၂၀၁၅ သင်္ကြန်ခွေအတွက် သီချင်းမဆိုထား ပရိသတ်နှင့်အတူရှိနေမည့် ဉာဏ်လင်းအောင်

ဒီနှစ်သင်္ကြန်အတွက် သင်္ကြန်သီချင်းခွေတွေမှာ ပါဝင်သီဆိုထားမှုမရှိသည့် တေးသံရှင် ဉာဏ်လင်းအောင်က သင်္ကြန်တွင် ရန်ကုန်နှင့် မန္တလေးပရိသတ်များ နှင့်ရှိမည်ဟုဆိုသည်။ သင်္ကြန်ကျသည့်လဖြစ်သည့် ဧပြီလ ၁၁ ရက်နေ့တွင် မွေးဖွား သူဖြစ်သည့်အတွက် သင်္ကြန်ခံစားမှု ကြီးမားသည်ဆိုသည့် ဉာဏ်လင်းအောင်က “သင်္ကြန်သီချင်းနဲ့ ပတ်သက်ရင်တော့လေ အခုက ခေတ်ကလည်းပြောင်းသွားပြီ ဆိုတော့ နောက်ပိုင်းမှာ သင်္ကြန်သီချင်းက ရှားသွားပြီ။ ထွက်ရင်လည်း လူငယ်ကြိုက် သီချင်းတွေ ထွက်တာများတယ်။ ဟိုးတုန်းက သင်္ကြန်သီချင်းတွေကို ပြန် ဆိုတာတောင်မှ အခုနောက်ပိုင်း သိပ်မတွေ့ရ တော့ဘူးပေါ့နော်။ ဖြစ်နိုင်ရင်တော့ ဟိုးတုန်းက သီချင်းလေးတွေ ပြန်ဆိုစေချင်တာပေါ့နော်။ အဲဒီတုန်းက သင်္ကြန်သီချင်း တွေကို ပိုပြီးခံစားမှုရှိတယ်” ဟု ပြောသည်။

တစ်ကိုယ်တော် တေးစီးရီးနှစ်ခွေ ထွက်ထားပြီးဖြစ်သည့် ဉာဏ်လင်းအောင်က တတိယတစ်ကိုယ်တော်ခွေကိုလည်း သူ၏ပရိသတ်အတွက် စီစဉ်နေသည်။ ထိုအခွေအတွက် စီစဉ်နေမှုများနှင့်ပတ်သက်ပြီး “သီချင်းအသစ်တွေ စုနေတယ်။ ကျွန်တော့်ရဲ့ တတိယခွေကို အရင်ပုံစံတွေနဲ့မတူအောင် ပုံစံပြောင်းချင်တယ်။ Music တွေကအစပေါ့နော်။ Rock တို့၊ Pop တို့ ဆိုနေတဲ့ပုံစံကနေ နည်းနည်းခွဲထွက်ပြီးသွားချင်လို့ သေသေချာချာလုပ်နေပါတယ်” ဟုဆိုသည်။

ယခုနောက်ပိုင်းတွင် နိုင်ငံတကာ ဂီတပုံစံကလည်း ပြောင်းလဲနေပြီဖြစ်သည့်အတွက် သူ၏ တတိယခွေကိုလည်း ပြောင်းလဲမှု နှင့် အမီလိုက်နိုင်အောင်၊ ထူးခြားအောင် ကြိုးစားနေကြောင်း၊ ဂီတအလုပ်များလုပ်ရင်းနှင့် ရရှိလာသည့် ရလဒ်များကလည်း အများကြီးဖြစ်ကြောင်း၊ မိမိအနေနှင့် မိမိတို့ မြန်မာ့ဂီတ လောကကြီးကိုလည်း တိုးတက်စေချင်ပါကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်လိုက်လျှင် ဒီသီချင်းက ငါတို့နိုင်ငံကသီချင်းဟူ၍ ပြသချင်ပါကြောင်း၊ သို့သော် အဖက်ဖက်က လိုအပ်နေသေးပါကြောင်း၊ တတ်နိုင်သလောက် ကြိုးစားနေပါကြောင်း ဉာဏ်လင်းအောင်က ပြောကြားခဲ့သည်။

သီချင်းများ ရေးလေ့ရှိသော်လည်း ကိုယ်တိုင်ရေးသီချင်းများကို တစ်ကိုယ်တော်ခွေတွင် အထည့်နည်းသည်ကို တွေ့ရခြင်းနှင့် ပတ်သက်ပြီး ဉာဏ်လင်းအောင်က “သီချင်းတွေ ရေးတော့ရေးပါတယ်။ ဒါပေမဲ့ ကိုယ်ရေးထားတဲ့သီချင်းကို ကိုယ့်အာရုံက သိပ်ပြီးယုံကြည်မှုမရှိဘူးဖြစ်နေတယ်။ ကျွန်တော့်အခွေမှာ ဒီတစ်ခေါက်တော့ တေးရေးအသစ်တွေ များမယ် ထင်တယ်။ ဒုတိယခွေတုန်းကတော့ နာမည်ကြီးတေးရေးတွေနဲ့ လုပ်ခဲ့တယ်။ ပထမဆုံးအခွေတုန်းက တေးရေးအသစ်တွေ။ အခု တတိယခွေမှာလည်း အသစ်တွေနဲ့ ပြန်ဖြစ်မယ်။ Music ပုံစံက ပြောင်းသွားပြီဆိုတော့လေ ကျွန်တော်လိုချင်တဲ့ ပုံစံအသစ် တွေရမယ့် တေးရေးတွေနဲ့လုပ်နေတယ်”ဟု ဆိုသည်။

ယခုခေတ်သည် အပြောင်းလဲကြီး ပြောင်းလဲနေသည့် ခေတ်ဖြစ်ပြီး ထိုပြောင်းလဲမှုနှင့် အမီလိုက်နိုင်ရုံနှင့် ရပြီဟုဆိုနိုင် သည့် ခေတ်မဟုတ်ကြောင်း၊ ပြောင်းလဲမှုက အရမ်းမြန်သည့်အတွက် အမီလိုက်နိုင်ဖို့ကိုပင် ကြိုးစားနေရကြောင်း၊ ယခုခေတ်တွင် ဂီတဆုပေးပွဲများ ပေါ်လာသည်က ဂီတသမား တွေအတွက် ကောင်းကြောင်း၊ သို့သော် မှန်မှန်ကန်ကန် ဖြစ်ဖို့လိုကြောင်း၊ ကြည့်ရှုသည့် ပရိသတ်ကြီးဘက်မှ ဟာ…ဒီပွဲကြီး က ဒီလိုကြီးလားဆိုသည့် အသံမျိုး ပြန်မကြားချင်ကြောင်း၊ ဒီလူဆုရတာ ထိုက်တန်တယ်ဆိုတာမျိုးပဲ ဖြစ်သင့်ကြောင်း စသဖြင့်လည်း ဉာဏ်လင်းအောင်က ပြောပြခဲ့သည်။

ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *