အပစ်ရပ်စာချုပ် ချုပ်ဆိုမည့် ရက်ဟူသည်မှာ
နီးမယောင်နှင့် ဝေးဝေးနေရကား
အကြောင်းမှန်ကို အနံ့ခံကြည့်လျှင်
တပ်မတော်ကြီးလည်း သူ၏ရင်သွေးများကို
စိတ်ခွန်အား တက်ကြွစေရန် ထိန်းမထားနိုင်တော့ပြီထင့်
စစ်သွေး စစ်မာန်များ မလျော့ပါးရေးအတွက်
ပေါက်ဖော်များနှင့် မျက်နှာအပျက်ခံကာ
ဘာတိုက်ပွဲ ညာတိုက်ပွဲများ ဖန်တီးနေရလေသလား
တွေးစရာများလည်း ဖြစ်ရပါလေသည်
မအံ့သြကြပါနှင့်။
ပေါက်ဖော်ကြီးက ရာဇသံအပေးမှာ
အောက်ခြေအရာရှိစစ်သည်အချို့က ရဲဆေးတင်ကာ
ကက်ကက်လန် ပြန်ရင်ဆိုင်မည့် ဗျူဟာကား
ဝါးရင်းတုတ်တပ်နှင့် ဒွေးတော်အမေရိကန်တပ်များ ဆိုပါကလား
ဆင် ဖမ်းမည်၊ ကျား ဖမ်းမည်၊ ကျောင်းသား ဖမ်းမည်
၃ ရက်အတွင်း ဘင်္ဂလားကိုပင် သိမ်းပြမည်ဟု
ကြွေးကြော်ကာ လေဗျူဟာခင်းသူများလည်း
ဖေ့စ်ဘွတ်ခ်လောကမှာ ပေါထလာလေသည်
အံ့သြရပါ၏။
ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှုအတွက်
စိတ်မကောင်းဖြစ်သူတစ်ဦးက ပြန်ဝန်မိသားစုကို
စွပ်စွဲတိုက်ခိုက်မှု ပေါ်ပေါက်လာရာတွင်
ပြန်ဝန်က “တိုက်ခိုက်ချင် အစိုးရကိုပဲ တိုက်ခိုက်ပါ”တဲ့
ငါ့မထိနှင့် ထိချင်လျှင် ငါ့အဘကိုသာ ထိဟု
ထမင်းရည်ပူကို လျှာလွှဲလိုက်ရာ
အံ့ကြီးပင် သြောယူရပါတော့သည်။
အောင်တံခွန်ရေယာဉ်ကြောင့် အသက်ကုန်သွားသူများ
လက်ပံတောင်းကျည်ကြောင့် အသက်ပေးရသည့် လယ်သူမကြီး
ကျိုက်မရောကျည်ကြောင့် အသက်စွန့်ရသည့် ကိုပါကြီး
စသည့် စသည့် နိုင်ငံသားသေဆုံးသူများအတွက်
ဝမ်းနည်းကြောင်းစာမျိုးပင် တရားဝင် မထွက်လေရာ
အကြွေးငါးသိန်းရှိသွားရရှာသည့် နိုင်ငံသားများကား
ပေါက်ဖော်သားများ၏ အသက်ချောင်းများအတွက်
နိုင်ငံတော်၏ လျောရမည့်ပမာဏကို အံ့အားသင့်ကြကုန်၏
အံ့သြဖွယ် ကုန်နိုင်ပါပေ့။
သွေးခွဲအုပ်ချုပ်ခံရသည့်နှစ်သက်က ကြာသော်လည်း
ဗကသ၊ တကသ၊ ကျောင်းတက်ဆဲ၊ ကျောင်းဝေးကွာ စသဖြင့်
တံဆိပ်အမျိုးမျိုး တပ်၊ ဇာတ်အဆင် အမျိုးမျိုးထွင်ကာ
နောက်ကြောင်းပြန် တီထွင်လာသမျှက အသုံးတည့်နေဆဲပါတည့်
လွှတ်တော်ထဲက ကျောင်းသားများ အဆဲခံရသကဲ့သို့
ကိုယ်ရောင်ဖျောက်နေသည့် ဗကသကြီးလည်း အဆဲခံရလေ၏
အံ့သြရပါသည်။
အကြမ်းဖက်မှုများကို တရစပ် မျက်မြင်သက်သေတွေ့ကြရရာ
နိုင်ငံသားများခမျာ တရားဥပဒေစိုးမိုးရေးဟု
တဖွဖွ ဆိုလေသော ဒေါင်းမာတာကို
သည်လိုအကျည်းတန်အမှုများအတွက် မှတ်ချက်တစ်ခုခုအား
ထိရောက်ပြင်းထန်စွာ ချလေမလားရယ်ဟု
ခိုးလိုးခုလုဖြင့် မျှော်ကြသောဟူသည်
မအံ့သြကြပါနှင့်။
မည်သို့ပင်ဖြစ်စေ နိုင်ငံသားအပေါင်းတို့လည်း
ကိုယ့်ကို စောင့်ရှောက်ဖော်မရဘဲ
ကိုယ့်ကိုသာ ကြွေးဆပ်တော်မူစေချင်သော
မဟာအစိုးရမင်း၏ အကြမ်းဖက်မှုဘေးမှ
အမြန်ကင်းလွတ်ကြပါစေသတည်း။ ။
ပြောင်းဖူးရိုး