အကြမ်းဖက်ခြင်းနည်းလမ်းဖြင့် ငြိမ်းချမ်းရေးမရနိုင်ဟု ပြောကြား ဖမ်းဆီးထိန်းသိမ်းခံများလွှတ်ပေးရေး လမ်းပေါ်ထွက်၍ တောင်းဆိုမည်

မန္တလေး၊ မတ် ၁၅

အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းထားသူများအား အစိုးရက အမြန်ဆုံးပြန်လွှတ်ပေးရန်အတွက် မန္တလေးမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် တက္ကသိုလ်ကျောင်းသားများပူးပေါင်းပြီး မတ် လ ၂၁ ရက်မှစတင်ကာ လမ်းပေါ်ထွက်၍ ဆန္ဒပြတောင်းဆိုသွားမည်ဟု စီစဉ်သူများထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ လွှတ်မပေးမချင်း တောင်းဆိုသွားမှာပဲ။ မတရားတာကို ခေါင်းငုံ့မခံဘူးဆိုတာကို ပေါ်လွင်အောင် လုပ်တာပါ။ လာမယ့် ၂၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုမိန့်ယူပြီး ဆန္ဒဖော်ထုတ်ကြမှာပါ”ဟု FNI မှ ကိုတိုးကြီးက ပဲ့တင်သံကို ပြောသည်။

ဆန္ဒပြပွဲကို မတ်လ ၁၆ ရက် သတ်မှတ်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုချိန် ဖြစ်နေသဖြင့် ရက်ရွှေ့ဆိုင်း ပေးခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲကို ထိုနေ့နံနက် ၉ နာရီတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများအား ဥပဒေမဲ့အကြမ်းဖက်မှု ချက်ချင်းရပ်၊ ကျောင်းသားကျောင်းသူများကို ကတိမတည်သောအစိုးရမှ မတရား အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖြိုခွင်းနေ ပါသည်။ အကြမ်းဖက် နှိမ်နှင်းခြင်းအလိုမရှိ၊ ငြိမ်းချမ်းရေး ကို အကြမ်းဖက်ခြင်းဖြင့် မရယူနိုင်၊ လေးပွင့်ဆိုင် သဘောတူညီ ချက်အား လေးစားလိုက်နာရန် စသည့် အချက်ငါးချက်ပါ ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် စီတန်း လမ်းလျှောက် ဆန္ဒဖော်ထုတ်သွားမည်ဟု ပြောသည်။

လက်ပံတန်းမြို့၌ မတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့သော ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် အများ အားဖြင့် သပိတ်မှောက်ကျောင်းသားများ ရက်ရက်စက်စက်ရိုက်နှက်ခံခဲ့ရပြီး ယင်းတို့နှင့်အတူ ရဟန်းရှင်လူပြည်သူနှင့် သတင်းထောက်တချို့ပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက်တွင်လည်း အစိုးရက ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ဒေသတချို့၌ အစိုးရဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ထွက်ခဲ့သည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများအနက်မှ ကျောင်းတက်ဆဲ ကျောင်းသား ကျောင်းသူများအား အစိုးရက ပြန်လွှတ်ပေးခဲ့ပြီး ကျောင်းသားခေါင်းဆောင်များနှင့် ပြည်သူတချို့ ဆက်လက်ထိန်းသိမ်းခံရဆဲ ဖြစ်သဖြင့် ယင်းတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုရန် စီစဉ်ကြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲစီစဉ်သူများဘက်က ဆိုသည်။

ဝ၀၉

Leave a Reply

Your email address will not be published. Required fields are marked *