Comic Relief အဖွဲ့၏ Red Nose Day ရန်ပုံငွေပွဲ ဆင်းရဲနွမ်းပါးသူတို့ကို ထောက်ပံ့ကူညီရန် ဘီဘီစီရုပ်/သံမှ တင်ဆက်

မတ် ၁၄

ဆင်းရဲချို့တဲ့သူများကို ထောက်ပံ့ကူညီနိုင်ရန်အတွက် ၁၉၈၅ ခုနှစ်ကပင် ဖွဲ့စည်းတည်ထောင်ခဲ့သော Comic Relief ရန်ပုံငွေအဖွဲ့၏ Red Nose Day အမည်ရ ရန်ပုံငွေကောက်ခံရေး အခမ်းအနားတစ်ရပ်ကို မတ် လ ၁၃ ရက်နေ့ညက BBC One ရုပ်/သံမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားခဲ့ရာ အစီအစဉ်ပြီးဆုံးချိန်တွင် ရန်ပုံငွေစုစုပေါင်း စတာလင် ပေါင် ၇၈ သန်းကျော် ကောက်ခံရရှိခဲ့သည်။ Comic Relief ၏ နှစ်ပေါင်း သုံးဆယ် သက်တမ်းအတွင်း စုစုပေါင်းရန်ပုံငွေ စတာ လင်ပေါင် တစ်ဘီလျံကျော် ကောက်ခံနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၅ ခုနှစ် Red Nose Day ရုပ်/သံ အစီအစဉ် ထုတ်လွှင့်မှုတွင် နာမည်ကျော် အနုပညာရှင်များစွာ ပါဝင်တက်ရောက် ခဲ့ကြပြီး ပုံတူခဲခြစ် ပန်းချီကားချပ်ရေးဆွဲခြင်းဖြင့် အခမ်းအနားကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

အခမ်းအနား စီစဉ်တင်ဆက်သူ Claudia Winkelman က ယခုနှစ် ကောက်ခံရရှိငွေ စတာလင်ပေါင် ၇၈ သန်း စံချိန် သည် Red Nose Day ရန်ပုံငွေကောက်ခံမှုများအနက် အမြင့်ဆုံးဖြစ်သည်ဟုဆို သည်။ Comic Relief ကို တွဲဖက် ထူထောင်သူတစ်ဦးဖြစ်သည့် ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ Richard Curtis က Comic Relief ၏ စွမ်းဆောင်မှု အတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားအစီအစဉ်ကို Radio 2 DJ Dermot O’Leary ၂၄ နာရီ မာရသွန်အကဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ဗြိတိသျှ သရုပ်ဆောင် Rowan Atkinson နှင့် Dawn French တို့ကလည်း ယင်းတို့၏ နာမည်ကျော် ဇာတ်ရုပ်များဖြစ်သည့် Mr. Bean နှင့် The Vicar Of Dibley တို့အဖြစ် ပြန်လည်သရုပ်ဆောင်ပြခဲ့ကြသည်။ ၁၉၈၅ ခုနှစ်တွင် ဒါရိုက်တာ Curtis နှင့်အတူ Comic Relief ကို ပူးတွဲထူထောင်ခဲ့သော ဟာသပညာရှင် Lenny Henry က ၁၉၈၈ ခုနှစ်မှစ၍ အခမ်းအနား စီစဉ်တင်ဆက်သူအဖြစ် နှစ်စဉ် တာဝန်ယူမြဲအတိုင်း တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနား မစတင်မီ Comic Relief ၏ နှစ်ပေါင်းသုံးဆယ် သက်တမ်းအတွင်း စုစုပေါင်းရန်ပုံငွေ စတာလင်ပေါင် သန်းပေါင်း ၉၆၀ အထိ ရရှိထားပြီးဖြစ်ကာ အစီအစဉ်အတွင်း စတာလင်ပေါင် ၇၈ဝ၈၂၉၈၈ ထပ်မံရရှိသဖြင့် နှစ်ပေါင်း သုံးဆယ်သက်တမ်းအတွင်း ကောက်ခံရရှိငွေပေါင်း ၁ဝ၄၇ဝ၈၃၇၀၆ ရရှိခဲ့ခြင်းဖြစ်သည်။

Comic Relief ကို ထူထောင်သူလည်းဖြစ်၊ အဖွဲ့၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် Richard Curtis က လက်တစ်ဆုပ် စာ ဟာသသရုပ်ဆောင်များဖြင့် နှစ်ပေါင်းများစွာ အရင်က စတင်ခဲ့စဉ် စတာလင်ပေါင် တစ်သန်း၊ နှစ်သန်းခန့်ရရှိရေး အိပ်မက်မက်ခဲ့ရသော်လည်း ယနေ့အခါတွင် ဗြိတိသျှပြည်သူတို့၏ ရက်ရောမှုကို နှစ်ပေါင်းများစွာ ပြသနိုင်ခဲ့ပြီဖြစ်ကြာင်း ပြောကြားခဲ့သည်။

ဘီလျံနှင့်ချီ၍ ကောက်ခံရရှိသော ရန်ပုံငွေတို့ဖြင့် ယူကေနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ သန်းငါးဆယ်သော ဆင်းရဲနွမ်းပါး သူတို့၏ ဘဝများကို ပြောင်းလဲပေးနိုင်ခဲ့ပြီး ယင်းတို့ကိုယ်တိုင် တစ်ခါမျှ မဆုံတွေ့ဖူးသော အလှူရှင်ပြည်သူတို့၏ ရက်ရောမှု ဖြင့် ဘဝများစွာကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။

ဝ၂၇၊ BBC News

Leave a Reply

Your email address will not be published.