မတ် ၁၆
တီဗီရှေ့တွင် အချိန်ကုန်ဆုံးတတ်သော ကလေးများသည် အရွယ်ရောက်လာသောအခါ တစ်ချိန်ချိန်တွင် ကိုယ်အလေးချိန် တက်လာနိုင်ကာ အဝလွန်ရောဂါ ဖြစ်နိုင်ကြောင်း သုတေသနတစ်ခုမှ ဖော်ပြထားသည်။
အဆိုပါလေ့လာမှုသည် အနှစ် ၄၀ ကြာ ပြုလုပ်ထားသော ကြီးမားသည့်သုတေသနတစ်ခုဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်က တစ်ပတ် အတွင်း မွေးဖွားသော ဗြိတိန်မှ ကလေးငယ် ၆၀ဝ၀ ကို ၎င်းတို့အသက် ၁၀ နှစ်တွင် တစ်ကြိမ်၊ ၄၂ နှစ်တွင် တစ်ကြိမ်၊ တီဗီကြည့်ခြင်း အလေ့အထနှင့် ၎င်းတို့၏ လူနေမှုစနစ်ကို နှိုင်းယှဉ်ခဲ့ကြသည်။ University College London မှ လေ့လာသူများသည် ကလေးများ တီဗီကြည့်ခြင်း အလေ့အထသည် မိဘများဆီမှ ဆင်းသက်လာနိုင်ခြင်းဟု သုံးသပ်ပြီး ထိုအစား ခန္ဓာကိုယ်လှုပ်ရှားမှုကို ပြုလုပ်ရသည့် ဂိမ်းမျိုး၊ လမ်းလျှောက်ခြင်းကဲ့သို့သော ကိုယ်လက်လေ့ကျင့်ခန်းမျိုးကို ဖန်တီးပေးသင့်ကြောင်း ဆိုထားသည်။
လေ့လာမှုတွင် အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်နှင့် ဝေလပြည်နယ်မှ ကလေးများပါဝင်ခဲ့ပြီး ၁၉၇၀ တွင် လေ့လာမှုစတင် ကာ၊ ၎င်းတို့ ၁၀ နှစ်အရွယ်တွင် တီဗီကြည့်ချိန်နှင့် ကိုယ်လက်လှုပ်ရှားချိန်များကို မိဘများအား မှတ်တမ်းတင်ထားခိုင်းသည်။ ထို့ပြင် ကလေးများ၏ အရပ်၊ ကိုယ်အလေးချိန်အပါအဝင် မိဘ၏ အလုပ်အကိုင်ကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်။ ၎င်းတို့ အသက် ၄၂ နှစ် ရောက်သောအခါ တီဗီရှေ့ကုန်ဆုံးချိန်နှင့် ၎င်းတို့ မည်မျှလေ့ကျင့်ခန်း ပြုလုပ်သည်ဆိုသည်ကို ဒုတိယအကြိမ် အဖြစ် မှတ်တမ်းတင်သည်။ ထိုထဲမှ အသက် ၁၀ နှစ်ကတည်းက တီဗီအလွန် ကြည့်သောကလေးများသည် အနည်းဆုံး သုံးနာရီခန့် ဖန်သားပြင်ရှေ့အချိန် ကုန်ဆုံးသွားကြပြီး ၎င်းတို့ အသက် ၄၂ နှစ် ရောက်သောအခါ ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းများ ဖြစ်ပွားလာသည်။ မိဘများ၏ အလုပ်အကိုင်သည် ကလေးများ၏ ကျန်းမာရေးပေါ်တွင် လွှမ်းမိုးမှုရှိရာ မန်နေဂျာသားသမီးထက် လက်လုပ်လက်စား မိဘများ၏ သားသမီးများသည် တီဗီရှေ့တွင် အချိန်ပိုကုန်တတ်ပြီး အကြောင်း မှာ အလုပ်ခွင်တွင် ပင်ပန်းလာသော မိဘများသည် အိမ်ပြန်ရောက်သောအခါ တီဗီကြည့်လေ့ရှိပြီး ကလေးများက ထိုအကျင့်ကို လက်ခံရရှိသောကြောင့်ဖြစ်သည်။
ဝ၃၁၊ BBC news