ဂုဏ်သိက္ခာဟု အမည်ပေးထားသည့် မကဒတ(မြောက်ပိုင်း) အစီရင်ခံစာ မပြည့်စုံသေး

၁၉၉၁-၉၂ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးမြောက်ပိုင်း (မကဒတ-မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မကဒတ ဗဟိုက ဂုဏ်သိက္ခာဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်စောင်ကို မတ်လ ၁၅ ရက်က House of Memories စားသောက်ဆိုင်တွင် နံနက် ၁၀ နာရီခန့်က သတင်းစာရှင်းလင်းပွဲလုပ်ကာ ထုတ်ပြန်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်စတိုဖ်ဘာဂျီနာက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ခရစ်စတိုဖ်ဘာဂျီနာက “စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေဟာ အတိတ်က ခါးသီးတဲ့ အတွေ့ အကြုံတွေကို ပြန်ပြောဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်၊ သက်ဆိုင် ခဲ့တဲ့ အဖွဲ့အစည်းတွေကလည်း တစ်ပါတည်းအနေနဲ့ မိမိတို့ အတိတ်က ပြုလုပ်ခဲ့တဲ့ ဆိုးဝါးတဲ့လုပ်ရပ်အပေါ်မှာ တာဝန်ခံမှုကို ပြုလုပ်ခဲ့မယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိမှာပါ” ဟု ပြောကြားခဲ့သည်။ ABSDF မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား စုံစမ်းစစ်ဆေးရခြင်းကြောင့် ABSDF အနေနှင့် များစွာနာကျင်ခဲ့မှာ ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

မြောက်ပိုင်းတွင် ကိုယ်တိုင်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ကိုဘိုဘိုကတော့ အစီရင်ခံစာသည် မိမိတို့မျှော်မှန်းထား သလောက် ပြည့်စုံမှုမရှိကြောင်းကို ထုတ်ဖော်ပြောပြသည်။ အသက်ရှင်ကျန်ရစ်သူများအနေနှင့် ထောက်လှမ်းရေး ဟုတ်၊ မဟုတ်ကို အချိန်က အဆုံးအဖြတ်ပေးမှာဖြစ်သော်လည်း သေဆုံးခဲ့သူများအား ကျောင်းသားအစစ် ဖြစ်ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ရေးသားစေချင်သည်ဟုဆိုသည်။ ကိုဘိုဘိုက “သေဆုံးသွား တဲ့လူတွေရဲ့ နောက်ဆုံးမှာခဲ့တဲ့ စကားက သူတို့ဟာ ကျောင်းသားစစ်စစ်ဖြစ်တယ်ဆိုတာကို ရှင်းပေးဖို့ တောင်းဆိုသွားတယ်။ ဒါကြောင့် အစီရင်ခံစာမှာ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြစေချင်တယ်” ဟု တောင်းဆိုခဲ့သည်။

သို့သော် အစီရင်ခံစာရေးသားရာတွင် အဓိကပါဝင်ခဲ့သည့် ကိုကျော်ကျော်လင်းက “ဒီရဲဘော်တွေ သူလျှို ဟုတ်၊ မဟုတ် မမေး ပါဘူး။ ကျွန်တော်တို့ မေးတဲ့မေးခွန်းက ခင်ဗျားတို့မှာ ဘယ်လိုသက်သေတွေ ရှိခဲ့လဲဆိုတာကိုပဲ မေးပါတယ်။ နောက် ဘယ်လို အခြေအနေတွေအောက်မှာ ဒီလူတွေက ဒီလိုသက်သေထွက်ချက်တွေပေးတာလဲ ဆိုပြီး မေးခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ သိခဲ့ရတာက စစ်ဆေးမေးမြန်းရာကနေ ရတဲ့ထွက်ချက်ကို သက်သေအဖြစ်ယူတယ်။ စစ်ဆေးမေးမြန်းရာမှာလည်း တော်တော် လေးကို ထူးထူးခြားခြား နှိပ်စက်ပြီး မေးမြန်းခဲ့တယ်လို့ သိခဲ့ရတယ်။ ဒါကြောင့် လူတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး မေးလို့ရခဲ့တဲ့ သက်သေက ဘယ်လောက်မှန်ကန်မှာလဲ” ဟု ပြောကြားခဲ့သည်။

အစီရင်ခံစာကို ရေးသားရာတွင် လူ့အခွင့်အရေးရှုထောင့်မှနေပြီး အစီရင်ခံ တင်ပြခြင်းဖြစ်သည်ဟု အမှန်တရားနှင့် တရား မျှတရေးကော်မတီ အဖွဲ့ခေါင်းဆောင် ကိုမြင့်ဦးက ပြောကြားသည်။ ၂၀ဝ၈ ခုနှစ် ဗဟိုကော်မတီအစည်းအဝေးတွင် မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အား တစ်ချိန်တွင် ရှင်းလင်းရမည်ဟု သဘောတူညီခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် အမှန်တရားနှင့် တရားမျှတရေးကော်မတီ (TJC) ကို စတင်ဖွဲ့စည်းခဲ့သည်။

ထိုသို့ဖွဲ့စည်းပြီးနောက် သက်ဆိုင်သူများဖြစ်သည့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူများ၊ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ များ၏ မိသားစုဝင်များ၊ ညှဉ်းပန်းနှိပ်စက်သူများဟု စွပ်စွဲခံခဲ့ရသူများနှင့် လိုက်လံတွေ့ဆုံကာ မေးမြန်းစုံစမ်းခဲ့သည်။ ကော်မတီက လူပုဂ္ဂိုလ်စုစုပေါင်း ၆၂ ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။ ထို ၆၂ ဦးတွင် အသက်ရှင်ကျန်ခဲ့သူ ၃၅ ဦး၊ မျက်မြင် သက်သေ ၄ ဦး၊ သတ်ဖြတ်ခံရသူများ၏ မိသားစုဝင် ၁၀ ဦး၊ ABSDF ဗဟိုမှ ခေါင်းဆောင် ၃ ဦး၊ ဖေဖော်ဝါရီလ ၁၂ ရက် ကျောင်းသားရဲဘော် ၁၅ ဦးကို သေဒဏ်ချမှတ် ရာတွင် ပါဝင်ခဲ့သည့် လူ ၈ ဦးရှိခဲ့ရာ ထိုလူများထဲမှ ၅ ဦး၊ ABSDF မြောက်ပိုင်း၏ တပ်ရင်းမှူး ၁ ဦး၊ သေဆုံးသူများ၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ၆ ဦးတို့ကို မေးမြန်းခဲ့သည်။

အကန့်အသတ်နှင့် စိန်ခေါ်မှုပြဿနာများ

ကော်မတီအနေနှင့် ၂၀၁၂ ခုနှစ်ကတည်းက ကော်မတီဖွဲ့စည်းခဲ့သော်လည်း ထိုအချိန်က ပြည်တွင်းသို့လာရောက် ခွင့် မရှိသဖြင့် ကာယကံရှင်များထံသို့ Email ဖြင့်သာ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ကိုကျော်ကျော်လင်းက “မြောက်ပိုင်းကိစ္စ ဖြစ်တော့ ကျွန်တော်တို့က တောင်ပိုင်းမှာနေတဲ့ သာမန်ရဲဘော်တွေပါ။ သူတို့ကို မသိပါဘူး။ အဲဒီလိုပဲ သူတို့ကလည်း ကျွန်တော် တို့ကို မသိပါဘူး။ အစပိုင်းမှာ သူတို့က ကျွန်တော်တို့ကို မယုံကြည်ဘူး။ ယုံကြည်စရာလည်း မရှိပါဘူး။ ကျွန်တော်တို့ ကော်မတီအနေနဲ့ ပြည်တွင်းကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ လာလို့ရတာပါ။ အဲဒီတော့မှ စတင်ပြီး တွေ့ဆုံမေးမြန်းလို့ ရခဲ့ပါ တယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိနိုင်ငံရေးအခြေအနေအရလည်း တွေ့ဆုံမေးမြန်းရာတွင် အခက်အခဲရှိသည်ဟုဆိုသည်။ မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် အစပိုင်း၌ မိသားစုဝင်များ၏ ငြင်းပယ်မှုကိုလည်း ခံစားခဲ့ရသည်ဟု ဆိုသည်။

မြောက်ပိုင်းဖြစ်စဉ်တွင် အဓိကတာဝန်ရှိသည့် အုပ်စုတစ်ခုဖြစ်သည့် မြောက်ပိုင်းထောက်လှမ်းရေး တပ်ဖွဲ့ဝင်များနှင့် လုံးဝတွေ့ဆုံခွင့် မရခဲ့ဟုလည်း ပြောကြားသည်။ ထိုထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် စစ်ကြောရေးကို ကိုယ်တိုင် ပြုလုပ်ခဲ့သူများ၊ စစ်ကြောရေးလုပ်နေစဉ် မျက်မြင်သက်သေရှိသူများလည်း ဖြစ်သည်ဟုဆိုသည်။ ထိုယူနစ်အဖွဲ့ဝင်များ၏ သတင်းအစအနကို ရှာမရဖြစ်နေကြောင်းကိုလည်း ပြောပြသည်။ ကိုကျော်ကျော်လင်းက “ကျွန်တော်တို့ ထောက်လှမ်းရေး ယူနစ်အဖွဲ့ဝင်တွေကို လိုက်ရှာတယ်။ ဖားကန့်မှာလိုလို၊ မြစ်ကြီးနားမှာ လိုလိုနဲ့ ရှာလို့မတွေ့ခဲ့ဘူး။ သူတို့နဲ့တွေ့နိုင်ခဲ့ရင် ဒီထက်ပိုစုံတဲ့ သတင်းအချက်အလက်တွေကို ရနိုင်မှာပါ” ဟုဆိုသည်။

အစီရင်ခံစာ အကျဉ်းချုပ်

အစီရင်ခံစာအကျဉ်းချုပ်တွင် ၁၉၈၈ ခုနှစ် စက်တင်ဘာလ၌ စစ်တပ်မှ အာဏာသိမ်းပြီးချိန်တွင် ကျောင်းသား လူငယ်များသည် လက်နက်ကိုင်တိုက်ပွဲဝင်ရန်အတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ ရောက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဒေသအသီးသီးမှ ရောက်လာသည့် ကျောင်းသား ကိုယ်စားလှယ်များဖြင့် KNU ထိန်းချုပ်ရာ ကော့မှူးရာ စခန်းတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ကချင်ဒေသ KIA ထိန်းချုပ်ရာ နယ်မြေတွင်လည်း မကဒတ ကချင်ကိုဖွဲ့စည်း ခဲ့သည်။ နောက်ပိုင်းတွင် အခြားဒေသမှ ကျောင်းသားများရောက်ရှိလာသဖြင့် မကဒတ မြောက်ပိုင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မကဒတမြောက်ပိုင်းတွင် ၁၉၉၁ ခုနှစ် သြဂုတ်လမှ စတင်ကာ စခန်းအတွင်း သူလျှိုများ ဝင်ရောက်နေ သည်ဟူသော သံသယ ကြီးထွားလာခဲ့ပြီးနောက် တပ်ဖွဲ့ဝင်အချို့အား သူလျှိုဖြစ်နိုင်သည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထိုသို့ ဖမ်းဆီး စစ်ဆေးစဉ် သူလျှိုဟု ဝန်မခံပါက ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ် စက်ခဲ့သည်။ ရင်ဘောင်စခေါ် ကတ္တရာပါသည့် ပလတ် စတစ် အစအား မီးရှို့ကာ ခန္ဓာကိုယ်ပေါ်သို့ အစက်ချခြင်း၊ ကျဉ်စက်ဖြင့် ခန္ဓာကိုယ်အနှံ့ တို့ထိခြင်း၊ ခြေလက်အင်္ဂါများတွင် မိုင်းကပ်ကာခွဲခြင်း၊ ဓားဖြင့်မွှန်းခြင်း၊ ပြင်းပြင်းထန်ထန် ရိုက်နှက်ညှဉ်းပန်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။

စုစုပေါင်း ၁၀၆ ဦးအား သံသယဖြင့် ဖမ်းဆီးညှဉ်းပန်းခဲ့သည်။ စစ်ဆေးနေစဉ် လူ ၂၀ ခန့် သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြောက်ပိုင်း ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကျောင်းသား ၁၅ ဦးအား ကွပ်မျက်ခဲ့သည်။ အစီရင်ခံစာတွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းအပေါ် (၁) တင်းကျပ်သည့် အထက်အောက် အုပ်ချုပ်မှုပုံစံကို ကျင့်သုံးခြင်း၊ (၂) စစ်ပုံစံအလေ့အထ တင်းကျပ်ခြင်း၊ (၃) အချင်းချင်းအကြား ယုံကြည်မှုနည်းပါးခြင်း၊ ဒေသစွဲ၊ ဂိုဏ်းဂဏစွဲကြီးခြင်း၊ (၄) စစ်ရေးခေါင်းဆောင် များထံ လုပ်ပိုင်ခွင့် အလွန်အကျူးပေးအပ်ထားခြင်း၊ (၅) ပြင်ပနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးခြင်း၊ (၆) လူ့အခွင့်အရေးကို နားမလည်သဖြင့် လေးစားလိုက်နာမှု မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ထားသည်။

အခြားဖြစ်နိုင်ခြေတစ်ခုအဖြစ် ကွပ်မျက်ခံခဲ့ရသည့် ကိုချိုကြီး၏ ညီမဖြစ်သူ မသင်းသင်းဝင်းက “ဒီကိစ္စတွေ ဘာကြောင့်ဖြစ်ရ တာလဲဆိုတာကို အစ်မက အမြဲတမ်း ဆန်းစစ်ခဲ့ပါတယ်။ အစ်မရဲ့အစ်ကိုက ကျောင်းသား အစစ်တစ်ယောက်ပဲ။ တကယ့်ကို ကျောင်းသားစိတ်ဓာတ် ပြင်းထန်တဲ့ လူတစ်ယောက်ပဲ။ သူ့ကို ဘာအထောက် အထားနဲ့ ထောက်လှမ်းရေးလို့ စွပ်စွဲတာလဲ။ အစ်မထင်တာကတော့ စစ်အစိုးရရဲ့ သပ်လျှိုမှုနဲ့ တစ်ဖက်မှာ သူတို့ရပ်တည်နေရတဲ့ အဖွဲ့အစည်းရဲ့ အပေးအယူတွေကြောင့် အစ်မရဲ့အစ်ကို အသက်ဆုံးရှုံးရတာလို့ထင်တယ်” ဟု ဆိုသည်။ ထိုအချိန်က KIA နှင့် မြန်မာ့တပ်မတော် ငြိမ်းချမ်းရေး ရယူရန် တွေ့ဆုံဆွေးနွေးနေချိန် လည်းဖြစ်သည်။ ထို့နောက် ဆက်လက်ပြီး “အစ်မရဲ့အစ်ကိုတွေ အသတ်ခံရတာက ရိုးရှင်းတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် အပေးအယူတွေကြောင့်ပါလို့ အစ်မက အတိအလင်းပြောချင်ပါတယ်” ဟု ဝေဖန်ခဲ့သည်။

တိတိကျကျ ဖော်ပြပေးထားသည့် တာဝန်ရှိသူစာရင်း

မကဒတမြောက်ပိုင်း စစ်သင်တန်းအမှတ်စဉ် (၁) ကို ကျောင်းသား ၁၀ဝ ခန့် တက်ရောက်ခဲ့သည်။ ထိုကျောင်းသားများထဲမှ ခေါင်းဆောင် ၄ ဦးအား ဦးဆောင်ကော်မတီအဖြစ် ဖွဲ့စည်းခဲ့သည်။ ၄င်းတို့မှာ (၁) နိုင်ဝင်းအောင် (ခ) ဂျိုးဖြူ (မိုးကောင်း)၊ (၂) ကချင်ကျော်ကျော် (မြစ်ကြီးနား)၊ (၃) စောမင်းအောင် (ခ) ဗိုလ်စော (ရွှေကူ)၊ (၄) ဂမ်ဘလီ (ဗန်းမော်)၊ (၅) သံချောင်း (မိုးညှင်း) တို့ဖြစ်သည်။

ထို့နောက် ကချင်ပြည်နယ်မှ ကျောင်းသားများသာ ဝင်ရောက်ရွေးချယ်ခံ ခွင့်ပြုသည့် ဗဟိုကော်မတီဝင်များကို ရွေးကောက် တင်မြှောက်ခဲ့သည်။ ရွေးကောက်တင်မြှောက်ခံခဲ့ရသူများမှာ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များအဖြစ် လွှမ်းမိုး၊ လှဌေး၊ နေဒွန်း တို့ဖြစ်ပြီး ဗဟိုကော်မတီဝင်များမှာ ဥက္ကဋ္ဌ ကျော်ကျော်၊ စစ်ရေးတာဝန်ခံ သံချောင်း၊ အထွေထွေအတွင်းရေးမှူး မျိုးဝင်း၊ ဘဏ္ဍာရေးမှူး အောင်ကြီး၊ အဖွဲ့ဝင်များအဖြစ် စိန်အေး၊ ဇော်ဝင်းချစ်၊ တူးတူး၊ ခင်မောင်ဝင်း၊ အောင်မိုးကျော်၊ စောယဉ်ထွေး၊ သန်းဇော်၊ မောင်ထွေး (အောင်ထွေး) တို့ဖြစ်သည်။

ထို့နောက် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် မန္တလေး၊ ရန်ကုန်မြို့များမှ ကျောင်းသားများ ကချင်ပြည်နယ်ဘက်သို့ တောခိုလာကြသဖြင့် ၁၉၉၀ ပြည့်နှစ် ဇွန်လမှစတင်ကာ ဗဟိုကော်မတီကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထို့နောက် ပြန်လည် ရွေးကောက်တင်မြှောက်ရာတွင် ဥက္ကဋ္ဌမှာ ကိုထွန်းအောင်ကျော် ဖြစ်လာခဲ့သည်။ ဒု-ဥက္ကဋ္ဌ (၁) အဖြစ် သံချောင်း၊ (၂) ဒု-ဥက္ကဋ္ဌ (၂) အဖြစ် ကျော်ကျော်၊ ဒု-ဥက္ကဋ္ဌ (၃) အဖြစ် သံလွင်၊ အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင်၊ တွဲဖက်အတွင်း ရေးမှူး (၁) မျိုးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) လဆိုင်း၊ ဗဟိုကော်မတီဝင် စီးပွားရေးဌာန နေဒွန်း၊ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးဌာန အောင်ကြီး အပါအဝင် ၁၉ ဦးအထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

မြောက်ပိုင်းထောက်လှမ်းရေး ယူနစ်အဖွဲ့ဝင်များမှာ အောင်စိုးမြင့်၊ ကျော်ထင်ဦး၊ ဖိုးနှောင်း၊ သန်းဇော်၊ သက်လင်း၊ ဇော်ဇော်မင်းတို့ဖြစ်သည်။

မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်ပြီး မကဒတ ဗဟိုမှ ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် အတွင်းရေးမှူး အောင်ထူးတို့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် မြောက်ပိုင်းသတ်ဖြတ်မှုက မှန်ကန် ကြောင်းနှင့် သေဆုံးသူများမှာ ထောက်လှမ်းရေးများဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မိမိ တာဝန်ယူကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ယနေ့အထိ ဒေါက်တာနိုင်အောင်မှာ မည်သို့မျှ ပြန်လည် ဖြေရှင်းခဲ့ခြင်းမရှိပေ။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ကိုကျော်ကျော်လင်းက “ဒေါက်တာနိုင်အောင်နဲ့ ဦးအောင်ထူးတို့ ကတော့ သူတို့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး သူတို့တာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

ယခုထုတ်ပြန်သည့် အစီရင်ခံစာနှင့်ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ခဲ့သည့် ကိုကျော်ကျော်လင်းက “ကျွန်တော်တို့ အစီရင် ခံစာက ကိုယ့်အကြောင်းကို ကိုယ်ပြန်ပြောတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ ကိုယ်ရင်ဆိုင်ခဲ့ရတဲ့ အတိတ်ကို ရိုးသားစွာ ပြန်လည် ပြောပြတာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်” ဟုဆိုသည်။

အစီရင်ခံစာတွင် အကြံပြုချက်များကို ထည့်သွင်းထားသည်။ မကဒတသို့ ပေးထားသည့် အကြံပြုချက်မှာ (က) ထိခိုက် နစ်နာခဲ့သူများ၊ သေဆုံးသူများ၏ မိသားစုဝင်များအတွက် ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ထောက်ပံ့ ပေးရန်၊ (ခ) နစ်နာခဲ့ရသည့် ရဲဘော်များကို တပ်ဖွဲ့ဝင် အဆင့်အတန်း ပြန်လည်သတ်မှတ်ပေးရန်၊ (ဂ) မကဒတ (မပ) ဗဟိုကော်မတီဝင်နှင့် တာဝန် ရှိသူများမှ တစ်ဦးချင်းအလိုက် တရားဝင်တောင်းပန်ရန်၊ (ဃ) ဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ မည်သူ့ကိုမဆို နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခြင်းမှ ရုပ်သိမ်းခြင်း၊ တားမြစ်ခြင်းဖြင့် အရေးယူဆောင်ရွက်ရန်တို့ဖြစ်သည်။ ထို့အပြင် အစိုးရနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကိုလည်း အကြံပြုခဲ့သည်။

ထို့အပြင် သေဆုံးခဲ့သည့် ၃၆ ယောက်အား မကဒတ (ABSDF) ကျဆုံး ရဲဘော်စာရင်းတွင် ထည့်သွင်းထား သည်ဟု ကော်မတီဝင်များက ပြောကြားခဲ့သည်။

ဝ၈၈

Leave a Reply

Your email address will not be published. Required fields are marked *