တောင်သမန်အင်းအတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းကို လက်ခံမည်မဟုတ်

မန္တလေး၊ မတ် ၁၄

မန္တလေးမြို့၏ အထင်ကရ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သော နာမည်ကျော် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်း အတွင်း မည်သည့်အဆောက်အဦ ဆောက်လုပ်ခြင်းကိုမျှ လက်သင့်ခံမည်မဟုတ်သဖြင့် တစ်ဖက်သတ် အကောင်အထည် ဖော်လာပါက မြို့လူထုအားဖြင့် ဝိုင်းဝန်းဆန့်ကျင်ကြရန်လိုအပ်ကြောင်း သမိုင်းအမွေအနှစ် ထိန်းသိမ်းလိုသူ ဒေသခံတချို့က တိုက်တွန်းပြောဆိုလျက်ရှိကြသည်။

“သဘာဝပတ်ဝန်းကျင်အဖွဲ့တွေရော၊ အရပ်ဘက်အဖွဲ့တွေပါ ဝိုင်းဝန်းပူးပေါင်းပြီး ဆန့်ကျင်ရမှာပဲ။ ဒီဟာကြီးက ကောသွားတဲ့ အင်းကြီးလည်းမဟုတ်ဘူး။ နောက်တစ်ခုက မန္တလေးရဲ့အထင်ကရဖြစ်သလို ကမ္ဘာအထိကျော်ကြားနေတဲ့ ဦးပိန်တံတားရှိတဲ့ ဒီအင်းကြီးထဲမှာ တရုတ်ကလာတဲ့ ပစ္စည်းတွေနဲ့ တရုတ်ဒီဇိုင်းတွေ၊ ယိုးဒယားဒီဇိုင်းတွေ လာလုပ်မှာကို လုံးဝလက်သင့်မခံပါ ဘူး။ လုံးဝမလုပ်သင့်တာကြီးကို လုပ်လာလို့ရှိရင် မိုးကုတ်မှာလုပ်သလိုပဲ အားလုံးဝိုင်းပြီးတော့ ဆန့်ကျင်ရမှာပဲ” ဟု မေတ္တာ ကမ်ပိန်းအဖွဲ့မှ ကိုညီညီကျော်က ဆိုသည်။

အင်းအတွင်း စီမံကိန်းများ ပြုလုပ်မည်ကို သိရှိကြသော လုပ်ငန်းရှင်များက ယမန်နှစ်က စတင်ပြီး အင်းပတ်ဝန်းကျင်ရှိ လယ်မြေများကို ဈေးကောင်းပေးဝယ်ယူခြင်းများရှိကြသလို ယခုနှစ်တွင်လည်း စီမံကိန်းတည်ဆောက်မည့် ကုမ္ပဏီတစ်ခု၏ တရားဝင်မှတ်ပုံတင်ပြုလုပ်နေခြင်းကို သတင်းစာများက ဖော်ပြခဲ့ရာ သမိုင်းအမွေအနှစ် ပျောက်ကွယ်သွားမည့်အရေးကို စိုးရိမ်မကင်း ဖြစ်နေကြသည်။

ယခုနှစ်များ၌ အင်းအတွင်း စက်မှုဇုန် ရေဆိုးစွန့်ပစ်ခြင်း၊ ရေဝင်ရေထွက် ထိန်းချုပ်ခြင်းများ ရှိလာသဖြင့် အင်းအမှီပြု လုပ်ကိုင်စားသောက်နေရသူများ အခက်အခဲကြုံတွေ့နေရပြီး ကာလပေါက်ဈေးအလိုက် ရောင်းချစွန့်ခွာသွားသူ လယ်ပိုင်ရှင် တချို့လည်းရှိကြောင်း သိရသည်။ ဦးပိန်တံတားအား တောင်သမန်တံတားဟုလည်းကောင်း၊ တောင်သမန်အင်းအား တောင် သမန်ကန်ဟုလည်းကောင်း အမည်ပြောင်းလဲခေါ်ဝေါ်ရန် လုပ်ဆောင်လာခြင်းမျိုးရှိလာသလို အင်းအတွင်း၌ ရေပေါ်ယာဉ်၊ ဟိုတယ်နှင့် အပန်းဖြေစခန်းစီမံကိန်း တည်ဆောက်တော့မည်ဟူသောသတင်းများ ထွက်ပေါ်လာရာ သမိုင်းအမွေအနှစ်များ ပျောက်ကွယ်မည့်အရေး မလိုလားသူများက ပူးပေါင်းကာကွယ်သွားရန် စီစဉ်လျက်ရှိသည်။

ဝ၀၉

Leave a Reply

Your email address will not be published.