Statement ယဉ်ကျေးမှု Statement နိုင်ငံရေး

အစိုးရနှင့် ပြည်သူ့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ ပြဿနာများတွင် အစိုးရ၏ မှားယွင်းစွာ ဖြေရှင်းနည်းများ၊ အကြမ်း ဖက်မှုများနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးက ယင်းတို့၏ (Statement) သဘောထားများကို ထုတ်ပြန်ကြေညာခဲ့သော်လည်း အစိုးရအပေါ် ထိရောက်မှုရှိ၊ မရှိဆိုသည်မှာ အစိုးရ၏ လက်ခံကျင့်သုံးနိုင်မှုအပေါ်တွင် မူတည်ကြောင်းနှင့် ထိုသို့ ကြေညာချက်ထုတ်ပြန်ရုံမျှဖြင့် အပြောင်းအလဲကို မျှော်လင့်၍ မရနိုင်ကြောင်း သတင်းစာဆရာ စည်သူအောင်မြင့်က သုံးသပ်ပြောကြားသည်။

အဖွဲ့အစည်းများအနေဖြင့် ကြေညာချက်များထုတ်၍ သဘောထားအမြင်များကို ပြောရုံသာမကဘဲ အစိုးရနှင့်ချဉ်းကပ်၍ ထိထိရောက်ရောက်လုပ်ဆောင်သင့်ကြောင်းကို “အခုကျောင်းသားကိစ္စ အကြမ်းဖက်တာဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောကြမယ်ဆိုရင် ဥပဒေနဲ့အညီ တရားရုံးမှာ ပြန်ပြီးအရေးဆိုတာမျိုးပေါ့။ အဲလို ထိရောက်မှုမျိုးရှိရင် ပိုကောင်းတာပေါ့”ဟု ပြည်သူ့ခေတ် အယ်ဒီတာ ဉာဏ်လှိုင်လင်းက ပြောသည်။

ထုတ်ပြန်လိုက်သည့် အဖွဲ့အစည်း၏ စည်းလုံးမှု၊ ခိုင်မာတောင့်တင်းမှုနှင့် ရပ်တည်ချက် မှန်ကန်မှုတို့ပေါ် မူတည်၍ အစိုးရက ပြောင်းလဲပေးရသည်များလည်းရှိကြောင်း ယင်းက ဖြည့်စွက်ပြောသည်။

အစိုးရအနေဖြင့် ထုတ်ပြန်လိုက်သော အဖွဲ့အစည်း၏ အရှိန်အဝါပေါ် မူတည်၍လည်း အပြောင်းအလဲရှိနိုင် ကြောင်းကို ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောရာတွင် ” Statement ဆိုတာ လေချည်းပဲတော့ မဟုတ်ဘူး။ လျှောက်အာတာလည်း မဟုတ်ပါဘူး။ မူဝါဒနဲ့ကိုက်ညီဖို့တော့ လိုတယ်။ သာမန် NGO တွေကထုတ်ရင် ထည့် မတွက်ပေမယ့် UNA လို၊ NLD လို အဖွဲ့တွေက ထုတ်ရင်တော့ သူတို့ အလေးထားစဉ်းစားပါတယ်”ဟု ယင်းက ပြောသည်။

မီဒီယာဖိနှိပ်မှုတစ်ရပ်ဖြစ်သော သတင်းထောက်များအား ဖမ်းဆီးထောင်ချမှုအပေါ် မီဒီယာအဖွဲ့များက ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသော်လည်း လက်ပံတန်းအရေးအခင်းတွင် ရဲတပ်ဖွဲ့ဝင်များက သတင်းထောက်များကို ရိုက်နှက်ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦးဖြစ်သူ ကိုဖြိုးဝေက “ထုတ်ပြန်ချက်တွေက အစိုးရအတွက် ဘယ်တုန်းကမှ ထိရောက်မှုမရှိဘူးဆိုတာ အဲဒီမှာတွေ့ရတယ်။ ဒီတော့ ထုတ်ပြန်ချက်ထုတ်ရုံနဲ့ ပြီးပြီလားဆိုတာ အဖွဲ့အစည်းတွေကို ပြန်ပြီးမေးခွန်းထုတ်ရမယ်”ဟု ပြောသည်။

အစိုးရသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းနိုင်မည့် စစ်အာဏာရှင်လမ်းကြောင်းကို သွားနေခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် ထုတ်ပြန်ကြေညာရုံမျှဖြင့် ပြဿနာများမှာ ပြေလည်နိုင်မည်မဟုတ်ဘဲ အဖွဲ့အစည်း များက ပိုမိုဖိအားပေးနိုင်သည့် လုပ်ရပ်များ ပိုမိုလိုအပ်လျက်ရှိကြောင်း ယင်းကပြောသည်။

“ထုတ်ပြန်လိုက်တာက သမ္မတရုံးကို တကယ်ရောက်ရဲ့လား။ ထုတ်ပြန်လိုက်ပြီဆိုတာနဲ့ ကုလရုံး UN ၊ သက်ဆိုင်ရာ သံရုံးတွေကို မိတ္တူဆွဲပြီး ပို့သင့်တယ်။ ဥပမာ လက်ပံတောင်း လူသေတာမျိုးဆိုရင် တရုတ်သံရုံးကို စာပို့ပြီး လုပ်ဆောင်သင့်တယ်”ဟု ဖြိုးဝေက သုံးသပ်သည်။

MJN, MJU, MJA,PC စသည့် မီဒီယာအဖွဲ့များက ကျောင်းသားသပိတ်အကြမ်းဖက်မှုအပေါ် ကြေညာချက်ထုတ်ပြန်ကြရာ တွင် MJN ၏ ထုတ်ပြန်ချက်ကသာလျှင် အစိုးရကို ဖိအားပေးသည့် ပုံစံတွေ့ရကြောင်းလည်း ယင်းက ပြောသည်။

MJN က ထုတ်ပြန်သော မတ် လ ၁၃ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်တွင် တွေ့ရသည်မှာ ကျောင်းသားသပိတ် ဖြိုခွဲမှုနှင့် သတင်းသမားများအား ဖမ်းဆီးမှုအပေါ် တာဝန်ရှိသော နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဖြစ်ပျက်ခဲ့သမျှ အဖြစ် အပျက်များကို မုသားတစ်ဝက် ဖော်ပြခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနတို့၏လုပ်ရပ်အား ရှုတ်ချကြောင်းနှင့် ယင်း အဖွဲ့များ နှင့် ပတ်သက်သမျှ သတင်းဖော်ပြမှုများကို ရက်အကန့်အသတ်တစ်ခုဖြင့် ဖော်ပြခြင်းမပြုဘဲ စာမျက်နှာအလွတ်ထားကာ မည်သည့်အတွက်ကြောင့် ဖော်ပြခြင်းမပြုသည်ကို ရှင်းပြသည့် စာသားကိုသာ ယင်းနေရာတွင် ဖော်ပြရန်နှင့် နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မီဒီယာကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန် တိုက်တွန်းထားပါသည်။

“သဘောထားကြေညာချက် ထုတ်တာက ပထမအဆင့်အနေနဲ့ လိုအပ်ပါတယ်။ နောက်တစ်ဆင့်က တကယ်လက်တွေ့ကျတဲ့ လုပ်ဆောင်မှုမျိုးပေါ့။ MJN က ထုတ်ပြန်တာဆိုရင် ထုတ်ပြန်ရုံ ထုတ်ပြန်တာထက် တကယ်လက်တွေ့ကျပြီး စာဖတ်သူတွေ၊ ပြည်သူတွေ သဘောပေါက်အောင် နောက်တစ်ဆင့် လုပ်ဆောင်တဲ့နည်းပေါ့”ဟု ကိုမျိုးသာထက် (DVB ရုပ်/သံ)က ပြောသည်။

သို့သော် MJN ၏ အစည်းအဝေးဆုံးဖြတ်ချက်မှာ မီဒီယာများအတွက် လိုက်ပါဆောင်ရွက်နိုင်ရန် ခက်ခဲကြောင်း Eleven Media အယ်ဒီတာချုပ် ကိုဝေဖြိုးက “အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ပဲ တွေ့ရသေးတယ်။ သဘောထားကြေညာချက် ထုတ်ပြန်တာ မတွေ့ရသေးဘူး။ ကျွန်တော် ပြောနိုင်တာကတော့ MJN က မီဒီယာသမားတွေ အကြမ်းဖက်ခံရမှု ရှုတ်ချတဲ့ အပေါ်ကို လက်ခံပါတယ်။ ဒါလုပ်ရမှာပဲ။ ဒါပေမဲ့ ဒီဌာန၊ ဒီပုဂ္ဂိုလ်ရဲ့ သတင်းကို မဖော်ပြရဘူးဆိုတာမျိုး လုပ်ဖို့အတွက် ကျတော့ လုပ်ဖို့မသင့်တော်ဘူး။ အဲဒီအတိုင်း လိုက်နာဖို့ခက်လိမ့်မယ်။ သတင်းကိုထက် Principle ကိုလုပ်ရလိမ့်မယ်။ သတင်းဖြစ်နေရင်တော့ ဖော်ပြရမှာပဲ။ ရှုတ်ချမှုကို အခြားနည်းနဲ့လုပ်နိုင်ဖို့ စဉ်းစားစေချင်တာပါ။ ယူနတီသတင်းထောက်တွေ၊ DVB သတင်းထောက်တွေ အဖမ်းခံရတုန်းက သတင်းစာ၊ ဂျာနယ်တွေမှာ Black Cover တွေ လုပ်ခဲ့ကြတယ်။ အဲဒီလို လုပ်ရင် ပိုအဆင်ပြေတယ်။ အခုအချိန်မှာ လက်ပံတန်းကိစ္စလိုမျိုး ပြည်ထဲရေးနဲ့ ပတ်သက်တာ ပေါ်ပေါက်လာမယ်။ သမ္မတက ၆ ပွင့်ဆိုင်တွေ့ဆုံမယ့်ကိစ္စမျိုး ဖြစ်လာမယ်ဆိုရင် ဖော်ပြဖို့ရာအတွက် ဘယ်လိုဆုံးဖြတ်မလဲ။ လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ ခက်ခဲနိုင်တယ်။ သူတို့လည်း ဒါကို စဉ်းစားမိလိမ့်မယ်ထင်တယ်။ အဲဒါကြောင့်မို့ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ထားတယ်ထင်တယ်”ဟု ပြောသည်။

ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည့် ကန့်ကွက်ရှုတ်ချမှုများသည် သိသာထင်ရှားရန် လိုအပ်သကဲ့သို့ အရှိတရားနှင့် လိုက်လျောညီထွေ လုပ်ဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း၊ သတင်းမီဒီယာသမားများအနေဖြင့် မိမိ၏ သတင်းအပေါ်တွင် တာဝန်ကျေရမည်ဖြစ်ကြောင်း၊ မီဒီယာအသီးသီးသည် ကိုယ့်မူဝါဒအရ ဖော်ပြ ရန်လိုအပ်သည့် အကြောင်းအရာများကို ဖော်ပြ၍ ဖော်ပြရန်မလိုအပ်သည့် အကြောင်းအရာများကို မဖော်ပြဘဲ သီးခြားစီ ရပ်တည်နေကြခြင်းဖြစ်ကြောင်း ယင်းက သုံးသပ် သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ Statement ထုတ်ခြင်းကို လုပ်ဆောင်နိုင်ပြီး ပိုမိုထိရောက်သော နည်းလမ်းကို ရွေးချယ်မည်ဆိုပါက အစိုးရနှင့် မဆက်ဆံသော နည်းလမ်း၊ အစိုးရ၏ နေရာပေးမှု၊ အခွင့်အရေးပေးမှုကို လက်မခံသော နည်းလမ်းများ၊ ဖယ်ကြဉ်သော လုပ်ရပ်မျိုးဖြင့် ဆောင်ရွက်နိုင်ကြောင်း ကိုမျိုးသာထက်က ပြောသည်။

စစ်အစိုးရလက်ထက်တစ်လျှောက်တွင်လည်း အစိုးရ၏ ကျောင်းသား၊ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာတိုင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံကြီးတချို့က စိုးရိမ်မိပါသည်၊ ကန့်ကွက်ရှုတ်ချပါသည်၊ တိုက်တွန်းတောင်းဆိုပါသည်ဟူသော ကြေညာချက်များအပေါ် ပြည်သူကလည်း ငြီးငွေ့နေလျက်ရှိသည်။ ၂၀၁၀ အစိုးရသစ်တက်လာသည့် နောက်တွင်လည်း လက်ပံတောင်းအရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေး များနှင့် ပြည်တွင်းစစ်အရေးများတွင်လည်း ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ပြည်တွင်းမှနိုင်ငံရေးပါတီများ၊ NGO အဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။ သို့သော် လက်ပံတန်းကျောင်းသားအရေးအခင်း၌ အကြမ်းမဖက်ရေး သဘောထားကြေညာချက်များအပေါ် အစိုးရက မည်မျှအလေးထားတုံ့ပြန်ခဲ့ကြောင်း ထင်ရှားလာသည်။

လက်ပံတန်း အရေးအခင်းအတွက် ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု နေ့စဉ်သတင်းစာမှ အယ်ဒီတာစာရေးဆရာမ ခင်ပန်နှင်းက “အဂတိတရားတွေပါနေတဲ့ သူတို့ရဲ့ ကြေညာချက်တွေက အစိုးရကို ရှေ့ဆက်ပြီး လုပ်ရကိုင်ရ ကျပ်တာတွေကလွဲလို့ ဘာမှလုပ်လို့မရဘူး။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြိုဆိုဖို့လည်း လိုတယ်။ အခုကြေ ညာချက်တွေက ဝိုင်းပြီး အပြစ်တင်သလိုဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေကလည်း သဘောထားမမှန်ဘူး။ အစိုးရက အပြစ် ကင်းသလားဆိုတော့လည်း မကင်းပါဘူး။ ဒါပေမဲ့ တိုင်းပြည်ကောင်းဖို့ စဉ်းစားရင် ကောင်းလိမ့်မယ်”ဟု ပြောသည်။

မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော လက်ပံတန်းကျောင်းသားအရေးအခင်းတွင် ရဲတပ်ဖွဲ့၏ အကြမ်း ဖက်နှိမ်နင်းခဲ့မှုအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ ဥရောပသမဂ္ဂ၊ ပြည်တွင်းမှ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ NGO များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့ အစည်းများက အကြမ်းဖက်မှုကို ကန့်ကွက် ရှုတ်ချကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုက်တွန်းတောင်းဆိုသော (Statement) ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ဝ၆၇

Leave a Reply

Your email address will not be published.