တတိယအကြိမ် ဧရာဝတီစာပေပွဲတော် မန္တလေးတောင်ခြေတွင် မတ်လကုန်ပိုင်း၌ ကျင်းပမည်

မန္တလေး၊ မတ် ၁၄

တတိယအကြိမ် နိုင်ငံတကာ ဧရာဝတီစာပေပွဲတော်ကို မတ်လ ၂၈ ရက် မှ ၃၀ ရက်အထိ မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပစာပေပညာရှင် (၁၀ဝ) ကျော် တက်ရောက်မည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“နိုင်ငံတကာက ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေ၊ ရန်ကုန်၊ မန္တလေးနဲ့ အထက်မြန်မာပြည်က စာပေပညာရှင်တွေ တက်ရောက်ကြမှာပါ။ စာတမ်းဖတ်ဖို့ စာရင်းပေးထားပြီးသူတွေလည်း ရှိပါတယ်။ နောက်ထပ်စာတမ်းဖတ်မယ့် ဆရာ၊ ဆရာမတွေအနေနဲ့လည်း မတ်လ ၁၈ ရက် နောက်ဆုံးထားပြီး စာရင်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ စီစဉ်ချိန်ရက် နည်းပေမယ့် စည်စည်ကားကားဖြစ်ဖို့ ကြိုးစားနေပါတယ်” ဟု ဧရာဝတီစာပေပွဲတော် (မန္တလေး) ဖြစ်မြောက်ရေးကော်မတီ ဝင် စာရေးဆရာတစ်ဦးကပြောသည်။

စာတမ်းဖတ်ပွဲအပြင် ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံပြခန်းများလည်း ပါဝင်မည်ဖြစ်သလို စာအုပ်ဈေးရောင်းပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်ပစာရေးဆရာ ၂၇ ယောက်၊ ပြည်တွင်းကဆိုရင် ရန်ကုန်က စာရေးဆရာ ၁၆ ယောက်နဲ့ စာရေးဆရာမ ၁၆ ယောက် တက်မယ်လို့ လတ်တလော စာရင်းပေးထားတယ်။ အထက်မြန်မာပြည်အနေနဲ့ကတော့ မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ တံတားဦး၊ အင်းဝအစရှိသဖြင့်ပေါ့။ စာရေး ဆရာ၊ စာရေးဆရာမ အယောက် (၆၀)လောက်တက်ကြမယ်။ ဒီအထဲကမှ တချို့ကဖတ်မယ့် စာတမ်းတွေ ပို့ထားပြီးပြီ။ နောက်ထပ်ပို့လာမယ့် စာတမ်းတွေနဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီး သတင်းထုတ်ပြန်ပေးသွားပါမယ်”ဟု ယင်းက ဆက်လက်ပြောသည်။

စာတမ်းဖတ်ပွဲတွင် ဝတ္ထုတိုစာ တမ်း၊ ရသစာတမ်း၊ ကဗျာစာတမ်း၊ ပန်းချီစာတမ်း၊ သမိုင်းစာတမ်းနှင့် ယဉ်ကျေးမှုစာတမ်း များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပမည့် တတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့၊ မန္တလေးတောင်ခြေ အနီးရှိ Mandalay Hill Resort Hotel ၌ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မတ်လ ၂၈ ရက် နံနက် ၁၀ နာရီတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ရာ မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဝ၀၉

Leave a Reply

Your email address will not be published.