မြင်းချေးမှိုတစ်မျိုးမှ ပဋိဇီဝပစ္စည်း ထုတ်ယူနိုင်မည်ဟု မျှော်လင့်

မတ် ၁၆

ဥရောပ သိပညာရှင်များသည် မြင်းချေးမှတွေ့သော မှိုတစ်မျိုးမှ ဘက်တီးရီးယားကို သေစေနိုင်သည့် ဓာတ်တစ်မျိုးကို တွေ့ခဲ့ သည်။ ယင်းဓာတ်ကို Copsin ဟု ခေါ်ပြီး ၎င်းမှာ ပရိုတိန်းတစ်မျိုးဖြစ်ကာ လက်တွေ့ဆေးပညာတွင် အသုံးပြုနေသော ပဋိဇီဝဆေးဝါးများကဲ့သို့ အစွမ်းထက်သည်။

ယခုခေတ်တွင် ပိုးမွှားရောဂါများသည် ဆေးယဉ်ပါးမှု ပြဿနာကို ရင်ဆိုင်နေရပြီး လူနာများအတွက် ခြိမ်းခြောက်မှုတစ်ရပ် လည်း ဖြစ်နေသည်။ အထူးသဖြင့် တီဘီကဲ့သို့ ဘက်တီးရီးယားရောဂါများကြောင့် လုပ်ငန်းပုံမှန်မလည်ပတ်နိုင်တော့သူများ အတွက် ပဋိဇီဝဆေးအသစ် တီထွင်နိုင်ရေးမှာ အခရာဖြစ်နေသည်။

ယခုလေ့လာမှုမှာ ဆွဇ်ဇာလန်၊ ဇူးရစ်ချ်နည်းပညာတက္ကသိုလ်မှ ပြုလုပ်ခြင်းဖြစ်ကာ ပိုးမွှားများ ဆေးယဉ်ပါးလာမှု ပြဿနာကို ၎င်းတို့ ဖြေရှင်းနိုင်တော့မည်ဟု ယုံကြည်ထားကြသည်။ ၎င်းတို့သည် မြင်းချေးတွင် ရှင်သန်သည့် မှိုတစ်မျိုးမှ ပရိုတိန်းတစ်မျိုး ကို တွေ့ထားပြီး မြင်းချေးသည် ဘက်တီးရီးယား၊ မှိုရောဂါပိုးအစရှိသော အဏုဇီဝပိုးများ ပေါက်ဖွားမွေ့လျော်ရာ နေရာလည်း ဖြစ်သောကြောင့်၊ လိုအပ်သည့် အာဟာရအတွက် ဘက်တီးရီးယားနှင့် မှိုသည် အပြိုင်အဆိုင် တိုက်ခိုက်ရသော သဘာဝရှိ သည်။

ထိုနေရာတွင် မှိုသည် ယင်း၏ ရှင်သန်မှုအတွက် ပြိုင်ဘက်ဖြစ်သော ဘက်တီးရီးယား၏ ဆဲလ်နံရံကို တိုက်ခိုက်သည်။ ဆဲလ်နံရံ ပျက်စီးသွားသည့် ဘက်တီးရီးယားသည် ကြာကြာမရှင်သန်နိုင်တော့ဘဲ သေဆုံးရသည်။

ထို့ကြောင့် အဆိုပါ ပရိုတိန်း Copsin သည် ဆေးမတိုးသော ပိုးမွှားများကိုပင် တိုက်ခိုက်လာနိုင်ပြီး ယင်းသည် လူ၏ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်သော Defensin ဆိုသည့် သဘာဝပရိုတိန်း အုပ်စုဝင်လည်းဖြစ်သည်။ ကော့ပ်စင်ထုတ် ရန် ဓာတ်ခွဲခန်းတွင် စနစ်တကျပြုလုပ်ရသည့် စနစ်မှာ ငါးရက်ကြာသည်။ ကော့ပ်စင်၏ ကောင်းကျိုးမှာ ၎င်းသည် ရေရှည် တည်မြဲနိုင်သော သဘာဝရှိသည့်အတွက် အပူချိန် ၁၀ဝ ဒီဂရီပွက် ပွက်ဆူသော ရေတွင်လည်းကောင်း၊ အက်ဆစ်အပြင်းစားထဲ တွင်လည်း ကောင်းကောင်းစွာ ရှင်သန်နိုင်သည့်အတွက် ရေရှည်တည်မြဲအောင် ပြုလုပ်ရသည့် အစားအစာများထဲတွင် ထည့်သုံးနိုင်မည်ဟု ယူဆသည်။ အထူးသဖြင့် အစာအဆိပ်သင့်စေသော ဘက်တီးရီးယားများကို ကော့ပ်စင်မှ တားမြစ် နိုင်မည်ဟု လေ့လာသူများက ယုံကြည်သည်။

ကော့ပ်စင်ကို အမှန်တကယ်ပင် ပိုးသတ်ဆေးထဲ ထည့်သုံးရန်မှာ ရာနှုန်းပြည့် မသေချာသေးသော်လည်း သဘာဝအတိုင်း ရှင်သန်ခဲ့သော ကပ်ပါးမှိုများသည် ဘက်တီးရီးယားများ၏ တိုက်ခိုက်မှုကို နှစ်သန်းပေါင်းများစွာ တွန်းလှန်လာနိုင်ခဲ့ပြီး လူတို့တီထွင်ခဲ့သော ပဋိဇီဝဆေးများကတော့ အနှစ် ၇၀ အတွင်း ဆေးမတိုးသည့် ရောဂါပိုးများနှင့် ရင်ဆိုင်လာရခြင်းကို ကြည့် ခြင်းဖြင့် ကော့ပ်စင်သည် အနာဂတ် ဆေးဝါးတီထွင်မှု၏ လမ်းစအသစ်တစ်ရပ်လည်း ဖြစ်လာနိုင်သည်ဟု ယူဆကြောင်း လေ့လာသူများက ဆိုသည်။

ဝ၃၁၊ Reuters

Leave a Reply

Your email address will not be published. Required fields are marked *