ဖေ့စ်ဘွတ်ခ်ဂယက်

ပြီးခဲ့တဲ့အပတ်တုန်းက ထခဲ့တဲ့ဂယက်တွေရဲ့ အကျိုးဆက်တွေက ဒီတစ်ပတ်မှာ ဂယက်ဆက်ထတယ်လို့ ဆိုရမလိုပါပဲ။ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတာကို မကျေနပ်ကြတဲ့ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေက သူတို့တတ်နိုင်တဲ့ ဘက်ကနေ အကြမ်းဖက်မှုကို ရှုတ်ချကြတဲ့ ပရိုဖိုင်းပုံတွေ၊ လှုပ်ရှားမှုတွေပဲ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ အများအပြားပေါ်လာခဲ့ပါတယ်။ အဲဒီအထဲမှာမှ “ကျောင်းသား တွေနိုင်တယ်”ဆိုတဲ့ စာသားကို စတေးတပ် တင်ကြ၊ ကာတွန်းဆရာတွေကလည်း ကာတွန်းဆွဲကြ၊ လုပ်ကြတဲ့ လှုပ်ရှားမှု တစ်ခုကတော့ တော်တော်လေးကို ပျံ့ပျံ့နှံ့နှံ့ဖြစ်သွားခဲ့ပါတယ်။

ကျောင်းသားတွေဟာ အနိုင်အရှုံးအတွက် လုပ်နေတာမဟုတ်တဲ့အတွက် အဲဒီစာသားကို မသုံးချင်ကြတဲ့သူတွေ ရှိကြသလို၊ တကယ်ရော ကျောင်းသားတွေ နိုင်ရဲ့လားလို့ တွေးဆကြသူတွေလည်းရှိခဲ့ပေမယ့် အဲဒီစာသားလေးက တော့ ဖေ့စ်ဘွတ်ခ်တခွင်မှာ ဂယက်ရိုက်သွားခဲ့ပါတယ်။ ကျောင်းသားလှုပ်ရှားမှုကိစ္စတွေကို အာရုံလွှဲချင်တာလား၊ ဒါမှမဟုတ် တကယ်ပဲလားတော့ မသိပေမယ့် ဘဘကြီးရဲ့ မြေးတော်လေးက ဖွင့်ဟဝန်ခံတာပါလို့ဆိုတဲ့ စာ တစ်စောင်လည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တက်လာပါသေးတယ်။ နောက်ထပ်သော ဂယက်ကြီး ကြီးတစ်ခုက တော့ အဖော်အချွတ်ပုံတွေ ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး နာမည်တစ်လုံးကို ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ မော်ဒယ်မလေးတစ်ယောက် သမ္မတကြီးရဲ့ ပညာတော်သင်ဆုမှာ ရေးဖြေအဆင့်အောင်သွားပြီး အရွေးခံရဖို့ အလားအလာ ကောင်းနေတယ်ဆိုတဲ့ကိစ္စပါ။ အဲဒီကိစ္စက ဘယ်လောက် ဂယက်ထသွားသလဲဆို ဆော်ကြ၊ နှက်ကြတာတွေကို ဝန်ကြီးတစ်ပါးကတောင် ဝင်ရှင်းရတဲ့အဆင့် ရောက်သွားခဲ့ပါသေးတယ်။ ဒီရက်ပိုင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ ဖေ့စ်ဘွတ်ခ်သူ၊ ဖေ့စ်ဘွတ်သားတွေ ဝိုင်းသုံးကြရင်းနဲ့ ခေတ်စားလာတဲ့ စကား လေးတွေလည်း ရှိလာခဲ့ပါတယ်။

“ကြက်ဥကြော်တွေ အကုန်လုံးကို အန်မယ်”ဆိုတဲ့ စတေးတပ်တစ်ခုဆိုရင် ဖေ့စ်ဘွတ်ခ်ကို ထဲထဲဝင်ဝင်သုံး မနေတဲ့သူတွေအနေနဲ့ ဘာပြောမှန်း သိနိုင်မယ်မထင်ပါဘူး။ ဒီစတေးတပ်မှာပါတဲ့ ကြက်ဥကြော်ဆိုတာကို အရင်ရှင်းရမယ်ဆိုရင် လောက်ကိုင်မှာဖြစ်တဲ့တိုက်ပွဲတွေအပြီး နေဝန်းနီပုံတင်ကြတဲ့ အကောင့်ပိုင်ရှင်အချို့နဲ့ အခြားသော ဖေ့စ်ဘွတ်ခ်သူ၊ ဖေ့စ်ဘွတ်ခ်သားတွေ ကျောင်းသားသပိတ် ဖြိုခွင်းတဲ့ကိစ္စတွေမှာ စိတ်ဝမ်းကွဲကြပြီး နောက်မှာ အဲဒီနေဝန်းနီပုံကို “ကြက်ဥ ကြော်”လို့ တစ်ယောက်ယောက်က စသုံးလိုက်ရာကနေ ဖြစ်လာတာပါ။ အန်မယ် ဆိုတာကတော့ မိတ်ဆွေ (Friend) ဖြစ်နေပြီးသားလူတစ်ယောက်ကို မိတ်ဆွေအဖြစ်က ရပ်စဲတာကို UnFriend လုပ်တယ်လို့သုံးတဲ့အသုံးထဲက အတိုကောက် Un ကို ယူလိုက်တာပဲ ဖြစ်ပါတယ်။

ဟိုလူက ဟိုဟာပြော၊ ဒီလူက ဒီဟာပြောနဲ့ ကိုယ်ထင်ရာပြောနေကြတဲ့ ဖေ့စ်ဘွတ်ခ်လောကကြီးထဲမှာ အမြင်မတူတာလေးတစ်ခုခုကို ဝင်ပြောမိတဲ့အခါ ဝိုင်းဝိုင်းကစ်ကြတာတွေကို သဘောပေါက်လာကြရာက စတယ်ထင်ပါတယ်။အခုနောက်ပိုင်းတစ်ခုခုကို အမြင်မတူတာလေးကိုပြောကြတဲ့အခါ ပြောလည်း ပြောချင်တယ် ပြောလဲမပြောရဲဘူးတို့၊ မေးလည်းမေးချင်တယ် မေးလည်းမမေး ရဲဘူးတို့ ဆိုတာလေးတွေနဲ့ တွဲသုံးလာကြတာကို တွေ့ရပါတယ်။ လောက်ကိုင်မှာ တိုက်ပွဲတွေတိုက်နေရင်း ကြဲချလိုက်တဲ့ ဗုံးအချို့ ဟိုဘက်နိုင်ငံကြီးထဲကို ချော်တော ငေါ့သွားတဲ့ကိစ္စကလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ ပြောစရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ နှစ်နိုင်ငံစစ်ရေး တင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာ ဖေ့စ် ဘွတ်ခ်ပေါ်က လေနဲ့တိုက်နေတဲ့လေ တပ်မတော်ကြီးက လည်း ပစ်မယ်၊ ခတ်မယ် တကဲကဲပါပဲ။ ဆိုတော့ကာ အပစ်အခတ်တွေ ဟိုဘက်နိုင်ငံအထိ နယ်ကျွံသွားတာ၊ လေတပ်မတော်ကြီးကလည်း သတ်မယ်၊ ဖြတ်မယ်၊ ပစ်မယ်၊ ခတ်မယ် တကဲကဲ လုပ်နေတာဟာလည်း နိုင်ငံရေးကစားကွက်တစ်ခုပဲလားဆိုတာ မေးလည်း မေး ချင်တယ် မေးလည်းမမေးရဲဘူး ဖြစ်နေပါတော့တယ်။

နေဘုန်းလတ်

Leave a Reply

Your email address will not be published. Required fields are marked *