သင်္ကြန်မေတ္တာ သံချပ်မေတ္တာ

ခဏခဏ …မကြာမကြာ … ပြောဖူးပါတယ် …

မြစ်ဆုံကို ဖျက်သိမ်းကွယ် …

သမိုင်းလှအောင်တော့ လုပ်ကြကွယ် …

သမိုင်းမလှရင်တော့ အခက်တွေ့မယ် …

ပြည်သူများ တောင်းဆိုမှုရယ် …

သမ္မတကြီး ကြားမှာပေါ့ကွယ် …

သံသရာအဆက်ဆက် … ကမ္ဘာအဆက်ဆက် …

အမုန်းမပွားချင်ဘူးကွယ် …

အန်ကယ်စိန်ရယ် … အမြန်ဆုံးဖြတ်ပါကွယ် …

၂၀၁၅ သင်္ကြန်အတွက် ကိုယ်တိုင်ဖန်တီးထားသည့် သံချပ်သီချင်းများနှင့် ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော်မေတ္တာ၏ သင်္ကြန်ဝိညာဉ်က တလွန့်လွန့်လူးထလျက်ရှိသည်။

“ပုံစံတစ်မျိုးနဲ့ သမ္မတကို ရွှေနားတော်သွင်းတာပေါ့ဗျာ။ သံချပ်ဆိုတာ ဖာဖာထေးထေး၊ ချော့ချော့မော့မော့နဲ့ အစိုးရ ရဲ့မတော်တရော်တွေကို ပြောတာပဲဗျ။ အဲဒီလို အစိုးရတင်မကဘူး။ လူတွေရဲ့ မတော်မတည့်မှုတွေကိုလည်း ကောင်းစေ ချင်တဲ့စိတ်နဲ့ သရော်ရတာပဲ” ဟု သံချပ်အပေါ် မေတ္တာက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

မေတ္တာသည် ၇ တန်းကျောင်းသားဘဝတွင် သံချပ်အဖွဲ့၌ နောက်ဖောက်အဖြစ် ပါဝင်ခဲ့ရာမှ သင်္ကြန်သံချပ်ဝေဒနာ စွဲကပ်လာပြီး နောက်နှစ် ၈ တန်း ကျောင်းသားအဖြစ်ဖြင့် သံချပ်ကို ရှေ့ကတိုင်နိုင်သည့် သံချပ်ခေါင်းဆောင်ဖြစ်ခဲ့သည်။ သံချပ်တစ်ပုဒ်ကို ကောင်းမွန်စွာ ဦးဆောင်တိုင်နိုင်ရန်မှာ စည်း… ဝါး၌ နားလည်ကျွမ်းကျင်၍ စကားပြောနှင့် သီချင်းဆိုရာတွင်လည်း အသံက ပြတ်သားကြည်လင် ရှင်းလင်းရမည်ဖြစ်သည်။ ရှေ့မှ ဦးဆောင်တိုင်ရသည့်အတွက် မျက်နှာဟန်ပန်၊ အမူအရာ ကောင်းမွန်ရမည်ဖြစ်ပြီး အသံအနိမ့်အမြင့်၊ အတက်အကျများကို လိုသလိုသုံးနိုင်ရမည်ဖြစ်သည်။

ထိုစဉ်က သံချပ်ရေးဖွဲ့သူများမှာ ကဗျာဆရာ သဲမှုန်နီ၊ အောင်သက်ထွေး၊ အောင်ဇော်ထွေး၊ ကိုသိန်းအောင်တို့ဖြစ်ပြီး ယင်းတို့၏ ဝန်ထမ်းဘဝ ခံစားမှုများကို ရေးဖွဲ့ခဲ့ကြခြင်းဖြစ်သည်။

သံချပ်ရေးသားသူတစ်ဦး ဖြစ်ချင်ခဲ့သော မေတ္တာသည် စာပေဖတ်ရှုလေ့လာခြင်းကို အားပြု၍ တိုင်းပြည်တွင် လတ်တလော ဖြစ်ပျက်နေသည့် သတင်းအချက်အလက်များကို စုဆောင်းသိုမှီးထားပြီး သံချပ်အဖြစ် ဖန်တီးကာ ကိုယ်တိုင်ဦးဆောင်တိုင် နိုင်သော သင်္ကြန်မင်းသားတစ်ယောက်ဖြစ်ရန် ကြိုးစားခဲ့ရသည်။

“သင်္ကြန်သမားဆိုတာ ရပ်ကွက်ထဲကလူတွေဗျ။ ၁၂ လရာသီပွဲတွေထဲက သင်္ကြန်မှာပဲ သံချပ်ထိုးကြတယ်။ နှစ်သစ်ကူးချိန် သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက်၊ သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ၊ ပြည်သူ့ဒုက္ခတွေအားလုံးကို ကိုယ်စားပြုပြီး ရေးသားကြရာကနေ သံချပ်ပြိုင်ပွဲတွေ ဖြစ်လာတာ” ဟု သင်္ကြန်နှင့်သံချပ် ဆက်စပ်ပုံကို ပြောသည်။

၁၉၈၈ မတိုင်မီက သင်္ကြန်အလှပြကားများနှင့် ရေပက်ခံကားများ ဆုံမိတိုင်း နို့ဆီခွက်ဟု လှောင်ပြောင်အော်ဟစ်ခံခဲ့ရသည်။

“ဘယ်လောက်အော်အော် နို့ဆီခွက်ပဲရမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အဲဒီခေတ်က လက်ဖက်ရည်ကို ချိုင့်နဲ့ ရိုးရိုးဝယ်ရင် ပြား ၃၀၊ နို့ဆီဘူးနဲ့ ထည့်ပေး လိုက်တဲ့ လက်ဖက်ရည်ဆို ၃၅ ပြား ပေးရတယ်။ သောက်တော့လည်း ဒီနို့ဆီ ဘူးနဲ့သောက်တာပေါ့။ ကျန်တာလည်း နို့ဆီခွက်ပဲကျန်တော့ အဲဒီလို နောက်ပြောင်ခံရတယ်” ဟု သံချပ်အဖွဲ့များသည် သင်္ကြန်အချိန်နီးသည်နှင့် ငွေကုန်၊ လူပန်းခံ၍ အားစိုက်အင်စိုက် လုပ်ကြသော်လည်း မည်သည့်ငွေကြေး အကျိုးအမြတ်မျှ မရပုံကိုလှောင်ပြောင်ခံ ခဲ့ရကြောင်း ပြောပါသည်။

သင်္ကြန်တွင် အလှပြကားများ ဆင်ယင်၍ ဝါသနာအရ လုပ်ကိုင်ခဲ့ကြသော်လည်း ရရှိသည့် အကျိုးအမြတ်မှာ ဆုတံဆိပ်မှလွဲ၍ ဘာမျှမျှော်လင့်စရာမရှိပေ။ သို့သော် သင်္ကြန်နားနီးလျှင် သင်္ကြန်ပိုးထကာ အလှပြကားထွက်နိုင်ရေးအတွက် အိမ်ဂရန်ပေါင်သူ၊ လက်ဝတ်ရတနာပေါင်သူ၊ သူများထံမှ ပိုက်ဆံချေးငှားသူများနှင့် မြိုင်ဆိုင်လာပြန်၏။

“ပိုက်ဆံ ၂ဝ၀ဝ လောက်ချေးပြီး သင်္ကြန်ကားလုပ်ရင် ၁၈၀ဝ လောက်ပဲ ပြန်ရတယ်။ အဲဒီ ၁၈၀ဝ လောက် ပြန်ပေးနိုင်ရင် ချေးတဲ့သူကလည်း ကျေနပ်တယ်ဗျ။ သူက အလှပြကားကြီးကြည့် သဘောကျပြီး ပြန်သွားရော” ဟု သင်္ကြန်ပီတိကို ပြောသည်။

သင်္ကြန်အလှပြကားတစ်စီးသည် သံချပ်စာသားများနှင့် တင်ဆက်ရုံတင်မကဘဲ မိမိတို့ အလှပြကားများကိုလည်း တတ်စွမ်း သမျှ ပညာရပ်များဖြင့် ရုပ်ပုံများ၊ စကားလုံးများ ရေးဆွဲခြင်း၊ အလှအပများနှင့် တန်ဆာဆင်ခြင်းများဖြင့်လည်း မြင်ရသူများ နှစ်သက်ကျေနပ်အောင် တင်ဆက်ခဲ့ကြသည်။ ကားတွင် ဖန်တီးထားသော အနုပညာဒီဇိုင်း၏ အဓိပ္ပာယ်ကို ရှင်းပြ၍ ဒိုင်လူကြီးများက သဘောကျလျှင် သံချပ်အဖွဲ့များကို အမှတ်ပေးသေးသည်။

ရေပက်ခံကားများကလည်း သူတို့နှစ်သက်သော သံချပ်အလှပြကားများ ဖျော်ဖြေရာနောက်ကို တကောက်ကောက်လိုက်လံ၍ ကြည့်ရှုအားပေးလေ့ရှိသည်။

“သင်္ကြန်အကြောင်းပြောရင် အလွမ်းဆုံးနေရာက ကရဝိက်ပဲ။ အလှပြကားတွေ တစ်ညလုံးပြိုင်ကြတာ နေ့ဘက်ဆို ကန်တော်ကြီးက သစ်ပင်ရိပ်မှာနား၊ အဲဒီမှာ ချက်တဲ့သူကချက်၊ စားတဲ့သူကစား မြက်ခင်းပေါ်မှာပဲအိပ်။ တခြား အဖွဲ့တွေ ကလည်း လာနားကြတော့ အဖွဲ့တွေအချင်းချင်းလည်း စကြ၊ နောက်ကြ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ရဲ့ သံချပ်စာအုပ်တွေလဲကြနဲ့ ချစ်ခင်စည်းလုံးခဲ့ကြတာ” ဟု ငယ်ဘဝ သင်္ကြန်ကာလများဆီကို လွမ်းဆွတ်တမ်းတစွာဖြင့် ပြောပါသည်။

မေတ္တာပါဝင်သည့် ပြည်သူ့တရားရှင် အလှပြကား အဖွဲ့သားများထဲမှ တချို့သည် သင်္ကြန်သံချပ်စင်မြင့်မှ အနုပညာစင်မြင့် ထက်သို့ တက်လှမ်းနိုင်ခဲ့ကြသူများလည်း ရှိသည်။ အဆိုတော် အနိုင်၊ တေးရေး နေထွဏ်းဦး၊ ရုပ်ရှင် ထုတ်လုပ်သူ အောင်ဆွေငယ်တို့မှာ နေ့နေ့ညည အတူတွဲ၍ သံချပ်စာသားများ ဖန်တီးခဲ့ကြသူများဖြစ်သည်။

“အောင်ပွဲသစ်မှာ သင်္ကြန်အကယ်ဒမီဆိုတဲ့ဆုကို ထူးထူးခြားခြား ချီးမြှင့်တယ်။ ရုပ်ရှင်အကယ်ဒမီထက်မြင့်တယ်လို့ ပြောလို့ တောင်ရတယ်။ တစ်ဖွဲ့မှာတစ်ယောက် ဝင်ပြိုင်ခွင့်ရှိတယ်။ သူတို့စင်မြင့်မှာဖွင့်တဲ့ သီချင်းတွေက တစ်ခါမှ မကြားဖူးတဲ့ Unseen သီချင်းတွေ။ တရုတ်သီချင်း၊ ကုလားသီချင်း၊ ဗမာသီချင်း အစုံပါတယ်။ သူတို့ဖွင့်ပေးတဲ့ အပေါ်မှာ လက်တန်း တိုင်ရတာ။ ဆုရပြီးသားလူက နောက်နှစ် ထပ်ပြိုင်လို့မရဘူး။ ကျွန်တော် အဲဒီဆုရဖူးတယ်”

သင်္ကြန်မဏ္ဍပ်တကာ လှည့်ပြိုင်ခဲ့ဖူးသော မေတ္တာက ထူးခြားသော သင်္ကြန် အကယ်ဒမီဆုနှင့် ပတ်သက်၍ သူ့အတွေ့အကြုံကို ပြောပြသည်။

မေတ္တာသည် အသက် ၂၀ အရွယ် ကျောင်းသားဘဝတွင် ဦးသန့်အရေး အခင်းတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ကျခဲ့ရပြီး ထောင်ကလွတ်သော ၁၉၇၇ ခုနှစ်တွင် တက္ကသိုလ် စတင်တက်ရောက်ခဲ့ရသည်။

စီးပွားရေးတက္ကသိုလ်တွင် ပြုလုပ်သော အနုပညာအလုပ်များ၊ ကပွဲများကို သူက ဒိုင်ခံဆောင်ရွက်ခဲ့သည်။ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ညွန့်က သူ့ကို “မင်းက ကျောင်းအပေါ် မေတ္တာရှိတယ်။ အဲဒီတော့ မေတ္တာလို့ပဲ ခေါ်တော့မယ်” ဟု ဆိုရာ အမည်ရင်း ခင်မောင်လွင်မှသည် အနုပညာရှင် မေတ္တာဟူသော အမည်တစ်လုံး ဖြစ်ပေါ်လာစေမည့် အစ၏ ပထမဖြစ်တော့ သည်။

၁၉၈၀ ရုပ်/သံ စမ်းသပ်ကာလတစ်ခုကို ဖြတ်သန်းနေစဉ်က တက္ကသိုလ် ကျောင်းသားများပြုလုပ်သော မြကျွန်းသာ တက္ကသိုလ်အငြိမ့်ကို စတင်ရိုက်ကူးပြီးနောက် ဇာဂနာ၊ ပိန်ပိန်၊ စုတ်ချွန်း စသည့် လူရွှင်တော်များနှင့် တွဲဖက်ကာ မိုးနတ်သူဇာ အငြိမ့်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ထိုမှတစ်ဆင့် ဝဇီယာရုံပြဇာတ်ခေတ်တွင် ကပြခဲ့ပြီး ခိုင်မာလာနှင်းဆီဇာတ်ကားကို ရိုက်ကူးခဲ့သည်။

“အဲဒီအချိန်က ယဉ်ကျေးမှုဌာနမှာ အလုပ်လုပ်နေတာ။ ရုပ်ရှင်မင်းသား ကိုဝင်းဦးကခေါ်တော့ အလုပ်ထွက်ပြီး ခိုင်မာလာ နှင်းဆီကို ရိုက်တာပေါ့။ ဒီကားရိုက်နေရင်း သူကဆုံးသွားတယ်။ မဆုံးခင်မှာ ဘဘ ဗိုလ်ကလေးတင့်အောင်နဲ့ ဒယ်ဒီ (ဂီတလုလင်) ဦးကိုကိုတို့ဆီမှာ ကျွန်တော့်ကို အပ်နှံပေးသွားတယ်”

ဤသည်မှာ အငြိမ့်စင်မြင့်မှသည် ရုပ်ရှင်နှင့်ပြဇာတ်စင်မြင့်ဆီသို့ ရောက်ရှိခဲ့သော မေတ္တာလမ်းဖြစ်လေသည်။ ဗီဒီယိုခေတ်ဦး တွင် ဟာသသရုပ်ဆောင်အတွဲများ ပေါ်ပေါက်ခဲ့ရာ မေတ္တာ၊ ကွမ်းသီးအတွဲမှာ အထူးအောင်မြင်သည့် လူရွှင်တော် အတွဲဖြစ် သည်။ ကွမ်းသီးနှင့်တွဲခဲ့သော ပထမဆုံးခြေလှမ်းမှာ ဗိုလ်ကလေး တင့်အောင်၏ အမေ့ချွေးမလှလှလေး ပြဇာတ်တွင် အတူ တကွ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ ထို့နောက် ကွမ်းသီးနှင့်တွဲခဲ့သော မော်တာနှင့်ပန်ကာ ဗီဒီယိုဇာတ်ကားက အထူး အောင်မြင်ခဲ့သည်။

“အငြိမ့်နဲ့ မေတ္တာဖြစ်ခဲ့ပြီး ကျွန်တော့်ဆရာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်က ဘဝမျက်ရည်ဇာတ်ကားမှာ ကျွန်တော့်ကို ထည့်ရိုက် ခဲ့တယ်။ ကျွန်တော့်ဆရာတွေကြောင့် ကျွန်တော့်ဘဝက ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူခဲ့ရတာပါ” ဟု အနုပညာနယ်ပယ် မှ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကို တခုတ်တရ ပြောပြခဲ့သည်။

မေတ္တာ၏ အနုပညာခရီးတစ်လျှောက်၌ ဆူကြုံနိမ့်မြင့်များလည်း ကြုံခဲ့ရသည်ဖြစ်ရာ စကားတစ်ခွန်းကြောင့် အဆိုးလောကဓံ များလည်း ရောက်လာခဲ့ဖူးသည်။

“၁၀ တန်းပြီးရင် ကျောင်းပြီးပြီ” ဟူသော စကားတစ်ခွန်းက စစ်အစိုးရခေတ် ပညာရေးစနစ်၏ လမ်းဆုံးကို အရွှန်းဖောက် လိုက်ခြင်းဖြစ်သော်လည်း အနာပေါ်တုတ်ကျဖြစ်ကာ မေတ္တာ၏ အနုပညာလုပ်ငန်းများ ၉ နှစ်တာ ရပ်နားတားဆီးခံခဲ့ရသည်။ အနုပညာသမားတစ်ဦး၏ အသက်မွေးဝမ်းကျောင်းမှုကို အမိန့်အာဏာတစ်ရပ်ဖြင့် တားဆီးဟန့်တားနိုင်သော်လည်း ထိုအနု ပညာရှင်၏ နှလုံးသားမှ ထွက်ကျလာသော စိတ်ကူးအကြံဉာဏ်များကို တားဆီးပိတ်ပင်နိုင်သည့် အာဏာရှင်ဟူ၍ ကမ္ဘာပေါ် တွင် မပေါ်ပေါက်သေးချေ။

၁၉၉၆ သို့ရောက်သော် ရုပ်မြင်သံကြား၌ ဆိုကြမယ်၊ ပျော်ကြမယ် အစီအစဉ်ကို ပရိသတ်ရင်ထဲရောက်အောင် ဆွဲခေါ်ခဲ့သူမှာ မေတ္တာပင်ဖြစ်သည်။ ရယ်စရာသီချင်းများဖြင့် တင်ဆက်ခဲ့သော မေတ္တာ၏ပုံရိပ်နှင့် အသံများက ရုပ်မြင်သံကြား ပရိသတ် ကြားတွင် ယနေ့တိုင် ထင်ကျန်နေဆဲဖြစ်သည်။ ပရိသတ်အပေါ်ထားရှိသော မေတ္တာ၏ မေတ္တာတစ်ရပ်မှာ”လူတွေကို မေတ္တာ ထားပြီး ပြုံးပြတယ်။ သူပြန်ပြုံးလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ။ မေတ္တာထားပြီးရင် ဥပေက္ခာပြုတယ်”

ဝ၆၇

Leave a Reply

Your email address will not be published. Required fields are marked *