မြန်မာ-ထိုင်း ချစ်ကြည်ရေး အပြန်အလှန်ခရီးစဉ်လုပ်ဆောင်ခဲ့သည့်တော်ဝင်ဂါးဒင်းဟိုတယ်

ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၏ ဝင်ပေါက်တွင် ခရမ်းရောင်ချိတ် တူညီဝတ်စုံလေးများနှင့် တော်ဝင် ဂါးဒင်းဟိုတယ် ဝန်ထမ်းပျိုမေများက ဟိုတယ်ထဲသို့ဝင်လာသည့် ပျော်ရွှင်နေသော လူငယ်တစ်စုအား ဖြူဖွေးမွှေးမြသော ပန်းကုံးများဖြင့် လှိုက်လှဲစွာ ကြိုဆိုနေကြသည်။

မတ်လ ၁၃ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်သို့ ရောက်ရှိလာသည့် ထိုင်းနိုင်ငံမှ ဧည့်သည်များကို ခရီးဦးကြိုကြခြင်းဖြစ်သည်။ တော်ဝင်ဂါးဒင်းဟိုတယ်က ထိုင်းနိုင်ငံရှိ Grammy Public Company နှင့် ပူးပေါင်း၍ Fun & Friendship Experience Exchange Program ကို တော်ဝင်စင်တာ ၄ နှစ်ပြည့် အမှတ်တရ ကံစမ်းမဲဖွင့်ပွဲနှင့်အတူ ပြုလုပ်ခဲ့ပါ သည်။ တော်ဝင်စင်တာ ကံစမ်းမဲတွင် ထိုင်းနိုင်ငံ အလည်အပတ်ခရီးစဉ်နှင့် Thongchai Show အခမဲ့ကြည့်ခွင့် ကံထူးရှင် ၆ ဦးကို တော်ဝင်ဂါးဒင်းဟိုတယ်ဘက်မှ ရွေးချယ်ခဲ့ပြီး ထိုင်းနိုင်ငံ Grammy Company ဘက်မှလည်း “ပျော်ရွှင်စရာ အကောင်းဆုံး စုံတွဲဓာတ်ပုံ” ဖန်တီးနိုင်သည့် စုံတွဲ ၃ တွဲ (လူ ၆ ဦး)ကို ရွေးချယ်ကာ မြန်မာပြည်ခရီးစဉ်နှင့် Thongchai Show အခမဲ့ ကြည့်ခွင့် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာတို့၏ ခရီးစဉ်ကို မတ်လ ၁ ရက်က Thongchai Show နှင့်အတူ စတင်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အပြန်အလှန် မြန်မာပြည်ခရီးစဉ်ကို ယခု မတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ပေးနေခြင်းဖြစ်သည်။ Grammy Channel နှင့်အတူ ရောက်ရှိလာသည့် စုံတွဲဓာတ်ပုံဆုရှင် Winner ၆ ဦးကို တော်ဝင်ဂါးဒင်းဟိုတယ်က Fun & Friendship Experience Exchange Program အနေနှင့် အခမ်းအနားပြုလုပ်၍ ကြိုဆိုခဲ့သည်။ တော်ဝင်ဂါးဒင်းဟိုတယ် MD ၏ Personal Manager မအေးသူဇာ၊ တော်ဝင်ဂါးဒင်းဟိုတယ်မှ GM မမီမီစိုးနှင့် တာဝန်ရှိသူများကလည်း ထိုင်းဧည့်သည် တစ်ယောက်ချင်းစီအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထိုင်းနိုင်ငံ Grammy မှ ရွေးချယ်ခဲ့သည့် စုံတွဲ ၃ တွဲ (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး) သည် လူလတ်ပိုင်းဝန်ထမ်းများ ဖြစ်ကြပြီး Thongchai Show ကြည့်ကြစို့ဆိုသည့် Grammy Channel ၏ အစီအစဉ်တွင် ပါဝင်ဖြစ်ခဲ့ခြင်းမှာ Thongchai ကို အရမ်းကြိုက်နှစ်သက်သည့်အတွက်ဟု Winner တစ်ဦးက ပြောပြခဲ့သည်။ သူက ဆက်၍ပြောကြား သည်မှာ “မြန်မာနဲ့ ထိုင်းချစ်ကြည်ရေးအတွက် ဒီအစီအစဉ်လုပ်ဖြစ်ရတာပါ။ ဒီတစ်ခေါက် မြန်မာပြည်ခရီးစဉ်မှာ ဘုရား ဖူးမယ်။ ဗိုလ်တထောင်ဘိုးဘိုးကြီး ဖူးမယ်။ အရင်ကတော့ တစ်ခေါက်မှ မရောက်ဖူးဘူး” ဟုဆိုသည်။

ယခင်က မြန်မာပြည်သို့ ဘုရားဖူးခရီးစဉ်၊ အလည်အပတ်ခရီးစဉ် ရောက်ရှိခဲ့ဖူးသည့် ထိုင်း ညီမငယ်လေးက မြန်မာပြည်နှင့် ပြည်သူများအပေါ် သဘောထားနှင့် အမြင်ကိုမေးကြည့်ရာ “မြန်မာပြည်ဟာ ဘုရားတွေနဲ့ သပ္ပာယ်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ပြီးတော့ လူဖြစ်တဲ့တစ်ဘဝမှာ မြန်မာပြည်ကို ရောက်ချင်တယ်” ဟုလည်း ပြောပြခဲ့သည်။ ထိုင်းလူမျိုးများအတွက် မြန်မာပြည်ခရီးစဉ်တွင် ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ၃ ရက်တည်းခိုပြီး ဟိုတယ်၏ အစီအစဉ်ဖြင့် ရန်ကုန်၊ သန်လျင်၊ ပဲခူး စသည့် အထင်ကရနေရာများသို့ လိုက်ပါပို့ဆောင် ပေးခဲ့သည်။

မြန်မာခရီးစဉ်နှင့် ပတ်သက်၍ MD ၏ Personal Manager မအေးသူဇာက ပြောကြားရာတွင် “သူတို့က မတ်လ ၁၃ ရက်ရောက်တယ်။ ၁၅ ရက်နေ့ ပြန်တယ်။ ခရီးစဉ်က ၃ ရက်ခရီးစဉ်ပေါ့။ ပထမတော့ သူတို့က ခြောက်ထပ်ကြီးဘုရား သွားဖို့ပဲ။ ဒါပေမဲ့ လေယာဉ်ချိန်ကလည်း နောက်ကျသွားတော့လေ။ ကျွန်မတို့ ဒီဘက်ကသွားခဲ့တဲ့ မြန်မာအဖွဲ့တွေကိုလည်း ထိုင်းဘက်မှာ ကြိုဆိုပွဲလေးလုပ်ပေးတော့ ကျွန်မတို့ကလည်း အပြန်အလှန်အနေနဲ့ Winner တွေကို ကြိုဆိုဧည့်ခံပွဲလေး လုပ်ပေးတာပါ။ ပြီးတော့ ရန်ကုန်ထဲသွားကြတယ်။ ဗိုလ်ချုပ်ဈေးတို့၊ ဘာတို့ပေါ့။ နောက်တစ်နေ့ ကျတော့ သန်လျင်ရေလယ် ဘုရားသွားတယ်။ ပြီးတော့ ပဲခူးကမ္ဘောဇသာဒီနန်းတော် သွားကြတယ်။ ရန်ကုန်ထဲ အလည်အပတ်ခရီးတွေလည်း ပါတာပေါ့။ ဒီခရီးစဉ်မှာ သူတို့ဘက်က A Time Traveller ပေါ့။ Grammy Public Company လက်အောက်ကပေါ့။ သူတို့နဲ့ ဟိုတယ်ပူးပေါင်းတာပေါ့။ Travel က ဟိုတယ်ကို ဘိုကင်လုပ်တယ်။ ကျွန်မတို့ တော်ဝင်ကလည်း ဧည့်ဝတ်ကျေအောင် ပြုစုရတာပေါ့” ဟုဆိုသည်။

ထို့ပြင် တော်ဝင်ကံစမ်းမဲ ထိုင်းခရီးစဉ် ကံထူးရှင် ၅ ဦး၊ Tour Leader တစ်ဦးတွင် Tour Leader အဖြစ် လိုက်ပါခွင့်ရ သွားခဲ့သည့် အေးချမ်းမိုးက “ညီမက တော်ဝင် Customer တွေအတွက် လုပ်ပေးတဲ့ ကံစမ်းမဲပေါက်သူ ၅ ဦးထဲက မဟုတ်ဘူး။ တော်ဝင်က Miss ၅ ဦးရှိတယ်။ အဲဒီ ၅ ဦးထဲကမှ တစ်ဦးကိုမဲနှိုက်ပြီးရွေးတော့ ညီမ ပေါက်သွားတယ်။ Tour Leader အဖြစ် လိုက်ခဲ့ရတာပေါ့။ Show ပွဲကြည့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ သူတို့ Stage စင်ကြီးက အရမ်း ကျယ်တယ်။ ပြီးတော့ ရုံကြီးကလည်း အကြီးကြီးပဲ။ ဝင်ပေါက်တွေကလည်း အများကြီးပဲ။ သုဝဏ္ဏကွင်းလို အဆင့်ဆင့်တွေနဲ့။ စင်ကကျယ်တဲ့အပြင် အရှေ့ကို One Way ထုတ်ထားတာလည်း အကျယ်ကြီးပဲ။ ပြီးတော့ အဲဒီ One Way မှာမှ အတက်၊ အလက်တွေထုတ်ထားတာလည်း အများကြီးပဲ။ Lighting တွေ၊ Music တွေ လုပ်ထားတာကလည်း အရမ်းမိုက်တယ်။ တီးလုံးနဲ့အလိုက် ဒိန်း၊ ဒိန်း ဆိုပြီး Lighting တွေ ပြောင်းသွားပုံက ကြည့်ရတဲ့သူအနေနဲ့ Exciting လည်း ဖြစ်တယ်။ ကြည့်ရတဲ့သူအနေနဲ့လည်း အရမ်းတန်တယ်။ သူတို့အသက်က ၅၀ ကျော်လို့ပြောပေမယ့် အသက် ၂၀ ကျော်အရွယ် လူငယ်တွေ တင်ဆက်နေသလိုပဲ ခံစားရတယ်။ Performance တွေကအစပေါ့။ ဆိုရင်းနဲ့ ခံစားချက်တွေ ပါပါတယ်။ MTV တစ်ပုဒ်ကြည့်ရသလို ခံစားရတယ်” ဟု အတွေ့အကြုံကို ပြောပြခဲ့သည်။

တော်ဝင်ဂါးဒင်းနှင့် Grammy တို့ ပူးပေါင်းပြုလုပ်သည့် Fun & Friendship Experience Exchange Program တွင် ထိုင်းနာမည်ကျော် တေးသံရှင် Thongchai ၏ မြန်မာပြည်ခရီးစဉ်လည်း ပါဝင်သည်။ Thongchai က မတ်လ ၂၉ ရက် နေ့လယ်တွင် မြန်မာပြည်သို့ ရောက်ရှိမည်ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့အထိ ဟိုတယ်တွင် နေထိုင်မည်ဟု သိရသည်။ မြန်မာပြည်တွင်ရောက်ရှိနေသည့် အချိန်အတွင်း ထိုင်းနိုင်ငံမှ Preaw Magazine အတွက် Fashion ဓာတ်ပုံရိုက်ကူးမှုကို ဆောင်ရွက်မည်ဖြစ်သည်။ ” Thongchai က မြန်မာဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ ဒီဇိုင်နာ မင်းသက်စံနဲ့ ချုပ်ထားတယ်။ ကာလာတွေကတော့ Thongchai ကြိုက်တဲ့ကာလာတွေ လုပ်ပေးထားတာပေါ့။ ဒီတော်ဝင်ဂါးဒင်း ဟိုတယ်မှာနေမယ်။ ဒီတော်ဝင်ဂါးဒင်းဟိုတယ်မှာ ဓာတ်ပုံရိုက်မယ်” ဟုလည်း အေးသူဇာက ဆိုသည်။ မတ်လ ၁၃ ရက်မှ ၁၅ ရက်အတွင်း ထိုင်းနိုင်ငံမှ ရွေးချယ်ခဲ့သည့် Winner ၆ ဦး၏ မြန်မာပြည်ခရီးစဉ်ကို Grammy Channel မှ တောက် လျှောက်ရိုက်ကူးပြီး ပြန်လည်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ဝ၁၆

Leave a Reply

Your email address will not be published. Required fields are marked *