ကြောင်သူတော်ဆို ယိုတော့ကြွက်မွေး

 

ကမ္ဘာမှာ မြန်မာဟေ့ဟု ကြွေးကြော်နိုင်ခဲ့သည့် ဇာတိမာန်များထဲတွင် အစိုးရ၏ အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိသော ဆောင်ပုဒ်များလည်း အပါအဝင်ဖြစ်သည်။ ပေါ်လစီအရ ထွက်ပေါ်ခဲ့သော မင်းကြီးကြိုက်ဆောင်ပုဒ်များ၏ အံ့ဖွယ် ကိုယ်ရည် ကိုယ်သွေးတစ်ရပ်မှာ အစဉ်အမြဲ ဖီလာ အချိုးကျနေခြင်းပင်ဖြစ်သည်။ ဥပမာ – “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဟူသော ဆောင်ပုဒ်ထွက်ပေါ်လာသည်နှင့် အားကစားဗေဒသည်လည်း အဝီစိသို့ဆိုက်ရောက်ခဲ့ပါ၏။ ထို့ကြောင့်လည်း မြန်မာ့ ဆောင်ပုဒ်တိုင်း၏ ဆန့်ကျင်ဘက်လားရာအရပ်၌ မြန်မာနိုင်ငံ၏ ပကတိအမှန်တရားကို တွေ့မြင်နိုင်သည်။ “ကူညီပါရစေ” (May I help you) ဆောင်ပုဒ်ဖြင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်သန်ဖွဲ့စည်းထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးသည် မတ်လ ၁၀ ရက် လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွင်းမှု၌ တရားဥပဒေနှင့်အညီ ဗြဟ္မစိုရ်တရားလက်ကိုင်ထားလျက် ဖြေရှင်းခဲ့သယောင်ယောင် သေးကွက်ကို ပင်လယ်ဖြစ်အောင် အထူးပြုလုပ် ဖန်တီးမှုများဖြင့် မီဒီယာထက်ဝယ် မသတီစရာ ဘူးကွယ်ခဲ့သော ပဲခူးတိုင်း ရဲတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်ကို ယခုအပတ်၏ကြောင်သူတော်ဆို ယိုတော့ကြွက်မွေး သတင်းလူသားအဖြစ် ဖော်ပြအပ်ပါသည်။

မိမိကိုယ်မိမိ ကြောင်သူတော်ကောင်းဟု မည်မျှပင်ဆိုစေကာမူ မစင်စွန့်သည့်အခါ ပါလာသော ကြွက်မွေးများက သက်မဲ့ သက်သေများပင်ဖြစ်သည်။ လက်ပံတန်း၌ ကျောင်းသားများအပေါ် ရုန့်ရင်းကြမ်းတမ်းသော နှိမ်နင်းမှုပြုခဲ့ခြင်းကို ဗွီဒီယို အထောက်အထားများဖြင့် ခိုင်လုံစွာ တွေ့ရပါ သော်လည်း ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်းမရှိခဲ့ပါဟု ပြောရဲခြင်းမှာ ပေါရဲခြင်း ပင်ဖြစ်သည်။ ထိုမျှပင်မကသေးဘဲ အီးယူ (ဥရောပသမဂ္ဂ) ၏ နည်းနာနိဿယအတိုင်း ဖြေရှင်းခဲ့ခြင်းဟုဆိုပြန်ရာ မြန်မာရဲ တပ်ဖွဲ့၏ အကြမ်းဖက်မှုတွင် အီးယူပါ အမှုတွဲအဖြစ် အဆစ်ပါဝင်ကြောင်း ဖော်ကောင်လုပ်လိုက်သည်။ “ကူညီပါရစေ ကိုလှရွှေ၊ အကြမ်းဖက်ဖို့ စောင့်လို့နေ” ဟု ရွတ်ဆိုရမည့် ရဲသားကြီးများလည်း ပါရှိသကဲ့သို့ ခြေလွန်လက်လွန် မဖြစ်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြသည့် ရဲတပ်ဖွဲ့ဝင်များလည်း ထိုပဋိပက္ခထဲတွင် ပါရှိပါ၏။ သို့သော် တာဝန်ရှိသူသည် တာဝန်ယူရဲသော၊ တာဝန်ခံရဲသော စကားကိုသာ ပြောဆိုရာ၏။ ရှေ့စကား၌ ပြင်းပြင်းထန်ထန် မနှိမ်နင်းဘဲ သာမန်မျှသာဟု ပြောခဲ့သော်လည်း နောက်စကားတွင် အမိန့်မနာခံဘဲ ဝင်ရိုက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန်ရှိကြောင်း ပြောပြန်သည်။ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသော ကျောင်းသားများ၊ မီဒီယာများ၊ အရပ်သားများအပေါ် ဥပဒေနှင့်အညီ တရားမျှတမှုပေးခဲ့သည်ဟုဆိုသော်လည်း ဖမ်းဆီးစဉ်ကပင် အငြိုးတကြီး ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဗွီဒီယိုများနှင့် ပြန်လည်လွတ်မြောက်လာသူများက သက်သေခံလျက်ရှိသည်။ အစိုးရတာဝန်ရှိသူများ အမြှုပ်ထွက်မတတ် သုံးစွဲနေဆဲဖြစ်သည့် ဥပဒေနှင့်အညီဟူသော စကားရပ်သည်လည်း မြေပြင်အခြေအနေ၌ ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်ချည်းပင်။ ကျောင်းသားများကို မသေရုံတစ်မည် ရိုက်နှက်ကန်ကျောက် ထားပါသော်လည်း ဖော့ရိုးလေးဖြင့်သာ ဆုံးမသယောင်လည်း ပြောပြန်သေး၏။ ရဲမှူးကြီး ဝင်းစိန်အတွက် ဂုဏ်ယူရမည့် ကိစ္စမှာ ယခုပွဲတွင် တချို့သော ရဲသားများသာ လက်သံပြောင်ကြသည်မဟုတ်ဘဲ အထူးလေ့ကျင့်ပေးထားပုံပေါ်သော ရဲမေများ ကပါ နှုတ်သရမ်း အာကြမ်းပြခြင်းဖြင့် အနာဂတ်ရဲတပ်ဖွဲ့အတွက် အမြတ်ထွက်ခဲ့ခြင်းဖြစ် သည်။ ဘုန်းကြီးကျောင်းထဲမှ ဖမ်းမိခဲ့သော ကျောင်းသူလေးများကို ရဲမေများက ဘုန်းကြီးများနှင့် ပေးစားသည်ဟု သိရသည်။ ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများ၏ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများသည်လည်း တရားဥပဒေစိုးမိုးရေးနှင့်အတူ နစ်မြုပ် သွားခဲ့လေပြီ။

ရဲတပ်ရင်းအမှတ် ၁၊ ၁၀၊ ၁၁ မှ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများကို ရိုက်သတ်ချင်၍ ရဲထဲဝင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဂုဏ်ယူ၀င့်ကြွား ပြခဲ့သေးသည်။ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် အင်အားသုံး ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးကို ရဲမှူးကြီး ဝင်းစိန် က အကာအကွယ်ပေးရန် ကြိုးစားနေပုံပေါ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စစ်တပ်တိုက်ရိုက်အုပ်ချုပ်မှု အောက်သို့ ရောက်ခဲ့သည်မှာ ကာလကြာညောင်းခဲ့လေပြီ။ ကျောင်းသားများအပေါ် မုန်းတီးမှု၏ မြစ်ဖျားခံရာသည် အထက်အရပ်ဟု ကောက်ချက် ချသူများလည်းရှိသည်။ အစိုးရက အကြမ်းဖက် မှုတစ်ခု ကျူးလွန်ပြီးတိုင်း မိုးကြိုးပစ်ရာ ထန်းလက်ကာပေးမည့် ရဲမှူးကြီး ဝင်းစိန်ကဲ့သို့ ကြမ်းပိုးကို လိပ်ဖြစ် အောင်ပြောမည့်သူများလည်း ထွက်ပေါ်လာလေ့ရှိသည်။ ကျောင်းသားကို တစ်ချက်ရိုက် လိုက်တိုင်း ပြည်သူကို တစ်သက်စာရိုက်မိ လိုက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများ နားလည်ထားရန် လိုအပ်သည်။ နာရေးကူညီမှု အသင်းမှ လူနာတင်ယာဉ်ကိုပင် ထုချေဖျက်ဆီးခဲ့ခြင်း၊ ဆန္ဒပြ ကျောင်းသားများ အသုံးပြုသော မော်တော်ယာဉ် ကို အကြောင်းမဲ့သက်သက်ဖျက်ဆီးခဲ့ခြင်းသည် နောက်ခံအားကိုးရှိ၍ အစွမ်းကုန် မိုက်ရိုင်းပြလိုက်ခြင်းမည်၏။ ထို့အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက “နောက်နောင် ပြည်သူလူထုကတင်မြှောက်တဲ့ အစိုးရဆိုပြီးတော့ မပြောပါနဲ့” ဟု ပြောကြားခဲ့ပြီး ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ သဝဏ်လွှာ၌လည်း “ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီး အကျင့်မပျောက်သလို အာဏာရှင် လူထွက်ဟာလည်း အာဏာရှင်အမူအကျင့် မပျောက်ဘူးဆိုတာကို လက်ပံတန်း အကြမ်းဖက်မှုက ထင်ရှားစွာသက်သေပြလိုက်ပါပြီ” ဟု ဖော်ပြပါရှိသကဲ့သို့ “မိဘပြည်သူများခင်ဗျာ” ဟု ရင်ထဲကမပါဘဲ ခရာတာတာ၊ ညာတာတာများ မပြောဆိုသင့်ကြောင်းလည်း ဆရာတော်က ဝေဖန်ထားသည်။ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝက “ကျွန်တော် ဒီအစိုးရကို မယုံပါဘူးလို့ ပြောချင်တယ်” ဟု သူ၏ မယုံကြည်မှုကို ဖွင့်ဟခဲ့သည်။

အစိုးရအနေဖြင့် ထိုမျှ အော်ဂလီဆန်သော ရိုင်းစိုင်းမှု၊ ရာဇဝတ်မှုများအတွက် ထိုက်ထိုက်တန်တန် ထိုးကျွေးရမည့်သူကို အမြန်ဆုံးရှာဖွေသင့်သည်။ သို့မဟုတ်ပါက မစင်ထုပ်ကို မောင့်ကျက်သရေ ခေါင်းပေါင်းအဖြစ် ပေါင်းထားရပေတော့မည်။ ပြည်သူများ၏ အသိတရားထဲဝယ် ဆောင်ပုဒ်ဟူသမျှသည် “ဆောင်လေ ပုပ်လေ” ဟု စွဲမှတ်သွားပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကူညီပါရစေဆောင်ပုဒ်သည် အပုပ်နံ့ တလှိုင်လှိုင်ထွက်လာပေတော့အံ့။ လက်ပံတန်းအရေးအခင်းတွင် ရဲတပ်ဖွဲ့ဝင်တချို့သည် တရားဥပဒေကို မစောင့်ရှောက်ဘဲ ဖောက်သောက်ခဲ့သော်ငြား ဆင်သေကို ဆိတ် သားရေဖြင့်ဖုံးရန် အားထုတ်ခဲ့သော ကူညီ ပါရစေအရှင် ရဲမှူးကြီးဝင်းစိန်ကို ယခုအပတ်၏ ကြောင်သူတော်ဆို ယိုတော့ကြွက်မွေး သတင်းလူသားအဖြစ် ဖော်ပြအပ် ပါသည်။

ဝ၂၆

Leave a Reply

Your email address will not be published. Required fields are marked *