ပဋိပက္ခပြင်းထန်သည်နှင့်အမျှ ငြိမ်းချမ်းရေး အမြန်ဆုံး လိုအပ် တိုက်ပွဲများပြင်းထန်သည်နှင့်အမျှ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးလိုအပ်

ရန်ကုန်၊ မတ် ၁၇

“ပဋိပက္ခပြင်းထန်လေလေ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အမြန်ဆုံးလုပ်ရန် လိုအပ်လေလေ၊ တိုက်ပွဲများပြင်း ထန်လေလေ NCA လက်မှတ်ထိုးရန် အမြန်ဆုံးလိုအပ်လေလေ ဖြစ်တယ်”ဟု တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဆလိုင်းလျှံမှုန်းဆာခေါင်က မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဗဟိုဌာနတွင် ပြုလုပ်သော   ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ ၇ ကြိမ်မြောက် ဆွေးနွေးပွဲတွင် ပြောကြားသည်။

ဆလိုင်းလျှံမှုန်းဆာခေါင်က ဆွေးနွေးပွဲအပြီး မီဒီယာများကိုပြောကြားရာတွင် “ကျွန်တော်တို့ ဒီတိုက်ပွဲတွေဖြစ်နေတာ ရပ်စဲဖို့အတွက်ပဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်နိုင်တယ်ဆိုရင် အဲဒီစာချုပ်အောက်မှာ တိုက်ပွဲတွေအားလုံး ရပ်စဲဖို့လုပ်လို့ရမယ်။ တကယ်လို့ ပြန်ဖြစ်လာမယ်ဆိုရင်လည်း ခြိမ်းခြောက်မယ့်နည်းလမ်းတွေ၊ ယန္တရားတွေ ဖန်တီးရမှာ ဖြစ်ပါတယ်။ အဲဒီလိုမရှိ သေးသရွေ့ကတော့ ကျွန်တော်တို့အနေနဲ့ လုပ်ဖို့ခက်တယ်။ အဲဒီအတွက်ကြောင့် တိုက်ပွဲတွေဖြစ်နေလို့ ငြိမ်းချမ်းရေးကို စွန့်ခွာမယ်ဆိုတာ မှားယွင်းတဲ့ချဉ်းကပ်မှုဖြစ်တယ်။ အဲဒီအတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ ကြိုးစားပြီး လုပ်ရမှာဖြစ်ပါတယ်။ ပိုပြီးတော့ အာရုံစိုက်လုပ်ရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် NCCT ဒုတိယခေါင်းဆောင် ၂ ဗိုလ်ချုပ်ဂွန်မော်က “ကျွန်တော်တို့ ဒီနေ့ ဆွေးနွေး ပွဲအစပိုင်းမှာ ပဋိပက္ခလျှော့ချရေးခေါင်းစဉ်များကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ဆီမှာ မမျှော်လင့်တဲ့အခက်အခဲတွေ၊ တိုက်ပွဲတွေ အများကြီးရှိတယ်ဆိုတာ နှစ်ဖက်သိကြပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့က တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အပြစ်ရှာပြီး ပြောတဲ့ပုံစံမဟုတ်ဘဲ ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးကနေ အဖြေရှာမယ်။ အဲဒီအဖြေကနေတစ်ဆင့် ကျွန်တော်တို့လိုလားနေတဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားကြမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ပြင်ဆင်ပြီး ရောက်လာတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မှာ တချို့အချက်တွေ ကျန်ပါသေးတယ်။ သို့သော်လည်း ဒီအချိန်မှာ နားလည်မှု အပြည့်နဲ့ ကျွန်တော်တို့ဆွေးနွေးကြမယ်။ ပြီးတော့ ဒီ NCA ကို အောင်မြင်အောင် ဆောင်ရွက်ကြမယ်ဆိုတဲ့ ရည်မှန်းချက် ရှိပါတယ်” ဟု ဆွေးနွေးပွဲမစတင်မီတွင် ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် MPC ၏ အကြီးတန်းအရာရှိဖြစ်သူ ဦးလှမောင်ရွှေက ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ “ပဋိပက္ခလျှော့ချရေးခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာပါ။ တိုင်းရင်းသား ခေါင်းဆောင်တွေအနေ နဲ့လည်း ယုံကြည်မှုပိုရှိလာတော့ NCA စာချုပ်ဖြစ်မြောက်ဖို့ အမြန်ဆုံးရည်ရွယ်တဲ့အနေနဲ့ တစ်ဆို့နေတဲ့အချက်တွေကို ကျော်လွှားနိုင်ခဲ့တယ်။ မနက်ဖြန် ဆွေးနွေးမှာက တပ်ပိုင်းဆိုင်ရာကိစ္စတွေပေါ့။ NCA စာချုပ်မှာပါတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေက အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ကော်မတီဘယ်လိုဖွဲ့မလဲဆိုတာရယ်၊ နှစ်ဖက်တပ်ဖွဲ့လိုက်နာရမယ့် စည်းကမ်းတွေအကြောင်း ဆွေးနွေးကြမှာပါ” ဟုပြောသည်။

ဆက်လက်၍ ဦးလှမောင်ရွှေက လက်ရှိဖြစ်ပေါ်နေသည့် ကိုးကန့်ကိစ္စများနှင့်ပတ်သက်၍ ဝန်ကြီးဦးအောင်မင်း အနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များကို ရှင်းလင်းတင်ပြခဲ့သည်များရှိကြောင်း၊ လက်ရှိဗဟိုကော်မတီ UPCC က ပေးထားသည့် ပေါ်လစီရှိပြီး ယင်းမှာ လက်ရှိဆွေးနွေးနေသည့် အဓိကအဖွဲ့ ၁၆ ဖွဲ့ရှိကြောင်း၊ ယင်း ၁၆ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေး ထိုးရန် ဦးစွာဆောင်ရွက်ရန်လိုကြောင်း၊ ယင်းအဆင့်ကို ကျော်သွားလျှင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ၌ ပါဝင်သင့်၊ ပါဝင်ထိုက်သူများအားလုံး ပါဝင်မည်ဟူသည့်သဘောဖြစ်ကြောင်း ပြောကြားသည်။

ကိုးကန့်ကိစ္စနှင့်ပတ်သက်၍ နိုင်ဟံသာကလည်း “အသေးစိတ်တော့ ကျွန်တော်တို့မဆွေးနွေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း အသေးစိတ်သိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဆိုပြုတာကတော့ ဒီကိစ္စက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်လို့ စစ်ရေးနဲ့ချည်းပဲ ဖြေရှင်းလို့မပြီးဘူးလို့ ကျွန်တော့်အမြင်ရှိတယ်။ ဒါကို နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ထည့်သွင်းဖို့ ကျွန်တော်တို့က ဒီလောက်ပဲ စီစဉ်တာပါ” ဟု ပြောကြားသည်။

အဆိုပါ ၇ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား၊ တရုတ်နိုင်ငံမှ ကိုယ်စားလှယ် မစ္စတာ Wang Ying Fan နှင့် မိုင်းလားအဖွဲ့၊ နာဂအဖွဲ့၀င် ABSDF အဖွဲ့နှင့် RCSS အဖွဲ့တို့မှ ကိုယ်စားလှယ်များ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

ဝ၅၄၊ ဝ၆၇

Leave a Reply

Your email address will not be published.