သူရာရည်ပေါ . . .ကြက်၊ ငှက်တောဝယ်

စပ်စုတတ်သော စာရေးဆရာ၊ တစ်ကိုယ်တည်းလူပျိုကြီးကိုယ်သည် ယခုတလော မကျေနပ်မှုများ၊ အလိုမကျမှုများနှင့် ဖိစီးသထက်ဖိစီးလာခဲ့ သည်။ မည်သူ့ကို တိုင်တည်ပြောရမှန်းမသိ။ မည်သူ့ကိုအကူအညီတောင်း ရမှန်းမသိဖြစ်ရသည်မှာလည်းသေချာသည်။ ဝေဒနာဟူသည်အကြား၊ အမြင်မှလာ၍ ဦးနှောက်တို့၌တည်သည်ဟုဆိုလျှင်။
စာရေး၊ ဆေးရောင်းရင်းဖြင့်လူနေမှုဘဝဖြတ်သန်းရသောကိုယ်သည် တစ်နေကုန်ဆိုင်တွင်ထိုင်၍ ဈေးရောင်း၊ စာရေးလေ့ရှိပြီး ည ၉ နာရီခွဲ ဆိုင်ပိတ်ချိန်၌ ဇောင်းထဲကလွှတ်သည့် မြင်းနှယ်ဖြစ်ရသည်ကိုဝန်ခံပါသည်။ ဝန်ခံလောက်သည်အထိ ဆိုင်ပိတ်မှ စိတ်အပန်းဖြေခွင့်ရသည့်အခြေအနေကိုး။
ယခုတလော မိုးကလည်းတစွေစွေ၊ လေကလည်းတသိမ့်သိမ့်မို့ စောစောအိပ်ကြသည့် အသိအိမ်တွေကများသဖြင့် မည်သည့်ရာသီမဆို စောစောစီးစီးအိပ်လေ့အိပ်ထမရှိသော သူငယ်ချင်းလင်မယားအိမ်သို့ မိုးတရွှဲရွှဲ၊ လေတသည်းသည်းမှာပင် ညစဉ်သွားရောက်လည်ပတ်ဖြစ်ခဲ့သည်။ ကိုယ်နေထိုင်ရာရပ်ကွက်နှင့် သူငယ်ချင်းတို့နေထိုင်ရာရပ်ကွက်က ဘတ်စ်ကား မှတ်တိုင် ၅ မှတ်တိုင်စာသာဝေးသဖြင့် စက်ဘီးအားကိုးနှင့်ညစဉ်သွားလေ့ရှိခဲ့သည်။ သို့သော်…သူငယ်ချင်းအိမ်မရောက်ခင် လမ်းလေးခွဆုံရာ ကားမှတ်တိုင်ဘေး၌ ပျဉ်ခင်း၊ ပျဉ်တစ်ဝက်ကာ၊ သွပ်မိုး၊ ကြော်ငြာဗီနိုင်း အမျိုးစုံကပ်၊ သာလာယံဇရပ်ကြီးသဖွယ် တည်ဆောက်ထားသော လိုင်စင်ရအရက်ဆိုင်ကြီးတစ်ဆိုင်ရှိလေ၏။အရက်တွေကလည်းပေါ။ စားပွဲထိုး ကောင်မလေးတွေကလည်းချော။ အမြည်းကလည်းစုံလင်သည်မို့ ‘ဇိုးသမား ပုရိသပေါင်းစုံ’ တို့၏ ဆုံရပ်ဖြစ်သလို အရွယ်မရောက်၊ အသက်မပြည့်သေးတော့လူငယ်၊ လူရွယ်များအတွက် မျက်စိအစာကျွေး၊ ရင်ဖွင့်၊ ပေါက်ကွဲစရာ နေရာလည်းဖြစ်နေပြန်သည်။ အထူးသဖြင့် မိဘပိုက်ဆံဖြုန်းနေကြသော လူငယ်အများစု လိုင်စင်မဲ့ဆိုင်ကယ်တဝီဝီဖြင့် ကျင်လည်၊ ကျက်စား၊ ပျော်ပါးရာနေရာဟုဆိုလျှင် ပိုမှန်ပါသည်။ ညနေစောင်းကတည်းက လူစည်ကားနေသော ထိုဆိုင်သည် ကိုယ်အိမ်လည်ပြန်ချိန် ည၁၁နာရီအထိ ဆိုင်မပိတ်သေးသည်ကို ညစဉ်သတိထားမိသည်။ တစ်ရက်မှာတော့ ထိုဆိုင်၏ လူစည်ကားမှုကို စပ်စုချင်လာသော ကိုယ်သည်သူရာရည်တောထဲရောက်သွားခဲ့ပြီး သောက်စားဖြစ်ခဲ့၏။ အချိန်ကား ည၁ဝ နာရီတိတိပင်။ အသက် ၁၈ နှစ်ပြည့်သေးဟန်မတူသော စကဒ်ထမိန်၊ ကိုယ်ကျပ်အင်္ကျီနှင့် ကောင်မ လေးခပ်ချောချောတစ်ယောက်က ကိုယ်လိုအပ်သမျှစားပွဲထိုးလုပ်ပေးရင်း ဝန်ဆောင်မှုပေးပါသည်။
”ဆိုင်ဘယ်အချိန်ပိတ်သလဲသမီး”
”လူကျရင် ည ၁၂ နာရီ။ လူပါးရင် ၁၁ နာရီခွဲဆိုပိတ်ပြီဦး”
”သြော်”
နို့နံ့ပင်မစင်သေးဟု ဆိုရပါမည်။ ကလေးသံပင်မပျောက်သေးသော လှတပတ ထိုကလေးမကို ‘သမီး’ ဟု သုံးနှုန်းဖြစ်ခဲ့သည့် ကိုယ့်ကိုယ်ကို ပင် လိပ်ပြာလုံရ၏။ ကိုယ့်အသက် ၄ဝ ကျော်ခဲ့ပြီလေ။ ဘေးနားကစားပွဲဝိုင်းတွေမှာတော့ လူငယ်၊ လူရွယ်အများစုတစ်ယောက်တစ်ပေါက်ဖြင့် ပေါက်ကွဲသံစဉ်တွေ ကာရန်ညှိနေကြသည်။ စားပွဲထိုးကောင်မလေးတွေက သောက်သုံးသူငွေလျှံလျှင်လျှံသလိုနှပ်ကြောင်းပေး ကြသည်။ ကောင်လေးတွေက ပဝါကိုင်ရင်း နှပ်ညှစ်ပေးဖို့ ကြိုးစားကြသည်။ ကောင်မလေးတွေက လိမ္မာပါးနပ်စွာရှောင်ကွင်းသွားကြပြန်သည်။ ဟော ဘီယာနောက်တစ်ပုလင်း။ ဝီစကီနောက်တစ်တောင့်။ ရေခဲတစ်ပွဲ၊ အမြည်းနှစ်ပွဲ။ စီးကရက်မီးခိုးငွေ့တွေဝေနေသည်။ ခိုးခိုးခစ်ခစ်ရယ်သံတွေ ကြားရပြန် သည်။ ဘီအီးသာသောက်နိုင်သည့် လူငယ်တစ်ယောက်၏ စကားသံကားမပီဝိုးတဝါး။ အနီရောင်အသားကပ် ဝတ်စုံကျပ်ထုပ်ထုပ်၊ ဆံပင်နီနှင့် မိုးမျှော်သီးမကလေးက ကလိသည်။ ရိသည်။ ကောင်လေးတွေ ကြွေသွားကြပြန်သည်။ ဟော တစ်ထောင်တန် အထပ်လိုက်ထုတ်ရှင်း၍ ပြန်သွားကြသည်။ နောက်တစ်ဖွဲ့ထပ်ရောက်လာကြသည်။ မိုးကလည်း သည်းကြီးမည်းကြီးရွာလိုက်ပြန်သည်။နာရီဝက်ခန့်ကြာသွားချိန်မှာတော့ အရက်ဆိုင်ရှေ့ကနေပြီး ထီးတစ်လက်ဆောင်းရင်း လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်လုပ်နေသော ခပ်ဟော့ဟော့၊ ခပ်လှလှကလေးမတစ်ယောက်ကို တွေ့လိုက်ရသည်။ ဆိုင်ထဲကထထွက်သွားသော ကောင်လေးတစ်ယောက်နှင့် စကားပြောသည်။ ခဏအကြာတွင် ထိုကောင်မလေးခေါင်းကုတ်ပြီးလှည့်ထွက် သွားသည်။ ဟောလျှောက်ပြန်ပြီ၊ လျှောက်ပြန်ပြီ။ အရက်ဆိုင်ထဲ ရှာသည်။ ဘာကိုရှာလို့ရှာနေမှန်းမသိ။ ကိုယ့်ဘေးဝိုင်းက လူငယ်တစ်ယောက်က သူ့ဘေးတွင်ထိုင်နေသော ရုပ်ခပ်ဆိုးဆိုးလူငယ်ကို ကလိသည်။
” ဟိုရှေ့မှာ မင်းကိုစောင့်နေတာထင်တယ်။ ထွက်သွားလိုက်။ ဟား ဟား..ဟား”
ကိုယ်သဘောပေါက်လိုက်ပါပြီ။ ”အညှီရှိရာ ယင်အုံ” ဆိုသလို သူ ရာရည်ပေါသော ကြက်၊ ငှက်တောထဲသို့ ကိုယ်ရောက်နေရပြီ။ ဆိုင်ရှေ့ခပ် လှမ်းလှမ်းရှိ ဘတ်စ်ကားမှတ်တိုင်အမိုးအောက်တွင် မိုးခိုနေကြသော ခွေး လေခွေးလွင့်တွေကလည်း အူလွန်းလှသည်။ ၅ မိနစ်ခန့်အကြာတွင်မတော့ ကိုယ်သောက်စားထားသမျှအတွက် ငွေရှင်းပေးပြီး ထီးဖွင့်ဆောင်း၊ စက်ဘီးတွန်းရင်းဆိုင်ရှေ့ထွက်လာခဲ့မိသည်။ မိုးသည်းသည်းကြောင့် လူသွားလူလာပင် သိပ်မရှိတော့။ ကတ္တရာလမ်းမကြီးကလည်း မှောင်မဲလျက် ထီးနှင့်ကောင်မလေး ကိုယ့်အနားရောက်လာခဲ့သည်။ စူးစမ်းချင်စိတ်က တိုးသ ထက်တိုးလာသည်။
”ဒီအချိန် မှော်ဘီသွားတဲ့ ကားရှိသေးလားဟင်”
”အင်း ဒီရွှေပြည်သာ ကားလေးဂိတ်ကနေပြီး မှော်ဘီအထိရောက် တဲ့ ကားမရှိဘူး။ ဒီကနေပြီး အောက်ဆိုဒ်ကားစီး၊ အင်းစိန်ပန်းခြံမှာဆင်း။ အဲဒီကမှတစ်ဆင့် မှော်ဘီကားစီးရင်ရနိုင်တယ်”
”ဟယ်..ဒုက္ခပါပဲ။ ပိုက်ဆံကလည်း သိပ်မရှိတော့ဘူး။ ညဉ့်က လည်းနက်နေပြီ။ သမီးတော့ ဒုက္ခရောက်ပြီထင်ပါတယ်။ ကူညီနိုင်ရင်ကူ ညီပါနော်”
”ဟင်။ ဘယ်လိုကူညီရမှာလဲ”
”ဟို ဟိုလေ။ ဒီဆိုင်ထဲက လူတွေနဲ့ခင်တယ်ဆိုရင် သမီးကို ဒီဆိုင်ထဲ မှာပဲ တစ်ညအိပ်ခွင့်ပေးဖို့ ပြောပေးပါလားဟင်။ ဟိုအထဲမှာ စားပွဲထိုး မိန်းကလေးတွေရှိတော့ အဆင်ပြေမယ်ထင်တာပါပဲ”
”အဲ ကျွန်တော်။ အဲ ဦးလည်း ဒီနေ့မှလာသောက်ဖူးတာကွ”
”ဒုက္ခပါပဲ..အဟင့်..အင့် ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပါဘူး” ညုတုတုဟန်ဆောင်ရှိုက်သံက ကိုယ်၏ စပ်စုချင်စိတ်ကို တွန်းအားပေးလိုက် ပြီး။
”တည်း..တည်းခိုခန်းတစ်ခုခုကို ပို့ပေးမယ်လေ။ အဆင်ပြေမလား”
”ပြေ..ဟင်..”
ကားမီးရောင်ကြောင့် ထီးအောက်က ကိုယ့်မျက်နှာကို ထိုကလေးမ မြင်သွားခဲ့ပြီး ကားမှတ်တိုင်ဘေး ဓနိမိုးဆိုက်ကားဂိတ်ထဲက ခြင်ထောင် ထဲပြေးဝင်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ ခပ်တိုးတိုးစကားသံတွေကြား ရ၏။
”အပေါ်က စီမံချက်နဲ့ လွှတ်ထားတဲ့လူလားမသိဘူး။ ရုပ်ကတော့ ရဲရုပ်ပဲ”
”ဘုန်းကြီးလူထွက်ကေ” ဆံပင်တိုတိုထောင်ထောင်။ ခပ်မာမာမျက် နှာပေါက်၊ အရပ်မြင့်မြင့်၊ ခပ်တောင့်တောင့်ပုံစံနှင့် ကိုယ့်ကို ထိုကလေးမ အမြင်လွဲသွားခဲ့တာ သေချာပြီ။ ထိုကလေးမနှင့် ခပ်ဝဝအမျိုးသမီးတစ် ယောက်ခြင်ထောင်ထဲက ထွက်လာကြသည်။
”လာဟာ သူဦးသူစား၊ ကိုယ်ဦးကိုယ်စားပဲ။ ကိုယ့်တာကိုယ်လုံအောင် ရပ်ကွက်ရုံးသွားတိုင်ကြမယ်။ ဘယ်မှာလဲ အဲဒီလူ”
”ဟိုဘက်ကားလမ်းကူးသွားပြီ”
သဲကွဲသော စကားသံခပ်တိုးတိုးတွေကြောင့် ခေါင်းမွေးထောင်သွားရသော ကိုယ်သည် ”ကိုယ့်ရှူးကိုယ်ပတ်ပြီ” ဟု သိသိခြင်း ကားလမ်းတစ်ဖက်မှောင်ရိပ်သို့ကူးရင်း စက်ဘီးနင်းပြေးမလို့ဟန်ပြင်နေစဉ်မှာပင် ထိုနှစ်ယောက်အနားသို့ လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးရောက်လာခဲ့၏။
”ဘုတ်..ဘုတ်..ဘုတ်..ကျွီး”
”အဲ အတော်ပဲ။ ကိုနိုင်နဲ့တွေ့တာ။ ကိုနိုင် ဒီညအပေါ်ကစီမံချက် တွေဘာတွေရှိလို့လား။ လိုင်းဝင်ထားတာတောင် ကြိုပြောဖော်မရဘူး။
”မရှိ..အဲ။ ငါတို့ဆီတော့ ဘာသတင်းမှပို့မထားဘူး။ ဘာဖြစ်လို့လဲ”
”ဟိုလူ..ဟင်။ ဘယ်ရောက်သွားပြီလဲမသိဘူး”
လမ်းကြိုလမ်းကြားပတ်ရင်း ဂျက်အင်ဂျင်တပ်ထားမတတ် စက်ဘီး နင်းပြေးလာခဲ့ရသောကိုယ်သည် လမ်းလေးခွဆုံရာ ဘတ်စ်ကား မှတ်တိုင် ကြီးတွင် တရားဝင်လိုလို၊ တရားမဝင်လိုလိုဖြစ်ပေါ်နေသော ”သူရာရည် ပေါသည့် ကြက်၊ ငှက်တောကြီးထဲမှ” အိမ်မရောက်မချင်း ကြက်သီးထနေ ရသည်ကား သေချာပါသည်။
စပ်စုတတ်သော စာရေးဆရာ၊ တစ်ကိုယ်တည်း လူပျိုကြီးကိုယ်သည် ယခုတလော မကျေနပ်မှုများ၊အလိုမကျမှုများနှင့် ဖိစီးသထက်ဖိစီးလာခဲ့ သည်။ မည်သူ့ကို တိုင်တည်ပြောရမှန်းမသိ၊ မည်သူ့ကို အကူအညီတောင်း ရမှန်းမသိဖြစ်ရသည်မှာလည်း သေချာသည်။ ဝေဒနာဟူသည်အကြား၊အမြင်မှလာ၍ နှလုံး၊ ဦးနှောက်တို့၌ တည်သည်ဟုဆိုလျှင်…အရင်ဦးဆုံး နား၊ မျက်စိတို့ကိုဖောက်ထုတ်ပစ်မှ ဖြစ်တော့မည်။
ထွန်းတောက်ထွဋ် (သင်္ချာ)

Leave a Reply

Your email address will not be published.