ဒီမိုကရေစီ ပြည်သူ့တပ်မတော်ဖြစ်ရမည် (Democracy National Army)

ကမ္ဘာအရပ်ရပ်က တပ်မတော်များ

ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားပြီးနောက် ကိုယ်တွေ့ခံစားခဲ့ရသော အနိဋ္ဌာရုံများအရ ကမ္ဘာပေါ်တွင် တပ်မတော် အမျိုးမျိုး ပေါ်လာခဲ့လေသည်။ ထိုတပ်မတော်များမှာ မိမိတို့ယုံကြည်ရာ နိုင်ငံရေးစနစ်ပေါ် မူတည်၍ ပေါ်ပေါက် ခဲ့ခြင်းဖြစ်၏။ တရုတ်နှင့် မြောက်ကိုရီးယားရှိ တပ်များကို ကွန်မြူနစ် ပြည်သူ့တပ်မတော် (Communist People’s Army) ဟု ခေါ်ကြသည်။ မာ့ခ်လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်ပေါ် မူတည်၍ တည်ဆောက်ထား ခြင်းဖြစ်သည်။

အမေရိက (USA) ရှိ တပ်မတော်မှာ အရင်းရှင်ဝါဒကို အခြေခံထားသည်။ နေတိုးစစ်အုပ်စုကို လက်က သုံးတောင်ဝှေးပြုလျက် အနောက်ဥရောပရှိ တပ်မတော်များနှင့် အလျဉ်းသင့်အောင် ပေါင်း၍ စစ်ရေး၊ နိုင်ငံရေးများ ဆောင်ရွက်ခဲ့ပါသည်။ ရုရှား တစ်ချိန်က (USSR) တပ်မတော်မှာလည်း အရင်းရှင် တပ်မတော်မဟုတ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ် တပ်မတော်သာဖြစ်၏။ သူတို့က အရင်းရှင်ဝါဒကို မယုံကြည်ပါ။

တပ်မတော်များ၏ ယုံကြည်ချက်

ကြည်း၊ ရေ၊ လေ တပ်မတော်များကို ဘယ်လိုယုံကြည်ချက်တွေနဲ့ ဖွဲ့ခဲ့တာလဲလို့မေးရင် ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ဖွဲ့ထား တာပါ။ ကျူးကျော်စစ်ကို ဆင်နွှဲဖို့ ဖွဲ့ထားကြတာ မဟုတ်ပါဘူး။ နျူကလီးယားလက်နက်တွေ၊ ဒုံးပျံတွေ တိုးချဲ့တည်ဆောက် နေတာကလည်း မိမိနိုင်ငံမိမိ ကာကွယ်ဖို့ လုပ်နေတာပါလို့ အဖြေပေးကြပေလိမ့် မည်။ အီရန်လိုနိုင်ငံမျိုးကတောင် (I.A.E.A) ရဲ့ အစစ်ဆေးကို မခံယူဘဲ နျူကလီးယားလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေတာဟာ နျူကလီးယား အင်အား ရရှိရေး နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်နေတာလို့ ဆင်ခြေပေးခဲ့တယ် မဟုတ်ပါလား။

မြန်မာ့တပ်မတော်၏ အတိတ်နှင့် ပစ္စုပ္ပန်

ဖျက်သိမ်းပစ်လိုက်တဲ့ ၁၉၇၄ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်- ၁၇၀ မှာ (မြန်မာ့နိုင်ငံရေးရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာပိုင်စိုးရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတွေကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ မွန်မြတ်သော ထိုတာဝန်ကို ဆောင်ရွက်ရန် တပ်မတော်ကို ဖွဲ့စည်းထားခြင်းဖြစ်သည်)ဟူသောစာပိုဒ်တစ်ခု ပါရှိပေသည်။ ထို စာပိုဒ်၏ အနက်အဓိပ္ပာယ်ကို အထူးရှင်းပြရန် လိုမည်မထင်ပါ။

မိမိတို့၏ တပ်မတော်ကြီးကို ဖွဲ့ စည်းတည်ထောင်ထားခြင်း၏ ရည်ရွယ်ချက်မှာ – သူတစ်ပါးနိုင်ငံများကို ကျူးကျော်ရန် မဟုတ်။ မိမိကိုယ်ကိုမိမိ ကာကွယ်ရန်သာဖြစ်၏။

မြန်မာ့တပ်မတော်၏ အတိတ်သမိုင်းကို လေ့လာလျှင် (အင်္ဂလိပ် အခက် ဗမာ့အချက်)ဟူသော ကြွေးကြော်ချက်နှင့်အညီ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင် တောင်းဆိုရင်း ပေါ်လာခဲ့ခြင်းဖြစ်သည်။ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၁ ခု ဧပြီလဆန်း ယခုလိုရက်မျိုးတွင် ရဲဘော် သုံးကျိပ်ကို ဦးဆောင်ကာ ဟိုင်နန်ကျွန်းရှိ ရှီတောင်ခြေတွင် စစ်ပညာများကို စနစ်တကျ သင်ယူခဲ့သည်။ စစ်ပညာရလျှင် ဂျပန်တပ်များနှင့်ပေါင်း၍ ဗမာပြည်ထဲ ပြန်ဝင်လာခဲ့ကြသည်။

လမ်းတွင် (၂၆-၁၂-၁၉၄၁) ရက်နေ့က ယိုးဒယားပြည် ဘန်ကောက်မြို့၌ ဘီအိုင်အေ B.I.A (Burma Independence Army) ကို စတင်တည်ထောင်ခဲ့ပါသည်။ B.I.A ဖွဲ့စည်းစဉ်ကပင် ဗိုလ်ချုပ်က မိမိတို့၏ တပ်မတော် ရည်ရွယ်ချက်များကို ဤသို့မိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တပ်မတော်

“ရဲဘော်တို့၊ ဒီနေ့ စတင်ဖွဲ့စည်းတဲ့ B.I.A တပ်မတော်ဟာ လက်နက် အင်အား၊ ရုပ်ဝတ္ထုပစ္စည်းအင်အားအနေနဲ့ ပထမတန်း အမျိုးအစား စစ်တပ်တစ်ခု မဟုတ်သေးဘူး။ ဒါပေမဲ့ စိတ်ဓာတ်အနေနဲ့ ခိုင်မာကြံ့ခိုင်စွာ အသက်စွန့်တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ တပ်ဆိုရင် မမှားဘူး”

(ရဲဘော်တို့…ငါတို့ဟာ မကြာမီ လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ကြရလိမ့်မယ်။ ငါတို့မှာ စားဖို့ရိက္ခာ၊ နေဖို့နေရာ လုံးဝ မရှိဘူး။ အဝတ်အစားလည်း မရှိဘူး။ အိပ်ရန်မြေကြီး၊ စားဖို့ကျောက်ခဲ ဒါပဲ ငါတတ်နိုင်တယ်)ဟု ပြတ်ပြတ် သားသား မိန့်ကြားခဲ့၏။ ဤနည်းဤပုံဖြင့် တပ်မတော်ကြီး ပေါ်ခဲ့ရပေသည်။

၁၉၄၂ ခု ဇူလိုင်လ ၂၇ ရက်နေ့တွင် B.I.A ကို ဖျက်သိမ်းပြီး BDA (Burma Defence Army) ဗမာ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့၏။ ထိုမှတစ်ဖန် BDA သည် (၁-၈-၁၉၄၃) ရက်နေ့တွင် ဗမာ့မျိုးချစ်တပ်မတော် PBF ဖြစ်လာ ခဲ့၏။ သီဟိုဠ်ကျွန်း ကန္နီအစည်းအဝေးတွင် အင်္ဂလိပ်တို့က မိမိတို့အား စစ်သည် ၅၂၀ဝ၊ အရာရှိ ၃၀ဝ သာ ထားခွင့်ပေးခဲ့ပါ သည်။

(၁၀-၁-၁၉၄၆) အစည်းအဝေးတွင် အရာရှိ ၁၀ဝ၊ စစ်သည် ၅ç၇၀ဝ ဖြင့် နောက်ဆုံးဖွဲ့စည်းပေးလိုက်သည်။ ဗိုလ်ချုပ်က ၁၉၄၄ ခု ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အရေးကြီးမိန့်ခွန်းပြောသည်။

(ငါတို့တပ်မတော်ဟာ ပြည်သူထဲကပေါ်လာပြီး ပြည်သူ့အကျိုးကို ကာကွယ်ဆောင်ရွက်ရန်ဖြစ်သည်။ ဒါကြောင့် ဒို့တပ်မတော် ဟာ ပြည်သူ့တပ်မတော် အစစ်ဖြစ်၏။ ပြည်သူ့တပ်မတော်သည် ပြည်သူများနှင့် ကွဲပြားနေသော ပြည်သူ့အကျိုး ရည်ရွယ်ရင်း မရှိသော တပ်မျိုးမဟုတ်။ ဒို့ပြည်သူ့တပ်မတော်ဟာ ပြည်သူကို အခြေခံ၍ ပြည်သူများနှင့် အဆက်မပြတ်၊ ကွဲပြားခြားနား ခြင်းမရှိ၊ အမြဲဆက်စပ်နေသောတပ်၊ ပြည်သူနဲ့တစ်သားတည်းရှိနေသည့်တပ်ဖြစ်၏။ ပြည်သူ့တပ်မတော်သည် ပြည်သူတို့၏ လက်ရုံး၊ လက်သီး၊ ဓားသွားဖြစ်စေရမည်။ ထိုလက်ရုံး၊ လက်သီး၊ ဓားသွားများသည် ရန်သူကို တွန်းလှန်ရန်ဖြစ်သည်။ ပြည်သူ့အကျိုး ကာကွယ်ရန်ဖြစ်သည်) ဟု ရဲရဲတောက် ပြောဆိုမိန့်ကြားခဲ့သည်။

ဖက်ဆစ်ကို တော်လှန်ပြီ

၁၉၄၃ ခု သြဂုတ်လ ၁ ရက်နေ့တွင် အဓိပတိ ဒေါက်တာဗမော်က ဗမာနိုင်ငံအား လွတ်လပ်ရေးအတုကြီး ပေးခဲ့သည်။ ဖက်ဆစ် ကာလတွင် သူတို့၏ ဇာတိရုပ်အထုပ်ပြေကာ မိမိတို့တပ်မတော်က (၂၇-၃-၁၉၄၅) ရက်နေ့တွင် ဂျပန်ကို တိုက်ထုတ်ပစ် လိုက်သည်။ ဂျပန်တို့ စစ်ရှုံး၍ ထွက်ပြေးကြရာ အင်္ဂလိပ် ပြန်ဝင်ပြီး ဗမာပြည်ကို ကက်စ်ဘီစစ်အုပ်ချုပ်ရေးလုပ်သည်။

၁၉၄၆ ခုတွင် ဘုရင်ခံ ဒေါ်မန်စမစ် ပြုတ်ကျပြီး ဆာလ်ဟူးဘတ်ရန့် တက်လာသည်။ ဗိုလ်ချုပ်ဦးစီးသော ဖဆပလ အစိုးရကြီး လည်း ပေါ်လာသည်။ ဗိုလ်ချုပ်တို့ အင်္ဂလန်သွားခွင့်ရရှိကာ (၂၇-၁-၁၉၄၇) ရက်နေ့တွင် အောင်ဆန်း အက်တလီစာချုပ်ကို ချုပ်သည်။ (လွတ်လပ်ရေး၏ ရှေ့ပြေးစာချုပ်ဖြစ်၏)

ထို့နောက် ဗိုလ်ချုပ်တို့ ဗမာပြည်ပြန်လာကာ တောင်ပေါ်မြေပြန့် ခရီးဆန့် ခဲ့ကြသည်။ (၁၂-၂-၁၉၄၇) တွင် ပင်လုံစာချုပ် ချုပ်၍ တိုင်းရင်းသားညီညွတ်ရေး ရခဲ့သည်။ မကြာမီ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးများ ဦးစော လက်ချက်ဖြင့် ကျဆုံးကုန်သည်။

၄၈ ခု လွတ်လပ်ရေးရပြီးနောက်

ဗိုလ်ချုပ်တို့ ကျဆုံးသွားသော ဦးနု၊ ဦးကျော်ငြိမ်းတို့က နုအက်တလီစာချုပ်လုပ်ကာ ၁၉၄၈ ခုတွင် ဗမာ့လွတ်လပ်ရေးကို အရယူခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်အဖွဲ့များ ပေါ်လာသည်။ ဗကပဖြူနီ၊ KNU ၊ KNDO သောင်းကျန်းသူ ငါးသောင်းခန့်ရှိလာသည်။ ဤလက်နက်ကိုင်အဖွဲ့များကို တပ်မတော်က တိုက်ခိုက်သည်။ အရှေ့ဘက် မိုင်းတုံ (မိုင်းဆတ်တွင် တရုတ်ဖြူ ၃ဝ၀ဝ ခန့် ဝင်လာရာ ရန်ကြီးအောင်၊ နဂါးနိုင် ဘုရင့်နောင်စစ်ဆင်ရေး ဆင်နွှဲသည်)

ပြည်တွင်းအကွဲအပြဲများ

ပြည်တွင်းပြည်ပရန် ချေမှုန်းနိုင်ခဲ့သော်လည်း အာဏာရ ဖဆပလအတွင်း နု၊ တင်၊ ဆွေ၊ ငြိမ်း ကွဲသည်။ ဗကပများ ရှုံးနိမ့်ကာ နယ်စပ်ထိ ထွက်ပြေးကြသည်။ ဖဆပလကို ရှမ်းပဒေသရာဇ်များက ဖက်ဒရယ်မူ တင်လာသည်။ ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာအပ်ပြီး ရွေးကောက်ပွဲလုပ်စေရာ (ပထစ) ပြည်ထောင်စုအစိုးရ ပေါ်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း စစ်အစိုးရက အာဏာသိမ်းလိုက်သည်။ ၆၂ ခုနှစ်မှစပြီး မဆလစနစ်ဖြင့် ဆောင်ရွက်ရာ မအောင်မြင်ခဲ့ပါ။ သို့နှင့် ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအရေးအခင်းကြီး ပေါ်လာခဲ့သည်။ နဝတ၊ နအဖ ခေတ်တွင် တပ်မတော်က နိုင်ငံ့တာဝန်ကိုယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ ရွေးကောက်ပွဲကြီး လုပ်ပေးခဲ့သည်။

ယနေ့ဆိုလျှင် နိုင်ငံတော်သည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေလေပြီ။ ၂၀၁၅ ခု ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြုလုပ်နိုင်ရန် ဝိုင်းဝန်းကူညီကြရပါမည်။ ပါတီအားလုံးကလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့ပါသည်။ သို့အတွက် ကျွန်ုပ်တို့တပ်မတော်သည် ဗိုလ်ချုပ်မှာကြားသော ပြည်သူ့တပ်မတော်ပီပီ ပြည်သူတို့အတွက် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ကြီးကို ဆင်နွှဲကြပါဟု တပ်မတော်နေ့တွင် တိုက်တွန်းရပါ၏။

နီငြိမ်း (အညာတက္ကသိုလ်)

Leave a Reply

Your email address will not be published. Required fields are marked *