တရားဥပဒေစိုးမိုးရေးဆိုင်ရာနိုင်ငံတကာအဆင့် လိုအပ်ချက်များ

တရားဥပဒေစိုးမိုးရေးဆိုတဲ့သဘောထား စတင်ပေါ်ထွက်လာတာက နိုင်ငံတော်အဆင့်မှာဖြစ်ပါတယ်။ အစဉ်အလာအရ နိုင်ငံ တကာအဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းခဲ့ခြင်းမရှိပါဘူး။ သို့ပေမယ့် ၂၀ ရာစု နှောင်းပိုင်းကာလမှာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံရေးစနစ်များကိုလည်း လေးစားလိုက်နာသင့်ကြောင်း၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းက လက်ခံလာခဲ့ကြပါတယ်။ နိုင်ငံ တကာအဆင့် တရားဥပဒေစိုးမိုးရေး သဘောတရားအရ နိုင်ငံတကာဥပဒေကို တိုင်းပြည်များနဲ့ နိုင်ငံတကာအဖွဲ့အစည်း များက လေးစားလိုက်နာရမှာဖြစ်ပြီး၊ အချို့သောကိစ္စရပ်များမှာ တစ်ဦးချင်းစီနဲ့ ပရိုက်ဗိတ် အစုအဖွဲ့များနဲ့ပါ သက်ဆိုင် ပါတယ်။

နိုင်ငံတော်အဆင့် ဥပဒေစနစ်၊ နိုင်ငံရေးစနစ်များနဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းအကြားမှာ ခြားနားမှုတွေရှိပါတယ်။ နိုင်ငံ တကာလူ့အဖွဲ့အစည်းမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံပေါင်း (၁၉၀) ကျော်ရှိပြီး၊ Intergovernmental Organizations (IGOs) အဖွဲ့အစည်းများလည်း အများအပြားရှိပါတယ်။ တိုင်းပြည်များနဲ့ ဒီအဖွဲ့အစည်းများရဲ့ အထက်မှာ ကမ္ဘာ့အစိုးရဆိုတာမရှိပါ ဘူး။ ဥပမာအားဖြင့် နိုင်ငံတော်အဆင့်မှာ ဥပဒေတွေကို ချမှတ်ရေးဆွဲတာက နိုင်ငံတော်ရဲ့ အာဏာယန္တရားများဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှာတော့ ဒီလိုဗဟိုအာဏာ ယန္တရားများမရှိပါဘူး။ နိုင်ငံတကာ ဥပဒေပြု ရေးအာဏာကို နိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက ဘုံအနေနဲ့ ကိုင်တွယ်ထားကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေမှာ Customary Law နဲ့ Treaty Law ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဓလေ့ထုံးတမ်းဥပဒေ (Customary Law) မှာ နိုင်ငံများအကြား အသိအမှတ်ပြုထားတဲ့ နိုင်ငံတော်ကျင့်ထုံးများ ပါဝင်ပါတယ်။ ဒါကြောင့် Customary Law ဟာ နိုင်ငံများအနေနဲ့ ဒီလိုကျင့်ထုံးများကို လက်ခံကျင့်သုံးခြင်း ရှိ၊ မရှိဆိုတာပေါ် မူတည်ပြီး၊ ထုံးတမ်းစဉ်လာတစ်ခုကို နိုင်ငံများက လက်မခံတော့တာနဲ့ တစ်ပြိုင်နက်တည်း ဒီဥပဒေကလည်း အလိုလို Treaty Law ကတော့နိုင်ငံများအကြား သဘောတူညီချက်များအပေါ် လေးစားလိုက်နာ မှုဖြစ်ပါတယ်။ ဒီအထဲမှာ နှစ်နိုင်ငံကြား သဘောတူစာချုပ်များ (Bilateral Treaties) နဲ့ နိုင်ငံများအကြား သဘောတူစာချုပ်များ (Multilateral Treaties) ပါဝင်ပါ တယ်။

နိုင်ငံတကာ လူ့အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့နိုင်ငံအများစုက သဘောတူလက်ခံထားတဲ့ Treaties များကို Customary International Law အဖြစ် သတ်မှတ်ကြပါတယ်။ ဥပမာအားဖြင့် The Vienna Conventions on Diplomatic and Consular Relations နဲ့ The 1949 Geneva Conventions တွေကို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအဖြစ် သတ်မှတ်ထားကြပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အချို့သဘောတူ စာချုပ်များကိုတော့ သက်ဆိုင်ရာဒေသအလိုက် အဓိပ္ပာယ်ပြန်ဆို ဖွင့်လှစ်မှုများရှိပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာတရားရုံး များဖြစ်တဲ့ European Court of Human Rights နဲ့ The Inter-American Court of Human Rights တို့အပြင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များဖြစ်တဲ့ United Nations Committee on the Elimination of Discrimination Against Women စတာတွေမှာ ဒီလိုသဘောတူစာချုပ်များကို အဓိပ္ပာယ်ဖွင့် ဆိုနိုင်တဲ့ Case-law နဲ့ အကြံပြုချက်များပါဝင်ပါတယ်။

နိုင်ငံတော်အဆင့်မှာ အရေးယူဆောင်ရွက်မှု၊ ပြစ်ဒဏ်ပေးမှုတွေအားလုံးကို နိုင်ငံတော်က တာဝန်ရှိပါတယ်။ နိုင်ငံတကာ အဆင့်မှာတော့ ရဲတပ်ဖွဲ့နဲ့ ပြစ်ဒဏ်ပေး အရေးယူအဖွဲ့အစည်း မရှိပါဘူး။ အရေးယူဆောင်ရွက်မှုဟာ နိုင်ငံတွေအပေါ်မှာပဲ မူတည်ပါတယ်။ မည်သို့မည်ပုံ အရေးယူမလဲဆိုတာကို နိုင်ငံတွေကပဲ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့် တရားဥပဒေစိုးမိုးရေးမှာ အများသိမှုနဲ့ ရှင်းလင်းမှုက အဓိကကျပါတယ်။ နိုင်ငံတော်အဆင့်နဲ့ ဒီလိုအပ် ချက်မှာ ကွာခြားမှုမရှိဘူးဆိုပေမယ့် နိုင်ငံတကာအဆင့်ကတော့ ပိုပြီးခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ အဆင့်မှာ ဥပဒေများရဲ့ လူအများသိမှု၊ သေချာမှုနဲ့ ရှင်းလင်းမှုကို ဖော်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ ဗဟိုဥပဒေပြုအဖွဲ့ မရှိတဲ့ အတွက်ဘဲ ဖြစ်ပါတယ်။ ဗဟိုဥပဒေပြုအဖွဲ့ ရှိရမယ့်အစား သဘောတူညီချက်စာချုပ်များချုပ်ဆိုခြင်း၊ ဓလေ့ထုံးတမ်းများ လိုက်နာခြင်း စတာတွေ လုပ်ဆောင်ရမယ့် နိုင်ငံများစွာကသာ ဥပဒေရေးရာ ရှင်းလင်းမှုအတွက် တာဝန်အဓိကယူရတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က နိုင်ငံတကာစာချုပ်စာတမ်းများဟာ အပေးအယူ၊ အလျှော့အတင်းပြုမှုအပေါ် အခြေခံတဲ့အတွက် ရံဖန်ရံခါ ရှင်းလင်းမှု ရှိချင်မှ ရှိနိုင်ပါတယ်။ အချို့ နိုင်ငံနှစ်နိုင်ငံကြားနဲ့ နိုင်ငံများအကြားက သဘောတူစာချုပ်တွေမှာ တိုင်းပြည်တွေ ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါဘူး။ Customary Law ကတော့ ယေဘုယျအားဖြင့် ပိုပြီး ရှင်းလင်းပါတယ်။ ဒါပေမဲ့ အသေးစိတ်ချမှတ်ထားခြင်းမရှိဘဲ၊ ရှုပ်ထွေးစွာ အဓိပ္ပာယ်နားလည်မှုလွဲတာတွေ ဖြစ်စေတတ်ပါ တယ်။

နိုင်ငံတကာအဆင့် တရားဥပဒေစိုးမိုးရေးရဲ့ ဒုတိယလိုအပ်ချက်ကတော့ လွတ်လပ်ပြီး၊ ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေး စနစ်ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှာ နိုင်ငံတော်အဆင့်လို တရားစီရင်ရေးဆိုင်ရာ ဗဟိုယန္တရားများပါဝင်ခြင်း မရှိတဲ့ အတွက် အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းခြင်းဆိုတဲ့အချက်ကိုသာ အထူးသဖြင့် အာရုံစိုက်ပါတယ်။ အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းခြင်းဆိုရာမှာ အမျိုးအစားနှစ်မျိုး ပါဝင်ပါတယ်။ သံတမန်ရေးရာနဲ့ ကြားနာဆုံးဖြတ်စေခြင်းတို့ပဲဖြစ်ပါတယ်။

အငြင်းပွားမှုများကို သံတမန် နည်းလမ်းနဲ့ ဖြေရှင်းရာမှာ စေ့စပ်ဆွေးနွေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းနဲ့ ရင်ကြားစေ့နည်းလမ်း များကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ သံတမန်နည်းလမ်းများက မအောင်မြင်နိုင်တဲ့အခါ ဖြစ်စေ၊ မသင့်လျော်တဲ့အခါဖြစ်စေ၊ ဘက်နှစ်ဖက်လုံးမှာ ပါဝင်ခြင်းမရှိတဲ့ တတိယအစုအဖွဲ့ တစ်ခုစီကို ဖြစ်ရပ်တင်ပြပြီး ကြားနာဆုံးဖြတ်စေခြင်း နည်းလမ်းကို အသုံးပြုတတ်ကြပါတယ်။

ဒီလိုကြားနာဆုံးဖြတ်မှုများ ပြုလုပ်စေဖို့အတွက် အမြဲတမ်းသွင်ပြင်ရှိနေတဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ တရားရုံး (၁၅) ခုရှိပါ တယ်။ ဒီတရားရုံးတွေထဲမှာ International Court of Justice, the International Tribunal for the Law of the Sea, the International Criminal Court, the European Court of Justice, the European Court of Human Rights, the Inter-American Court of Human Rights နဲ့ The African Court of Human and Peoples’ Rights စတဲ့ တရားရုံးများ ပါဝင်ပါတယ်။

နိုင်ငံတကာအဆင့် တရားဥပဒေစိုးမိုးရေးရဲ့ တတိယလိုအပ်ချက်ကတော့ လုံလောက်သော အရေးယူမှုဖြစ်ပါတယ်။ ဒီအပိုင်း ကဏ္ဍကတော့ အားနည်းချက်များ ရှိနေဆဲပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဗဟိုအရေးယူမှုများလုပ်တဲ့ အဖွဲ့အစည်းတွေ၊ အေဂျင်စီတွေ မရှိတာဘဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လုပ်ပိုင်ခွင့်နဲ့ အာဏာရှိတဲ့ အချို့သောအဖွဲ့များကတော့ ရှိပါတယ်။ ဥပမာအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီလို အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။ နိုင်ငံများအနေနဲ့လည်း ဥပဒေကြောင်း အရ Retaliatory Measures များကို အကောင်အထည်ဖော်ဆောင်လို့ ရပါတယ်။ ဥပမာအားဖြင့် စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလာခွင့် ပိတ်ဆို့မှုနဲ့ သံသမန်ဆက်ဆံရေး ဖြတ်တောက်မှု စတာတွေ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးဆိုရာမှာ လိုအပ်ချက်များကို ဖြည့်ဆည်းရုံသာမကဘဲ၊ တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက်ပြု နေသော အရာများကိုလည်း ဖယ်ရှားဖို့ လိုအပ်လှပါတယ်။

ခင်မမမျိုး

Leave a Reply

Your email address will not be published. Required fields are marked *