“စီးပွားရေးလုပ်ရရင် ပြီးရော အပေးအယူနဲ့လုပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်သူနဲ့ တိုင်းပြည်ကိုလည်း ဒုက္ခပေးမယ်။ ခဏတာပဲ ခံမယ်”

မြန်မာအစိမ်းရောင်ကွန်ရက်၏ တာဝန်ခံ၊ အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်နှင့် တွေ့ဆုံမေးမြန်းခြင်း

တိုင်းပြည်ရေရှည်ဖွံ့ဖြိုးရေးကိုသာ အလိုရှိ၍ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကို ကန့်ကွက်ရခြင်း ဖြစ်သည်ဟု မြန်မာအစိမ်းရောင်ကွန်ရက်၏ တာဝန်ခံ၊ အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်က ပဲ့တင်သံ ဂျာနယ်ကို မတ်လ ၉ ရက်တွင် ပြောသည်။ ဒေါ်ဒေဝီသန့်စင်သည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲနေသူများနှင့် ပတ်သက်၍ တက်ကြွစွာလှုပ်ရှားနေသူတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် ယင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ပဲ့တင်သံဂျာနယ်က မေးမြန်းခဲ့ရာမှ ပြန်လည်ဖြေကြားခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။     ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အဓိကကျတဲ့ လျှပ်စစ်မီးရရှိရေးအတွက် သန့်ရှင်းသော ကျောက်မီးသွေး နည်းပညာ (Clean Coal Technology) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မယ့် စီမံကိန်းအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။      ။ ယခင်တုန်းက ထင်ထင်ရှားရှားရှိခဲ့တဲ့ တီဂျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံက မဂ္ဂါဝပ် နည်းနည်းပဲ ထုတ်တာ။ နောက်ပိုင်း တရားဝင်ခွင့်ပြုလိုက်တဲ့ ကျောက်မီးသွေးစီမံကိန်းတွေဆိုရင် မဂ္ဂါဝပ်တွေ အများကြီး ထုတ်ကြတာ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကို တော်တော်များများက အထူးသဖြင့် အစိုးရပိုင်းနဲ့ စီးပွားရေးသမားတွေက ကပ်ဖဲ့ယပ်ဖဲ့လုပ်တယ်လို့ ထင်ကြတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို မတိုးတက်စေချင်ဘဲ ကန့်ကွက်တယ်လို့ မြင်နေကြတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဗမာပြည်တစ်ခုတည်း မဟုတ်ဘူး။ ကမ္ဘာမှာကို စကားရည်လုပွဲလို ငြင်းခုံရတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်။ အစိုးရနဲ့ စီးပွားရေးသမားနဲ့က တစ်ဖက်၊ ပြည်သူကတစ်ဖက်၊ ပညာရှင်တွေကတစ်ဖက် ပညာရှင်လို့ပြောတဲ့အခါ မှန်ကန်တဲ့အကြောင်းအရာကို ကြိုက်တဲ့ ပညာရှင်ကိုဆိုလိုတာ။ တချို့ပညာရှင်တွေဟာ မှားနေပေမဲ့ အစိုးရနဲ့ စီးပွားရေးသမားတွေအကြိုက် လိုက်ပြောတဲ့ပညာရှင်မျိုးတွေရှိတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပြောရင် ကျွန်မက ရိုးရိုးဖွံ့ဖြိုးရေးကို လက်မခံဘူး။ ရေရှည်ဖွံ့ဖြိုးတိုး တက်မှုကို လိုချင်တာ။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုကတည်းက အထိအခိုက် အနည်းဆုံးနည်းပညာတစ်ရပ်နဲ့ လုပ်ဆောင်မှသာ ရမယ်။ ငွေရရင်၊ စီးပွားရေးလုပ်ရရင် ပြီးရော အပေးအယူနဲ့လုပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်သူနဲ့ တိုင်းပြည်ကိုလည်း ဒုက္ခပေးမယ်။ ခဏတာပဲ ခံမယ်။ ဒါဟာစည်းကမ်း၊ နည်းပညာနဲ့ဥပဒေကို ကြာကြာမဆောင်ရွက်တာကြောင့်ပါ။

တိုင်းပြည်ဟာ ဖွံ့ဖြိုးဆဲဖြစ်တဲ့အတွက် ဖွံ့ဖြိုးဖို့လိုပါတယ်။ သယံဇာတတော်တော်များများဟာ တိုင်းရင်းသား ဒေသတွေ မှာပဲရှိတယ်။ တိုင်းရင်းသားဒေသတွေကလည်း မဖွံ့ဖြိုးသေးဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးဖို့လိုရင် စီမံကိန်း လိုအပ်တယ်။ ကြိုဆိုတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဖြစ်နေတဲ့စီမံကိန်းတွေဟာ စစ်အစိုးရ လက်ထက်တုန်းက ဘာမှပြည်သူမသိရဘဲ လက်ဝါးချင်းရိုက်ပြီး လုပ်သွားတဲ့ စီမံကိန်းတွေဖြစ်တယ်။ မြစ်ဆုံ၊ လက်ပံတောင်းအပြင် အခြားမသိတဲ့ စီမံကိန်းတွေ အများကြီးပဲ။ ဒီဘက် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ် ဆိုပြီး လမ်းကြောင်းပေါ်ကို ရောက်လာတဲ့ အစိုးရအနေနဲ့ ဒါတွေကို ပြုပြင်မယ်။ ပွင့်လင်းမယ်။ တာဝန်ယူမယ်။ ပြည်သူကို ဗဟိုပြုမယ်ဆိုပေမဲ့ စကားလုံးတွေပဲ ရှိတယ်။ လက်တွေ့ တကယ်မကျင့်သုံးသေးဘူး။ ပေးထားတဲ့ ကတိကဝတ်တွေလည်း မခိုင်မာဘူး။ အင်မတန်မှ ပညာရပ်မြင့်မားတဲ့ ကျောက်မီး သွေးသန့်စင်ထုတ်လုပ်ဖို့ Clean Coal Tech-nology(CCT) ပညာရပ်ကြီးကို ဗမာပြည်မှာ လုပ်ဖို့ခွင့်ပြုတယ်ဆိုရင် အရင်ဆုံး မိမိကိုယ်ကို မေးခွန်းထုတ်ရမယ်။ ငါတို့တိုင်းပြည် အဲဒီစနစ်ကို ကျင့်သုံးဖို့၊ သယ်လာဖို့ အဆင်သင့်ဖြစ်နေပြီလား။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဒီနည်းပညာကို မကောင်းဘူးလို့ဆိုလိုတာ မဟုတ်ဘူး။

မေး။     ။ Clean Coal Technology(CCT) နည်းပညာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ဘာကြောင့်ကန့်ကွက်ရတာလဲ။

ဖြေ။      ။ ကျောက်မီးသွေးဟာ မကောင်းဘူး။ ပြဒါးကော၊ ခဲကော အဆိပ်ဓာတ်ငွေ့တွေ အများကြီးဖြစ်စေတယ်။ ပတ်ဝန်း ကျင်အပြင် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် သန့်စင်ပြီး အဆိပ်အန္တရာယ်ကင်းရှင်း အောင်လုပ်တဲ့ နည်းပညာ ရပ်ဖြစ်တာကြောင့် CCT နည်းပညာကို လက်မခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်က ဒီလောက်တောင် မမြင့်မားတဲ့ ရိုးရိုးနည်းပညာ၊ စနစ်တွေမဟုတ်တဲ့ ဘီယာစက်ရုံ၊ ကြာဇံစက်ရုံတွေရဲ့ အနံ့အသက်၊ စွန့်ပစ်ပစ္စည်းတွေတောင် တာဝန်ယူမှု၊ တာဝန်ခံမှု မလုပ်ပေးနိုင်တဲ့တိုင်းပြည်။ အစိုးရအုပ်ချုပ်မှု ခိုင်မာမှုမရှိသေးတဲ့ Good Governance မရှိသေးတဲ့ တိုင်းပြည်၊ ခြစားမှု၊ လာဘ်စားမှု ကျန်နေသေးတဲ့ တိုင်းပြည်၊ အခြေခံအဆောက်အအုံ Infrastructure ဖြစ်တဲ့လမ်း၊ ဆက်သွယ်ရေး၊ ဘဏ်စနစ်၊ လာပြီးရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် ဘာမှအဆင်သင့်မဖြစ်တဲ့ တိုင်းပြည်ဟာ အင်မတန် မြင့်မားတဲ့ CCT ဂျပန်နည်းပညာနဲ့ဆိုတာ ကျွန်မတို့ မယုံကြည်နိုင်ဘူး။ လက်ငင်းလုပ်နေတဲ့ ဗမာပြည်ထဲက စီမံကိန်းတချို့ တောင် အနံ့အသက်နဲ့ စွန့်ပစ်တာတွေတောင် စနစ်တကျ စက်မှုဇုန်တွေမှာ မလုပ်နိုင်ရင် ဒီနည်းပညာစနစ်ကို လုပ်နိုင်မယ်လို့ ဘယ်လိုယုံကြည်ရမလဲ။

မေး။     ။ ဒီလို ကျောက်မီးသွေးစက်ရုံတွေရှိပြီးသား အိမ်နီးချင်းနိုင်ငံတွေမှာ ဒီစက်ရုံတွေ ပိတ်နေချိန်မှာ မြန်မာနိုင်ငံပေါ် လာရောက်တည်ဆောက်တာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။      ။ တရုတ်ပြည်မှာ ကျောက်မီးသွေးစက်ရုံတွေ ပိတ်လိုက်တာက လူအသေအပျောက်များတယ်။ မိုးကောင်းကင်အပြာကို မမြင်ရတော့ဘူး။ အပြင်ကိုထွက်ရင် နှာခေါင်းစည်းတွေနဲ့ ထွက်ရတယ်။ ပြည်သူရဲ့ ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်း အမြစ်ကို အလွန်အမင်း ထိခိုက်လာတဲ့အတွက်ပါ။ အိန္ဒိယနိုင်ငံမှာလည်း ဒီအတိုင်းပဲ။ အမေရိကားလည်း ကျောက်မီးသွေး သုံးပါတယ်။ အိုဘားမား ကိုယ်တိုင်ပြောခဲ့တယ်။ ပြန်ပြည့်မြဲစွမ်းအင်ကို သုံးရင်းနဲ့ တစ်ဖက်က တဖြည်းဖြည်း ကျောက်မီးသွေး ကိုလျှော့သွားရမယ်။ ပိတ်သိမ်းသွားမယ်။ ကြေညာပြီးသား။ သူတစ်ပါးနိုင်ငံ ဒါမျိုးလုပ်နေချိန်မှာ မြန်မာနိုင်ငံ တီဂျစ်ကျောက် မီးသွေးစက်ရုံတစ်ခုတည်းသာရှိတဲ့အချိန် တခြားတခြားသော ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ဖို့ စီမံကိန်းတွေကို ခွင့်ပြု တာဟာ စဉ်းစားစရာမေးခွန်းတွေ အများကြီးဖြစ်လာတယ်။

တရုတ်ပြည်ဆိုရင် GTP အများကြီးရှိတဲ့နိုင်ငံပဲ။ ကမ္ဘာ့စီးပွားရေးမှာ အမေရိကားရဲ့ ကျောနားမှာကပ်နေတယ်။ ကျော်တောင် ကျော်တော့မယ်။ ဘာကြောင့် ဒီတိုင်းပြည်ကြီးက CCT နည်းပညာနဲ့ သူ့ကျောက်မီးသွေးစက်ရုံတွေ ကို ပြုပြင်ပြီး မတည် ဆောက်ဘဲ စုစုပေါင်းစက်ရုံ ၈ဝ၀ဝ ကျော်ကို ပိတ်ခဲ့တာလဲ။ ဒီစက်ရုံတွေက မြန်မာပြည် မြေပေါ်ကို ရောက်နေတယ်လို့ ကြား တယ်။ ဒါဟာ ဖြစ်သင့်သလား။ သူတို့တိုင်းပြည်နဲ့ သူတို့လူမျိုးကို တရုတ် အစိုးရသည် အလေးထားသလို၊ မြန်မာအစိုးရဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို အလေးမထားဘူးလား။ ဒီစက်ရုံအဟောင်းတွေ ရောက်လာမယ်။ ဒါကိုပဲ ပြန်ပြီး အဆင့်မြှင့် မယ့်လုပ်ရပ်အပေါ် ရှေ့မှာလုပ်ခဲ့တဲ့ သာဓကတွေအတွက် ကျွန်မတို့က ယုံကြည်ပေးလို့ရမလား။ ဒီမေးခွန်းတွေက အများကြီးပဲ။

မေး။     ။ မြန်မာနိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမယ်ဆိုရင် ဘယ်လိုအားသာချက်တွေရှိလဲ။ ဘယ်လို အကျိုးကျေးဇူး ရနိုင်လဲ။

ဖြေ။      ။ ကိုယ့်ဘေးပတ်ဝန်းကျင်နဲ့ ကမ္ဘာမှာ ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပေါ် သုတေသန လေ့လာရေးအရ အစားထိုးတဲ့ လေစွမ်းအင်၊ နေစွမ်းအင်၊ ဒီရေစွမ်းအင်စတဲ့ ပြန်လည်ပြည့်မြဲစွမ်းအင် မတိုးပွားလာခင်၊ မပြည့်စုံခင် ကျောက်မီးသွေးကို ယာယီသုံးစွဲဖို့ပဲ စဉ်းစားထားကြတာ။ တဖြည်းဖြည်း ပြန်လည်ပြည့်မြဲစွမ်းအင်တွေပြည့်ပြီး များလာတာနဲ့ တစ်ပြိုင်နက် ကျောက်မီးသွေးက ပိတ်ကုန်တာ။ အဲဒါကိုပဲ မြန်မာပြည်က ရာသီဥတုအရနေလည်း ကောင်းတယ်။ အင်မတန်မှ လေအားတွေရှိတဲ့ တောတွေ၊ တောင်တွေ၊ မြစ်တွေအပြင် ကမ်းရိုးတန်းဆိုရင် အခြားတိုင်းပြည်နဲ့မတူဘဲ အရှည်ကြီးပဲ။ တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်း ကြည့် မလား။ ငွေကုန်ကြေးကျမတူဘူးဆိုတာတော့ တိုင်းပြည်နဲ့ ပြည်သူလူထုနဲ့ အသက်အန္တရာယ်နဲ့ယှဉ်ရင် ဘယ်ဟာ ကို ရွေးမလဲ။ ဒီပြန်ပြည့်မြဲ စွမ်းအင်ဟာ ငွေကုန်ကျေးကျများလို့၊ ဒီစီမံကိန်းတွေကို မလုပ်ဘဲနဲ့ တိုင်းပြည်နဲ့ ပြည် သူရဲ့ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ကို ဖျက်ဆီးမဲ့ အဆိပ်ဓာတ်ငွေ့တွေ၊ စီမံကိန်းတွေကို လက်ခံမှာလား။ ဒါကို ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ဖို့ လိုပါ တယ်။ ကျွန်မတို့က အဖြေရှိပြီးသားမို့ ဒါကို ကန့်ကွက်နေ တာဖြစ်တယ်။

မေး။     ။ ကျေးလက်မီးရရှိရေးအတွက် ဒီစီမံကိန်းတွေကို ခွင့်ပြုခဲ့တယ်ဆိုတဲ့ အချက်ကို ဘယ်လိုမှတ်ချက်ပေး ချင်ပါသလဲ။

ဖြေ။      ။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဆောက်တာဟာ ကျေးလက်မီးရရှိရေးလို့ ပြောတယ်။ ကျေးလက်မှာ နေထိုင်သူဦးရေ အရေအတွက်ဟာ ဘယ်လောက်မှမရှိဘူး။ အိမ်ထောင်စုပေါင်း ၁၀ဝ၀၊ ၅၀ဝ၊ ၂၀ဝတို့ပါ။ ကျေးလက် မီးရရှိရေးဆိုရင်လည်း လောပိတရေအားလျှပ်စစ်ထုတ်တာကြာပြီပဲ။ အဲဒီမှာနေတဲ့သူတွေ မီးမှမရတာ။ အရှေ့မှာ သာဓကတွေ က ဒါတွေရှိနေတယ်။ မြိတ်/ ထားဝယ်၊ ရေးက ကျောက်မီးသွေးလုပ်ငန်း တွေဟာ တစ်ဖက်နိုင်ငံကို ရောင်းစားဖို့ မဂ္ဂါဝပ်တွေ အများကြီးထုတ်တာ။ ကျေးလက်ကိုပဲ မီးပေးတယ်ထားပါဦး။ သူတို့ ထုတ်မယ့်မဂ္ဂါဝပ်အများကြီးနဲ့စာရင် ကျေးလက်အတွက် ဒီလောက်ထုတ်စရာ မလိုဘူး။ ကျေးလက်မှာ ဆိုလာလုပ်ပေးလို့ရတယ်။ ချောင်းတွေ၊ မြောင်းတွေကလည်း ကျွန်မတို့နိုင်ငံမှာ ပေါတယ်။ အဲဒီကနေ Mini Hydro တာတမံ အသေးလေးတွေကနေ ထုတ်ပေးလို့ရတယ်။ ဒါကြောင့် ကိုယ်ကျိုးစီးပွားအတွက် ကျေးလက် နေပြည်သူတွေကို အကြောင်းပြတဲ့ စီမံကိန်းလို့ပဲမြင်တယ်။

မေး။     ။ အမျိုးသားစွမ်းအင်ပေါ်လစီရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦး၊ အရပ်ဘက်အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဘယ်အတိုင်းအတာအထိပဲ ပါဝင်ခွင့်ရခဲ့သလဲ။

ဖြေ။      ။အမျိုးသားစွမ်းအင်ပေါ်လစီဆွဲတဲ့ အစည်းအဝေးတွေ တက်ခဲ့ရတယ်။ အမှန်တော့ ဒါက ရေးဆွဲပြီးနေပြီ။ ရေးဆွဲ ပြီးမှ အရပ်ဘက်အဖွဲ့အစည်းနဲ့ တွေ့တယ်ဆိုရင် သူတို့လုပ်ချင်တာကိုလုပ်ပြီး ပြည်သူကိုတင်ပြတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါဟာ မဖြစ်သင့်ဘူး။ အရင်ဆုံးက ညှိနှိုင်းရမယ်။ ပြီးမှ အဖက်ဖက်က ရှုထောင့်အမျိုးမျိုးက အကြံယူပြီး တိုင်းပြည်အတွက် အကောင်းဆုံးစဉ်းစားလုပ်ရမယ်။ အမျိုးသားစွမ်းအင်မှာ ကျောက်မီးသွေးသုံးတဲ့ စီမံကိန်းတွေကို ခွင့်ပြုထားတယ်။ တစ်ဖက်က ကျောက်မီးသွေးကောင်းကြောင်းတွေ ရေးတယ်။ ဘာမှမသိနားမလည်တဲ့ ကျေးလက်က ဘုန်းကြီးတွေ၊ လူငယ်တွေကို ခေါ်သွားတယ်။ သူတို့ပြတာပဲ ကြည့်လာမှာပေါ့။ Mining Engineer သတ္ထုတွင်းပညာရှင်၊ ကျောက်မီးသွေးအကြောင်း နားလည်သူတွေကို ခေါ်သွားမှသာပြတဲ့ စက်ရုံကို ထိထိမိမိမေးခွန်းတွေ မေးလာနိုင်မှာ။ မြန်မာပြည်အတွက် ဒီဟာက ဘယ်လောက် ကုန်ကျမလဲ။ ဘယ်လောက်သုံးလို့ရမလဲ တန်ဖိုးရှိတဲ့ မေးခွန်းတွေကို မေးလာနိုင်မှာ။ ဒီလို မရိုးသားတာတွေကို တွေ့ရတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဒီအချက်ကို ကြိုးစားပမ်းစားထောက်ပြမှ၊ ကျောက်မီးသွေး နှီးနှောဖလှယ်ပွဲလုပ်၊ ဒေသခံတွေ့ဆုံပြီး ကြေညာချက်ထုတ်၊ စာထုတ်ပြီးတော့မှ မြန်မာ အစိမ်းရောင်ကွန်ရက်က ဦးစောမိုးမြင့် ကို ဂျပန်ကိုခေါ်သွားတယ်။ ဒါတွေဟာ တောင်းဆိုမှမဟုတ်ဘူး။ အစကတည်းက လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်ရင် ကျွန်မတို့ တောင်းဆိုစရာမလိုဘူး။ ပြောစရာမလိုဘူး။ ပေါ်လစီရေးတဲ့အခါ သူတို့စေတနာမှန်ရင် တကယ့်တိုင်းပြည် ကောင်းစားစေချင်ရင် မှန်ကန်တဲ့ လုပ်ရပ်တွေ လုပ်ဖို့လိုတယ်။

ဝ၅၅

Leave a Reply

Your email address will not be published. Required fields are marked *