အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း ကြားနာပွဲတက်ရောက်ခြင်းသည် ကျောင်းသားများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်

ရန်ကုန်၊ မတ် ၁၆

အမျိုးသားလွှတ်တော်တွင် ပြုလုပ်လျက်ရှိသော အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် ကြားနာပွဲသို့ ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ခြင်းသည် မိမိတို့တောင်းဆိုထားသော ဒီမိုကရေစီ ပညာရေး ဥပဒေပေါ်ပေါက်စေရန် လမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင်က ပဲ့တင်သံကိုပြောသည်။

“နိုဝင်ဘာလအတွင်း ကျောင်းသားသမဂ္ဂထု အရေးပေါ်အစည်းအဝေးတွေခေါ်တယ်၊ သပိတ်မှောက်တယ်။ အစိုးရကို ရက်ပေါင်း ၆၀ ရာဇသံတွေပို့တယ်။ ဒီလုပ်ငန်းစဉ်ကြီးကို တောက်လျှောက်လုပ်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်၊ နောက်ဆုံးပန်းတိုင်က အမျိုးသားပညာရေးဥပဒေကို ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ညီညွတ်အောင် ပြန်လည်ပြင်ဆင်နိုင် ဖို့ဖြစ်တယ်။ ဒီလိုစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့အတွက် ကျွန်တော်တို့က ဒီလွှတ်တော်လုပ်ငန်းစဉ်တွေကို မဖြစ်မနေ ဖြတ်သန်း ရမှာဖြစ်တယ်။ ဒီ အတွက် ကျွန်တော်တို့တောင်းဆိုထားတဲ့အရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကိုယ်တိုင် ဒီလုပ်ငန်းစဉ်မှာ ဝင်ပြီးပူးပေါင်းဆောင်ရွက်တာဖြစ်တယ်” ဟု ကိုဝေမိုးနိုင်က ကြားနာပွဲတက်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းပြသည်။

ယင်းကြားနာပွဲတွင် ကျောင်းသားများက အမျိုးသားပညာရေး ကော်မရှင်ဖျက်သိမ်းရန် ဆွေးနွေးရာတွင် ကော်မရှင်ဖွဲ့စည်း ထားပါက ဗဟိုချုပ်ကိုင်မှုရှိသည့်အတွက် ထားရှိ ခြင်းမပြုရန် ဆွေးနွေးခဲ့ကြပြီး ဥပဒေကြမ်းကော်မတီအပါအဝင် တက် ရောက်လာသည့် ပညာရှင်များက အမျိုးသားပညာရေးမူဝါဒကော်မရှင်ဟု ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကို ထောက်ခံသူများအား ရွေးချယ်ရန်နှင့် ဆရာ၊ ဆရာမများအား ကျောင်းသား၊ ကျောင်းသူများက အကဲဖြတ်မှုဆိုသည်မှာ စာသင်ကြားမှု ကောင်းခြင်း၊ မကောင်းခြင်းအပေါ်ကိုသာ ဆိုလို ကြောင်း၊ တက္ကသိုလ်ဝင် ခွင့်နှင့်ပတ်သက်၍လည်း တက္ကသိုလ် ဝင်တန်းအမှတ်ဖြင့် မဆုံးဖြတ်ဘဲ ကျောင်းသားက တက်ရောက် သင်ကြားလိုသည့် ဘာသာရပ်အား ဝင်ခွင့်စနစ်ဖြင့် သတ်မှတ်ရန် ကျောင်းသားများက ဆွေးနွေးခဲ့ကြသည်။

အချက်အလက်အများစု သဘောတူညီမှုရရှိခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာမှုအပေါ် ပဲ့တင်သံက မေးမြန်းခဲ့ရာ ကိုဝေမိုးနိုင်က အဆိုပါ သတင်းထွက်ပေါ်ခြင်းသည် နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး ကြားနာပွဲဆိုသည့်သဘောအရ အမျိုးသားပညာရေးဥပဒေပြောင်းလဲရန် တောင်းဆိုထားသည့် မိမိတို့က မည်သည့်အချက်များကို မည်သည့်အကြောင်း ပြချက်ဖြင့် ပြင်ဆင်ချင်ကြောင်း၊ မည်သည့်ပုံစံ ပြင်စေချင်သည်ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ သွားရောက်ရှင်းလင်း ပြောဆိုခြင်းဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီက ကြားနာမှုကို မှတ်တမ်းတင်၍ အစီရင်ခံစာ ရေး သားပြီး အမျိုးသားလွှတ်တော်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း စသဖြင့် ကြားနာမှုအစီအစဉ်ကို ပြောသည်။

ကိုဝေမိုးနိုင်က “ဥပဒေကြမ်းကော်မတီအနေနဲ့ အရင်နေ့က ကြားနာမှုတွေလုပ်ထားတာရှိတယ်။ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လွှတ်တော်မှာ ကြားနာပွဲ လာတက်ထားတဲ့သူတွေထဲက ဆွေးနွေးချက်တချို့တွေကို ကျွန်တော် တို့ စဉ်းစားရအောင် သူတို့ဘက်က တင်ပြတာမျိုးတွေရှိတယ်။ သို့သော် ကျွန်တော်တို့က နဂိုကိုင်စွဲထားတဲ့ ၁၁ ချက်ပေါ် မူတည်ပြီး ဆွေးနွေးတယ်။ ဘယ်လို အနေ အထားမျိုးထိတော့ ကျွန်တော်တို့ လက်ခံလို့ရတယ်။ ဘယ်လိုအနေအထားမျိုး လွှတ်တော်က ပြဋ္ဌာန်းမယ်ဆိုရင် ကျွန်တော်တို့ လက်မခံနိုင်ဘူးဆိုတဲ့အခြေအနေတွေကို ဥပဒေကြမ်းကော်မတီကို ရှင်းရှင်းလင်းလင်း သိအောင်တင်ပြခဲ့တယ်။ အခု အပြင်မှာ ရေးနေတဲ့သတင်းတွေလို ကျောင်းသားသမဂ္ဂကို မူအားဖြင့် လက်ခံတယ်ဆိုတာ မပြောဘူး။ ဒီကိစ္စက လေးပွင့်ဆိုင်တွေ့ဆုံစဉ်က သဘောတူပြီးသားဖြစ်တယ်။ ဥပဒေကြမ်းကော်မတီက သမဂ္ဂဖွဲ့တာကို အတည်ပြုပေးပိုင်ခွင့်မရှိဘူး” ဟု ရှင်းပြသည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က “ဥပဒေကြမ်းကော်မတီဝင်တွေက ဘာဖြစ်လို့ ပြင်ချင်တယ်ဆိုတဲ့အကြောင်းတွေမေးလို့ ကျွန်တော်တို့က ပြန်ဆွေးနွေးတယ်။ သူတို့ကလည်း ပြန်ပြီးဆွေးနွေးတယ်။ သူတို့ မှတ်ချက်မပေးချင်ဘူးဆိုရင် မှတ်တမ်းတင်တယ်။ ဒီလောက်ပါပဲ။ ထူးထူးခြားခြားအနေနဲ့တော့ ဒီနေ့ (မတ်လ ၁၆ ရက်)က တံတားနီအမှတ်တရနေ့ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့လက်ပတ် အမည်းတွေ စည်းတယ်။ လွှတ်တော်ထဲမှာ ခွပ်ဒေါင်း အလံလွှင့်ပြီး တစ်မိနစ် ငြိမ်သက်ပြီး အလေးပြုခဲ့တယ်”ဟု ပဲ့တင်သံသို့ ပြောသည်။

ဝ၁၁

Leave a Reply

Your email address will not be published. Required fields are marked *