုတ်၏ ပိုင်းဖြတ်မှုအား ကမ္ဘာကို ကြေညာရန် အရင်းခံအားဖြင့် တရုတ်နိုင်ငံက ရည်ရွယ်ခြင်းဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုများ ရှိပါသည်။

တရုတ်နိုင်ငံသည် ဤစစ်ရေးပြပွဲသို့ နိုင်ငံတကာခေါင်းဆောင်များအားလုံးကို လှိုက်လှဲစွာ ကြိုဆိုမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့ရာ စစ်ကာလ ရန်သူတော်ကြီး ဂျပန်ကိုလည်း ဖိတ်ကြားနိုင် သည့် အခိုင်အမာ အရိပ်လက္ခဏာတစ်ခုဖြစ်ပါသည်။

ထို့ပြင် မတ်လ ၁၉ ရက်နေ့တွင် နှစ်နိုင်ငံအနေဖြင့် လေးနှစ်တာကာလအတွင်း ပထမဆုံး လုံခြုံရေးဆွေးနွေးပွဲများကို ကျင်းပ သွားမည်ဖြစ်ရာ ရှင်ဇိုအာဘေး ဝန်ကြီးချုပ်ဖြစ်လာကတည်းက တစ်စထက်တစ်စ တင်းမာလာခဲ့သော နှစ်နိုင်ငံဆက်ဆံရေး အတွက် တစ်စုံတစ်ရာ တိုးတက်မှုကို ပြသနေသည်။

ဤကဲ့သို့သော ဆက်စပ်အခြေအနေတွင် အထက်ပါစစ်ရေးပြပွဲ ကျင်းပပြုလုပ်မည့် အစီအစဉ်နောက်ကွယ်မှ တရုတ်၏ ရည်ရွယ်ချက်ကို သတိပြုရန်မှာ အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်လာသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်သည့် နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပြုရန် ဆယ်နှစ်တစ်ကြိမ် အောက်တိုဘာ ၁ ရက် နေ့တိုင်းစစ်ရေးပြပွဲကြီးတစ်ရပ် ကျင်းပလေ့ရှိသည်မှာ တရုတ်နိုင်ငံအတွက် ထုံးစံတစ်ခုဖြစ်ပါသည်။ ဤကဲ့သို့သော စစ်ရေးပြပွဲကြီးများကို နောက်ဆုံး ကျင်းပခဲ့သည်မှာ ၁၉၉၉ ခုနှစ်နှင့် ၂၀ဝ၉ ခုနှစ် သမ္မတ ဟူကျင်းတောင် လက်ထက်က ဖြစ်သည်။

တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကို လူသိရှင်ကြားပြသမှုမှာ တစ်စုံတစ်ဦးကို ဦးတည်ခြင်း (သို့မဟုတ်) ခြောက်လှန့်ရန် ရည်ရွယ်ခြင်းမဟုတ်ဟု ဘေဂျင်းက ရှင်းချက်ထုတ်တတ်သော်လည်း ငုတ်နေသော အရိပ်လက္ခဏာများကား ကျန်ရှိနေမြဲ ဖြစ်သည်။ ယင်းထုံးရိုးထုံးစဉ် ပြုမူဆောင်ရွက်မှုများနှင့် မကိုက်ညီစွာပင် ယခုနှစ်စက်တင်ဘာလတွင် သမ္မတရှီကျင်းပင် လက်ထက် တရုတ်နိုင်ငံ၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ် စစ်ရေးပြပွဲကြီးတစ်ရပ် ကျင်းပပြုလုပ်ရန် စီစဉ်ထား သည်။

ဤနေရာတွင် သိသာထင်ရှားသောအချက်မှာ ပထမဆုံးအကြိမ်အဖြစ် စစ်ရေးနှင့်ပတ်သက်သည့် ယင်း၏ နိုင်ငံရေးအာဘော် ကို အခိုင်အမာ ထုတ်ဖော်ပြောဆိုရန် တရုတ်နိုင်ငံက ရည်ရွယ်ခြင်းဖြစ်သည်။ ထိုအချက်ကား စစ်ရေးပြပွဲတစ်ရပ် ကျင်းပပြု လုပ်ခြင်းသည် PRC တည်ထောင်ခြင်းနှင့် ဆက်စပ်မှုမရှိဆိုသော အချက်ပင်ဖြစ်သည်။ သတိပြုစရာ အခြားအချက်မှာ တရုတ်အစဉ်အလာတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ရေးအထိမ်းအမှတ်ပွဲတွင် နိုင်ငံရပ်ခြား နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ရန် မျှော်လင့်ထားခြင်းပင်။

ဤအခြေအနေတွင် တရုတ်နိုင်ငံ၏ အတိတ်နှင့် မကိုက်ညီသော ဤလုပ်ဆောင်ချက်မှာ အလွန်ထူးခြားသော သင်္ကေတ သဘောတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်မှုဖြစ်ပါသည်။

အထူးခြားဆုံးအချက်မှာ ယင်း၏ စစ်ရေးစွမ်းပကား လျင်မြန်စွာ တိုးတက်လာမှုနှင့်အတူ တိန့်ရှောင်ဖိန်၏ “သိုသိုသိပ်သိပ် နေရေး” “စာလုံး ၂၄ လုံးပါ မဟာဗျူဟာ”ကို ပြန်လည်စဉ်းစားရန် တရုတ်နိုင်ငံက အားပေးလိုဟန်ရှိခြင်းဖြစ်သည်။ ထိုမဟာ ဗျူဟာ၏ ဆိုလိုချက်မှာ “အခြေအနေကို တည်ငြိမ်စွာ လေ့လာ၊ မိမိအနေအထားကို လုံခြုံအောင်လုပ်၊ အရေးကိစ္စများကို တည် တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်း၊ မိမိစွမ်းအားကို ဖုံးကွယ်ထားပြီး အချိန်ကိုစောင့်ဆိုင်း၊ သိုသိုသိပ်သိပ်နေရေးကို ကောင်းစွာ ထိန်းသိမ်း၊ လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်” ဟူ၍ ဖြစ်သည်။

စစ်ရေးပြပွဲကြီး ကျင်းပပြုလုပ်ခြင်းဖြင့် ဒုတိယကမ္ဘာစစ် နှစ် ၇၀ ပြည့် အခမ်းအနားကို ဆင်နွှဲရန် တရုတ်နိုင်ငံ၏ ခွန်းဆင့် သံကား တိန့်ရှောင်ဖိန်၏ သိုသိုသိပ်သိပ်နေရေး မဟာဗျူဟာမှ ခွဲခွာလာခြင်းဖြစ်သည်ကို သက်သေထူနေသော အချက်ပင် ဖြစ်ပေသည်။

ဤနေရာတွင် တရုတ်၏ မဟာစစ်ရေးအင်အားပြပွဲကြီးမှာ သင်္ကေတ သဘောက ပိုကဲနေပါသည်။ “တခြားနိုင်ငံတွေနဲ့အတူ အထိမ်းအမှတ်အခမ်းအနားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတာဟာ ငြိမ်းချမ်းရေးကို လိုလားပြီး ပါဝင်ဆောင်ရွက်သူ လူကောင်းသူကောင်းတစ်ဦးချင်းနဲ့ လူတိုင်းကို နိုးနိုးကြားကြား ရှိစေဖို့၊ ပြည်သူလူထုရဲ့ သမိုင်းအမှတ်တရနဲ့ ငြိမ်းချမ်းရေး ချစ်စိတ်ကို အားသစ်လောင်းပေးဖို့၊ ဒုတိယကမ္ဘာစစ်အောင်ပွဲနဲ့ စစ်လွန်ကာလ ကမ္ဘာ့အခင်းအကျင်းကို ထိန်းသိမ်းစောင့်ရှောက် ရာမှာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရာမှာ တရုတ်နိုင်ငံရဲ့ ခိုင်မာမြဲမြံတဲ့ ရပ်တည်ချက်အနေအထားကို ပြသဖို့ ဖြစ်ပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက ဆိုသည်။

အထက်ပါ ပြောဆိုချက်မှနေ၍ တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်အမြင် တစ်စုံတစ်ရာကို ခြေရာခံသိရှိနိုင်ပါသည်။ ဤရည်ရွယ် ချက်များမှာ ပထမအချက်အနေဖြင့် သီးခြားအရိပ်လက္ခဏာများအရ ဤစစ်ရေးပြပွဲမှာ ဂျပန်ကို သတိပေးသည့် အချက်ပြမှု တစ်ခု ဖြစ်သည်။ ဘေဂျင်းအနေဖြင့် တိုကျို၏ ငြိမ်းချမ်းရေးအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် စိတ်အားသန်ပုံရသည့် လက်ယာဂိုဏ်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်အောက်မှ ကိုယ့်ကိုယ်ကိုယ် ပိုမိုယုံကြည်လွန်းလာသည့် ဂျပန်နိုင်ငံကို တွေ့မြင် နေရသည်။

အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့် ယင်း၏အတိတ်ဘဝသို့ ပြန်လည်ကျရောက်မှုကို ရှောင်ရှားရန် တရုတ်နိုင်ငံ၏ စစ်ရေး ပြပွဲက ကမ္ဘာစစ်လွန်အခင်းအကျင်း၏ ပိုနေမြဲ ကျားနေမြဲ အနေအထားကို ပြောင်းလဲပစ်ခြင်းမှ ရှောင်ကြဉ်ရန် ဂျပန်နိုင်ငံကို အပြင်းအထန်သတိပေးအချက်ပြလိုက်ခြင်းပင် ဖြစ်သည်။ဤစစ်ရေးပြပွဲကို ဂျပန်နိုင်ငံအပေါ် ဟန့်တားမှုတစ်ခုအဖြစ် လုပ် ဆောင်ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆရပါသည်။ တရုတ်၏ စိုးရိမ်ပူပန်မှုများမှာ ကျူးကျော်မှုသမိုင်းနှင့် ပတ်သက်သည့် ဂျပန်၏ သဘောထားအပေါ်တွင် အခြေခံနေပါသည်။

ဂျပန်အနေဖြင့် အနာဂတ်ကို ကြည့်မြင်ရန် မှန်တစ်ချပ်အဖြစ် သမိုင်းကို သဘောထားဖို့လိုသည်ဟု တရုတ်က ယုံကြည်သည်။ တရုတ်-ဂျပန်ဆက်ဆံရေးအပေါ် ယနေ့တိုင် အရိပ်ထိုးနေသည့် ဂျပန်၏ လူမဆန်သော ကျူးကျော်ရန်စမှုအောက်တွင် တရုတ် နိုင်ငံ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရမှုကို သမိုင်းက ညွှန်ပြနေသည်။ ထို့ကြောင့်ပင် ဤစစ်ရေးပြပွဲမှာ ပြန်လည်ပြင်ဆင်ရေး လုပ်ဆောင်ချက်တစ်ခုခု ပြုလုပ်ခြင်းမှ ချုပ်တည်းရန် ဂျပန်ကို ရှင်းရှင်းလင်းလင်း သတိပေးမှုတစ်ခုဖြစ်နေပါသည်။ အထူး သဖြင့် တရုတ်အခေါ် ဒိုင်အောယု၊ ဂျပန်အခေါ် ဆင်ကာကူကျွန်းများအရေး၊ ယာဆူကူနီ စစ်သင်္ချိုင်းသို့ ဂျပန်ခေါင်းဆောင် များ သွားရောက်ဂါရဝပြုမှု၊ သမိုင်းပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများနှင့် အခြားပြဿနာများပါ ပတ်သက်နေပါသည်။

ဤအမြင်ကို စွဲကိုင်လျက် တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာအတွက် ဆောင်းပါးတစ်ပုဒ်တွင် ဟူကျန်းဟောင်ဆိုသူက ဤသို့ မှတ်ချက်ပြုခဲ့သည်။ “မိမိရဲ့ စစ်ရေးစွမ်းပကားကို ထုတ်ဖော်ပြသခြင်းဖြင့်သာ တရုတ်နိုင်ငံက ကိုယ့်ရဲ့သဘောထားနဲ့ ပိုင်းဖြတ်ချက်ကို ဂျပန်မြင်အောင်ပြသနိုင်ပြီး တရုတ်ဆိုင်ရာ ကမ္ဘာစစ်လွန် အခင်းအကျင်းကို စိန်ခေါ်ဝံ့သူ ဘယ်သူမဆိုကို နားလည်သဘောပေါက်သွားစေမှာ ဖြစ်တယ်။ ပြီးတော့ တရုတ်ရဲ့ ပင်မအကျိုးစီးပွားကို ထိပါးသူဟာ သူ့ရဲ့ ရန်သူဖြစ်တယ် ဆိုတာနဲ့ တရုတ်ရဲ့ ခိုင်မာအားကောင်းတဲ့ တန်ပြန်ထိုးနှက်တိုက်ခိုက်မှုအတွက် စိတ်ဓာတ်ရေးရာအရ ကြိုပြင်ထားရမယ် ဆိုတာကိုလည်း သိရှိစေမှာဖြစ်တယ်”ဟု သူကဆိုသည်။

ဒုတိယအချက်မှာ ယေဘုယျအားဖြင့် ဤစစ်ရေးပြပွဲက တရုတ်၏ စစ်ရေးအင်အားကို ကမ္ဘာသို့ ပြသရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းက တရုတ်နိုင်ငံ၏ အနေအထားမှာ နိုင်ငံတကာစနစ်ကြီးအတွင်းမှ အဓိကနှင့် ခိုင်မာသော ပလေယာတစ်ဦး ဖြစ်ကြောင်း နားလည်သဘောပေါက်လာစေမည်ဖြစ်သည်။ ထို့ပြင် ယခုအချိန်မှာ တရုတ်နိုင်ငံအတွက် မိမိ၏ပြည်တွင်း အင်အားထက် စစ်ရေးအင်အားကို ကမ္ဘာ့ဇာတ်ဆောင်များသို့ ထုတ်ဖော်ပြသရန် အခွင့်အခါကောင်းလည်းဖြစ်သည်။ ဤနေရာ တွင် ဤစစ်ရေးပြပွဲကြီးကို ဗိုလ်ကျလွှမ်းမိုးသူ အမေရိကန်ပြည်ထောင်စုသို့ ရှင်းလင်းပြတ်သားသော အချက်ပြမှုတစ်ခုအဖြစ် လည်း ရှုမြင်နိုင်ပါ သည်။

နောက်ဆုံးအချက်မှာ “ရှီကျင်းပင် ဖက်တာ”ဖြစ်သည်။ ဤရှီကျင်းပင် ဖက်တာက တရုတ်ကွန်မြူနစ်ပါတီ (CPC)၏ ပါတီအထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်သေနာပတိချုပ်နှင့် ပင်မခေါင်းဆောင်အဖြစ် ရှီကျင်းပင်၏ ဦးစီးဦးဆောင်အဆင့်အတန်းကို သင်္ကေတပြုထားသည်။ ထို့ကြောင့် ဤစစ်ရေးပြပွဲက ရှီကျင်းပင်၏ အရေးပါသောအခန်း ကဏ္ဍနှင့် သူ့အမြင် အများစုပါဝင်သော “တရုတ်အိပ်မက်”ကိုလည်း တစ်ပါတည်း ပြသသွားမည်ဖြစ်ပါသည်။

ဤစစ်ရေးပြပွဲက ကမ္ဘာ့ခေါင်းဆောင်များ (အထူးသဖြင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး)အတွက် သတိပေးအချက်ပြခြင်း ဖြင့် ရှီကျင်ပင်း၏ ခိုင်မာသော ဥပဓိကို ကမ္ဘာသို့ ခင်းကျင်းပြသမည်ဖြစ်သည်။ ရှင်ဇိုအာဘေးမှာ သူ့အရင် ဂျပန်ခေါင်းဆောင် များ၏ ဂျပန်စစ်ကာလသမိုင်းနှင့် ပတ်သက်သော “ဝန်ချတောင်းပန်သည့် ထုံးတမ်းစဉ်လာ”နှင့် နောင်တရမှုဖော်ပြချက်များမှ ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေဟန်တူပါသည်။ တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန် လက်ခံထားရှိသော သမိုင်းကို ပြန်လည် ပြင်ဆင်ရန် ဂျပန်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ အလွန်အကဲဆတ် ထိရှလွယ်သောကြောင့် အထက်ပါအချက်မှာ အရေးကြီး သော အရာတစ်ခု ဖြစ်နေသည်။

ဤကဲ့သို့သော သင်္ကေတနှင့် အချက်ပြမှု ကွန်ချာကြီးအတွင်းတွင် ဒုတိယ ကမ္ဘာစစ်ကြီး၏ နှစ်ပတ်လည်ကို အမှတ်အသား ပြုသည့် တရုတ်နိုင်ငံ၏ စစ်ရေးပြပွဲကြီးမှာ ကမ္ဘာကြီးအတွက်နှင့် တရုတ်-ဂျပန်ဆက်ဆံရေးအတွက် သိသာထင်ရှားသည့် ထူးခြားချက်ကို ယူဆောင်လာမည့်ဟန် ရှိနေပါသည်။ ထို့ပြင် ဤပြပွဲမှာ ဂျပန်၏ကျူးကျော်စစ်အပေါ် တရုတ်၏အောင်ပွဲ လက္ခဏာလည်း ဖြစ်နေသည်။

ထို့ကြောင့်ပင် ဤစစ်ရေးပြပွဲ အခမ်းအနားသည် တရုတ်အနေဖြင့် ယင်း၏ စစ်အင်အားကို တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ပါ ထုတ်ဖော်ပြသမည့် အထူးသဖြင့် ဂျပန်အတွက် ရည်ညွှန်းသည့် ညွှန်တံတစ်ခုဖြစ်နေပါလိမ့်မည်။

(မှတ်ချက်) ဤသုံးသပ်ချက်ကို ရေးသားသူ အမ်(မ)ရီတာ ဂျက်(ရှ)သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဂျဝါဟာလာ နေရူးတက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေးကျောင်း၊ အရှေ့အာရှရေးရာလေ့လာမှုဌာနမှ ပါရဂူဘွဲ့ကြိုနှင့် အငယ်တန်း သုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။

လူထွန်း

Ref: China’s parade a warning to Japan By Amrita Jash, Asia Times.

Leave a Reply

Your email address will not be published. Required fields are marked *