လန်ဒန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ ဇာတ်ရုံကြီး မီးသင့် ပထမနှင့်ဒုတိယထပ်ကြမ်းခင်း သုံးပုံတစ်ပုံနှင့်အမိုးများ ပျက်စီးခဲ့ရ

မတ် ၁၃

လန်ဒန်မြို့တောင်ပိုင်း Battersea အရပ်ရှိ ရှေးခေတ်ဟောင်းအဆောက်အအုံတစ်ခုဖြစ်သော Battersea Arts Centre မီးကြီးလောင်ကျွမ်းမှုကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မီးမှာ ညနေ ၄ ၁၅ နာရီတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လန်ဒန်အနောက်တောင်ဘက်ရှိ Clapham ခရိုင်တစ်ခုလုံး အထက်တွင် မီးခိုးလုံးမဲကြီးများ ပိတ်ဖုံးသွားစေခဲ့သည်။ မီးစတင်လောင်ကျွမ်းရာနေရာမှာ အဆောက်အအုံအဆင့် (၂) သတ်မှတ်ထားသော ကဇာတ်ရုံရှိရာ အဆောက်အအုံအမိုးမှ စတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ယူဆရပြီး စတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးချေ။ မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရရှိသည့် သတင်းလည်း ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

မီးသင့်လောင်မှုကြောင့် ဇာတ်ရုံအဆောက်အအုံ၏ ပထမထပ်ကြမ်းခင်းနှင့် ဒုတိယထပ်ကြမ်းခင်းတို့၏ သုံးပုံတစ်ပုံ ပျက်စီးခဲ့ ရပြီး အမိုးမှာလည်း ပျက်စီးသွားခဲ့ရသည်။ ဇာတ်ရုံမှာ ကပွဲများ တင်ဆက်နေဆဲ ဇာတ်ရုံဖြစ်၍ လက်မှတ်ဝယ်ယူထားသူများ ကို ပြန်အမ်းငွေ စီစဉ်ပေးသွားမည်ဖြစ်သည်ဟု Battersea Arts Centre က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Battersea Arts Centre အဆောက်အအုံမှာ ယခင်က Battersea လူနေဒေသ၏ မြို့တော် ခန်းမတစ်ရပ် ဖြစ်ပြီး ပွဲလမ်းသဘင်နှင့် အခမ်းအနားများကို ခန်းမတွင် လက်ခံတင်ဆက်ပေးလေ့ရှိကာ ၁၉၁၂ ခုနှစ် တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ရာတွင် သေဆုံးခဲ့ကြရသူများကို အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပေးခဲ့ရာနေရာလည်း ဖြစ်သည်။ အဆောက် အအုံကို ၁၈၉၃ ခုနှစ်ကပင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် Arts Centre အဖြစ်ပြောင်းလဲ အသုံးပြုခဲ့ ခြင်းဖြစ်သည်။

ဝ၂၇၊ BBC News

Leave a Reply

Your email address will not be published.