နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့်ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)တို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံ မပြီးဆုံးသေးသောတိုက်ပွဲများကို ဆက်လက်တိုက်ခိုက်နေဦးမည်လား၊ ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြမည်လား

ရန်ကုန်၊ မတ် ၁၅၊ ၁၆

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒေါက်တာလဂျာ ဦးဆောင်သည့် KIO ကိုယ်စားလှယ်အဖွဲ့ နှင့်နေပြည်တော် MICC-2 ခန်းမ၌ မတ်လ ၁၅ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နိုင်ငံတော် ဒု-သမ္မတက ပြောကြားရာတွင် ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ အခြေအနေကောင်းတစ်ခုရရှိရန် ခက်ခဲပြီး ပြန်လည် ပျက်ပြယ်သွားမှုက လွယ်ကူကြောင်း၊ ယနေ့အချိန်အခါတွင် ခေတ်မီလက်နက်များကို ကိုင်တွယ် အသုံးပြုနေသောကြောင့် မည်သူမှားသည်၊ မှန်သည်ထက် ဒုက္ခရောက်ရသူမှာ ပြည်သူသာဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံမှုများဖြင့် လက်နက်ကိုင်အဖွဲ့ အစည်းများက ငြိမ်းချမ်းရေး အစဦးဖြစ်သော တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူညီမှုရရှိရန် မလွတ်တမ်း ဆုပ်ကိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

KIO အဖွဲ့ကိုယ်စားလှယ်ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက KIO ဗဟို၏ တာဝန်ပေးချက်အရ နေပြည်တော်သို့ ပထမဦးဆုံးအကြိမ် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့တွင် မိမိတို့ထုတ်ပြန်ခဲ့သော ကြေ ညာချက်တွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်စေရန် ရည်ရွယ်ပါကြောင်း၊ စစ်ရေးကိစ္စများကိုဖြေရှင်းရာတွင် ယုံကြည်မှုခိုင်မာ စေရန် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေး နွေးပွဲမှ ပြည်သူများလိုလားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများကို အချိုးအကွေ့ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် KIO အဖွဲ့သည် မတ်လ ၁၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် လည်းကောင်း၊ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံ ရာတွင် ကချင်ပြည်နယ်သည် တပ်မတော်အစိုးရလက်ထက်က ၁၇ နှစ်တိုင်တိုင် ပစ်ခတ်မှုများ ရပ်စဲပြီး ငြိမ်းချမ်းစွာရှိခဲ့သည့်ပြည်နယ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာရှိစဉ် နေထိုင်ခဲ့ရသည့် ကချင်ပြည်သူများ၏ဘဝနှင့် ယခု မငြိမ်းချမ်းသည့်ဘဝများကို နှိုင်းယှဉ်ကြည့်ပါက အကောင်း၊ အဆိုးကို ခွဲခြားသိမြင်နိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်၊ မရ ရှိရန် စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များသည် မိမိတို့နှစ်ဖက်သော အဖွဲ့အစည်းများမှ Key Player များပင်ဖြစ်ပါကြောင်း၊ ပြည်သူများဒုက္ခရောက်စေသည့်၊ တိုင်း ပြည်ဆုံးရှုံးနစ်နာစေသည့် မပြီးဆုံးသေးသောတိုက်ပွဲများကို လူတစ်စု ဖြစ်သည့် မိမိတို့ က ဆက်၍တိုက်ခိုက်နေရဦးမည်(သို့) ယခုကဲ့သို့ စားပွဲဝိုင်းတွင်ထိုင်ပြီး ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြမည်ဆိုသည်ကို မိမိတို့ အလေးအနက်ထား စဉ်းစားကြရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တည်ငြိမ်အေးချမ်းစွာ လျှောက် လှမ်း၍ ကမ္ဘာ့အလယ်တွင် တင့်တယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟူသော သားစဉ်မြေးဆက် ဂုဏ်ယူဖွယ်ရာ သမိုင်း မှတ်တမ်းတစ်ခုကို ချန်ထားရစ်ခဲ့နိုင်ရန် မိမိအနေဖြင့် အလေးအနက် တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

KIO မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည့် ကွန်ဖရင့်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး အောင်မြင်စေရန် လုပ်ဆောင်ရမည့် အဓိက အချက်များကို ရှာဖွေသွားမည်၊ မအောင်မမြင်ဖြစ်စေမည့် အဟန့်အတားများ မပါဝင်အောင် ကြိုးစားသွားမည်ဟု ကတိပြုပြောကြားခဲ့ပါကြောင်း၊ ခေါင်းဆောင်အချင်းချင်း မတွေ့ဆုံနိုင်ခြင်းသည်လည်း နားလည်မှုများကို အားနည်းနိုင်ပါကြောင်း၊ KIO အမြဲတမ်းဗဟိုကော်မတီဝင် ၃ ဦးပါဝင်သည့် မိမိတို့အဖွဲ့မှ ခေါင်းဆောင်များ ကိုယ်တိုင် သမ္မတကြီးအား တွေ့ဆုံတင်ပြခွင့်ရရှိသဖြင့် ကျေးဇူးတင်ရှိကြောင်း၊ KIO အနေဖြင့် NCCT တွင် ဆက်လက် ပူးပေါင်းပါဝင်ပြီး Process လုပ်ငန်းစဉ်တစ်ခုလုံး အမှန်တကယ်အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် ရှိပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ဘုရင့်နောင်ရိပ်သာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KIO တို့ တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်က KIO ၏ငြိမ်းချမ်းရေးနှင့်ပတ်သက် သည့်သဘောထားအား သိရှိရ၍ ဝမ်းမြောက်ပါကြောင်း၊ KIO/KIA ၏ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ပွင့်လင်းစွာတင်ပြမှုအတွက်လည်း ဝမ်းသာပါကြောင်း၊ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းလုပ်ဆောင် နေမှုတို့တွင် ခိုင်မာစွာပါဝင်နေကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရာတွင် Intention မှန်ဖို့လို ကြောင်း၊ သဘောထားမှန်ကန်စွာနှင့် လုပ်ဆောင်မှုများအားလုံးကို ကြိုဆိုပါကြောင်း၊ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့ အစည်းများအနေဖြင့် လျော့သွားသော အင်အားကို Recuriting လုပ်၍ စုဆောင်းဖြည့်တင်းနိုင်သော်လည်း ပြည်သူလူထု ၏ သားသမီးများ ဆုံးရှုံးပါက ပြန်လည်ဖြည့်ဆည်း၍ မရနိုင်သဖြင့် ဆုံးရှုံးမှုကြီးမားသည်ကို နက်နက်နဲနဲ ထည့်သွင်းစဉ်းစား ပါကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရန် အမှန်တကယ်လိုလားပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

KIO မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က NCA လက်မှတ် ရေးထိုးမှုသည် နောင်တစ်ချိန် တိုက်ပွဲများအတွက် ပြင်ဆင် ခြင်းမဖြစ်စေလိုဘဲ နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးတို့တွင် လက်တွေ့ကျကျ အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး တည်ငြိမ်အေးချမ်းစွာ အတူတကွ ပေါင်းစည်းနေထိုင်လို စိတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။ အဆိုပါနေပြည်တော်ခရီးစဉ်သို့ KIO ဘက်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်၊ ဗဟိုကော်မတီဝင်များဖြစ်သော ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဒုတိယဗိုလ်မှူးကြီး ဆင်ဝါး၊ ဒုတိယဗိုလ်မှူးကြီး လအောင်တို့ ပါဝင်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်မည့် NCCT နှင့် UPWC တို့၏ ၇ ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်တက်ရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

ဝ၁၁

Leave a Reply

Your email address will not be published. Required fields are marked *